The Blog

ရိုဟင်ဂျာဘာသာစကားနဲ့ ပျောက်ကွယ်မှုအန္တရာယ်

လူထုဝဏ္ဏ ရေးသည်။

ကမ္ဘာပေါ်တွင် ဘာသာစကားမရှိတဲ့ လူမျိုးဟူ၍ မရှိပေ။ ဘာသာစကားဟာ အချင်းချင်း ဆက်သွယ်ရေးအတွက် ကြားခံနယ်ဖြစ်တယ်။ လူမျိုးတစ်မျိုးနဲ့တစ်မျိုး ခွဲခြားသတ်မှတ်ရာတွင် ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတို့ဟာ ပင်မတိုင်တွေဖြစ်တယ်။ ဘာသာစကားဟာ လူမျိုးတစ်မျိုး ရေရှည်တည်တံနိုင်ရေးအတွက် အသက်သွေးဖြစ်တယ်။ ကမ္ဘာဦး လူသားကစ၍ ယနေ့အထိ လူတို့သည် ဘာသာစကားများကို ပတ်ဝန်ကျင်းနဲ့လျော်စွာ ဖန်တီးပြောဆိုကြတယ်။ ရှေးဦး ဘာသာစကားတွေဟာ အချိန်ကာလကြာညောင်းမှု၊ ထိန်းသိမ်းမှု အားလျော့မှုကြောင့် ပျောက်ကွယ်ခံရလေ့ရှိတတ်တယ်။ အဲ့ဒီလို ပျောက်ကွယ်ခံရတဲ့ ဘာသာစကားပေါင်းများစွာရှိတယ်။ သမိုင်းမှတ်တမ်းတင်နိုင်ခဲ့တဲ့ ဘာသာစကားတွေရှိသလို သမိုင်းမှတ်တမ်း မတင်နိုင်ခဲ့တဲ့ ဘာသာစကားလဲရှိနိုင်တယ်။ အများသိတဲ့ သာဓကပြရမယ်ဆိုရင် ပါဠိဘာသာစကားဖြစ်တယ်။ ဗုဒ္ဓသာသနာရဲ့ စာပေကျမ်းဂန်တွေကို ရေးသားခဲ့တဲ့ ပါဠိဘာသာစကားဟာ တစ်ချိန်က အတော်ကိုခေတ်စားထင်ရှားခဲ့တဲ့ ဘာသာစကားဖြစ်တယ်။ အိန္ဒိယနယ်တစ်ဝိုက် ပါဠိဘာသာစကားမှ တခြားဘာသာစကားသို့ တိုက်ရိုက် ဒါမှမဟုတ် အသွင်ကူးပြောင်းလာတဲ့ စကားလုံးတွေ ယနေ့ထက်ထိ ပုံလိုက်အုပ်လိုက်ရှိနေဆဲ။ ဒါပေမဲ့ ကံမကောင်းအားလျော်စွာ ပါဠိဘာသာစကားဟာ ဘာသာစကားသေအဖြစ် သတ်မှတ်ခြင်းခံရတယ်။ ဗုဒ္ဓသာသနာ့စာပေ လေ့လာမှုမှအပ တခြား ဘယ်နေရာမှသုံးနှုန်းပြောဆိုခြင်း မပြုကြတော့ပေ။ ပြောဆိုသူမရှိတော့ချေ။ ဝမ်းနည်းစရာ။ ဘယ်လိုပင် အားကောင်း ခေတ်စားခဲ့တဲ့ ဘာသာစကားပင်ဖြစ်စေ၊ ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်မှုမပြုပါက ပျောက်ကွယ်သွားလေ့ရှိတတ်တယ်။ တချို့ဘာသာဆို စာပေတောင် မရှိတော့ဘူး။ တူးဖော်ရရှိတဲ့ ကျောက်စာ၊ အုတ်ခွက်စာ တွေ တစ်ချက်နှစ်ချက်လောက်သာ ရှိတော့တယ်။ ရေကန်တစ်ကန်ဟာ ဘယ်လောက်ပင် ကြီးတာဖြစ်စေ ထိန်းသိမ်းစောင့်ရှောက်မှုမရှိရင် တနေ့နေ့ တိမ်ကောသွားမှာပဲ။ မုချ။
ဘာသာစကားဟာ အစက တစ်ပုံစံတည်းပဲ ဦးခေါင်းထောင်လာတာဖြစ်တယ်။ နောက်ပိုင်းကာလကြာလာတော့ ထွန်းကားတဲ့ လမ်းနှစ်သွယ် ဖြစ်လာတော့တယ်။ ပြောစကားနဲ့ စာပေအရေးအသား ပေါ့။ တစ်ပုံစံတည်းရှိခဲ့တဲ့စကားဟာ ဒီလိုဘာကြောင့် ဖြစ်သွားရသလဲ။ အဖြေက နှုတ်ပြောစကားကြောင့်ပါ။ ပြောစကားဟာ အပြောင်းအလဲမြန်တယ်။ ဒေသတစ်ခုနဲ့ တစ်ခု၊ အချိန်ကာလတစ်ခုနဲ့တစ်ခု နဲနဲခြားရင်တောင် ဘာသာစကား ကွဲပြားသွားတတ်တယ်။ အချိန်ကာလကြာလေ ဘာသာစကားက ပြောင်းလဲလာလေ။ ဒီလိုနဲ့ အသွင်သစ်တစ်ခုကို ပိုင်ဆိုင်လာတတ်တယ်။ အရေးအသားဟာ မပြောင်းလဲတာတော့ မဟုတ်ဘူး။ အပြောင်းအလဲ သိပ်ကိုနှေးကွေးတာပဲ ဖြစ်တယ်။ စာပေ ခိုင်မာလို့ ပြောဆိုသူအင်အားကောင်းတဲ့ ဘာသာစကားဟာ ရေရှည်တည်တံ့ဖို့ အလားအလာ ရာခိုင်နှုန်းများတယ်။ ဒီတော့ တသမတ် ထိန်းသိမ်းဖို့ အင်မတန် ခက်တဲ့ အပြောစကားကို စာပေနဲ့ အကွပ်ရိုက် ထိန်းရတယ်။ ဘာသာစကားတစ်ခုရဲ့ ကျောရိုးဟာ စာပေလို့ မှတ်ယူနိုင်တယ်။
ဘာသာစကားတစ်ခု ပျောက်ကွယ်သွားနိုင်တဲ့အန္တရာယ်တွေက ဘာလဲ။ ဘာသာဗေဒပညာရှင်တွေရဲ့ လေ့လာချက်အရ သက်ဆိုင်ရာလူမျိုးများ ပြောင်းရွှေ့နေထိုင်ခြင်း ဒါမှမဟုတ် တခြားလူမျိုးများ အဲ့ဒီလူမျိုးထံ ပြောင်းရွှေ့လာခြင်း၊ စာပေအားနည်းခြင်း၊ ပတ်ဝန်းကျင်မှ တခြားဘာသာစကားများ အတားအဆီးမရှိ စီးဝင်လာခြင်း၊ ပြောဆိုရ အဆင်မပြေခြင်း၊ အဲ့ဒီစကားပြောဆိုတဲ့လူမျိုး လုံးဝပျက်သုဉ်းသွားခြင်း စတဲ့ အကြောင်းအရင်းတွကြောင့် ဖြစ်ပါတယ်။ ဒါနဲ့ “ရိုဟင်ဂျာ ဘာသာစကားနဲ့ ပျောက်ကွယ်မှုအန္တရာယ်”ကို လေ့လာကြရအောင်။
အာရဗီ-အာရီယန်မှ အာသံမျိုးရိုးဝင်ဖြစ်တဲ့ ရိုဟင်ဂျာဘာသာစကားဟာ ၇ ရာစု အစကတည်းက အထင်အရှား ပြောဆိုသုံးနှုန်းလာခဲ့တာ သမိုင်းသက်သေ ထင်ထင်ရှားရှား ရှိနေပါတယ်။ အနန္ဒစနြ္ဒာကျောက်စာပေါ့။ စာပေအရေးအသားမှာလည်း ထိုခေတ်ကပင် တောက်တောက်ပြောင် ကောင်းမွန်ခဲ့ကြောင်း ကျောက်စာတွေကို လေ့လာခြင်းဖြင့် သိနိုင်ပါတယ်။ ယုံမှားစရာ လုံးဝမဟုတ်ပါ။ ဘာသာစကားတစ်ခုရဲ့ အင်္ဂါရပ်အားလုံးလဲ ကြွယ်ကြွယ်ဝဝ ခန့်ခန့်ညားညား ပြည့်စုံခဲ့ပါတယ်။ အဲ့လို ခိုင်မာခဲ့တာမို့ ဟိုးပဝေသဏီကပင် ကျနော်တို့အထိ လက်ဆင့်ကမ်း ရောက်လာခဲ့ခြင်းဖြစ်တယ်။ ဒီဘာသာစကားဟာ အာသံနဲ့ စစ်တကောင်း ဘာသာစကားနဲ့ အနီးစပ်ဆုံးဖြစ်တယ်။ ဒါပေမဲ့ ဒီသာသာစကား မကျွမ်းကျင်သူတွေက အပေါ်ယံကြားရုံနဲ့ တစ်ပုံစံတည်း၊ တစ်မျိုးတည်း ထင်ရရင်လဲ သေသေချာ လေ့လာမယ်ဆို ခြားနားတာတော့ အများကြီး တွေ့ရမှာဖြစ်တယ်။ အူရ်ဒူနဲ့ ဟိန္ဒီ၊ တရုတ်နဲ့ ကိုရိယား ဘာသာစကားတွေ ခြားနားသလိုပေါ့။

နှစ်ပေါင်း ၁၀၀၀ ကျော် ခရီးနှင်လာခဲ့တဲ့ ရိုဟင်ဂျာဘာသာစကားဟာ တိုက်စားမှု များစွာခံခဲ့ရတယ်။ တို့ဘာသာစကား တိုးတက်မှုရဲ့ ဂရပ်ဆွဲပြမယ်ဆိုရင် “ဂငယ်” ပုံစံရလာမယ်။ တဖြေးဖြေးအားကောင်းလာခဲ့တဲ့ ဘာသာစကားဟာ အချိန်ကာလတစ်ခုမှာ အထိပ်အထိပ်ရောက်ခဲ့တယ်။ ပြီးတော့ တစ်လှည့်ပြန် ဆုတ်ယုတ်လာတာ တွေ့ရပါမယ်။ ဒီလိုဆုံးရှုံးခံရခြင်းရဲ့ အကြောင်းရင်းတွေက အမျိုးမျိုးရှိတယ်။ အဲ့ဒီထဲက အဓိက ပြဿနာတစ်ခုက ဒေသိယအခြေအနေပဲလို့ ဝမ်းနည်းစွာ ပြောရပါမယ်။ ကိုလိုနီဦးခေတ်မှ ယနေ့အထိ ပဋိပက္ခနဲ့ မကင်းတဲ့ ရခိုင်ပြည်နယ်မှာ အတိနာခဲ့တာက ရိုဟင်ဂျာ ဘာသာစကားပဲဖြစ်တယ်။ စာပေလည်း ဆုံးရှုံးခံလိုက်ရတယ်။ ဘာသာစကားလည်း ရောနှောသမခံခဲ့ရလေတယ်။ ကိုလိုနီဗြိတိသျှရဲ့ ခွဲခြားရေးမူဝါဒနဲ့ အုပ်ချုပ်ရေး သားကောင် ဖြစ်ခဲ့ရာမှ စာပေမှာ ထိပ်ကနေပြေးခဲ့တဲ့ ရိုဟင်ဂျာတွေဟာ နောက်ဆုံး ကလောင်မဲ့ဘဝထိတောင် ရောက်ခဲ့ဖူးလေတယ်။ အင်မတန် ယူကျုံးမရတဲ့ဖြစ်အင်တဲ့။
ရှေးကနေ ဒေသအလိုက်၊ အချိန်အကာလအလိုက် ရိုဟင်ဂျာဘာသာစကားဟာ ပြောင်းလဲလာခဲ့တာတော့ ရှိတယ်။ ခေတ်တစ်ခုနဲ့တစ်ခု အသုံးအနှုန်းခြားနားတာလဲ ရှိတယ်။ ယနေ့ဆို ရိုစကားရဲ့ ဒေသိယစကားမူခွဲ ၁၀ မျိုးဝန်းကျင်းကွဲနေတယ်။ ဒါက ဖြစ်ရိုးမြဲသဘာဝတစ်ခုပါပဲ။ ဒါပေမဲ့ အဆမတန် ပျက်စီးလာခဲ့တာက ကိုလိုနီခေတ်ကနေ စခဲ့တယ်လို့ ဆိုရပါမယ်။ ဒီလိုဖြစ်ရခြင်းက မကြာခဏ ပြောင်းရွေ့နေထိုင်ခြင်း၊ မိမိတို့ရဲ့ စာပေဘာသာစကား ယဉ်ကျေးမှုထက် နယ်ချဲ့တို့နဲ့ ပါလာတဲ့ စာပေယဉ်ကျေးမှုတွေကို ဂုဏ်ထူးဂုဏ်မြတ်ယူဆကာ ဦးစားပေးလာခြင်းဖြစ်တယ်။ အပြောအဆိုကအစ အနေအထိုင်၊ ဝတ်စားဆင်ယင်မှုအထိ နယ်ချဲ့တို့ကို အတုယူလာခဲ့ကြကုန်တယ်။ အားကျလာကြကုန်တယ်။ အင်္ဂလိပ် ဘာသာစကားမှ ဝေါဟာရတွေ တဆိတ်ဆိတ်နဲ့ စီးဝင်လာခဲ့တယ်။ တစ်ဖက်က ခေတ်မီလိုတဲ့ဇောနဲ့ နယ်ချဲ့တွေကို အတုခိုးကြ၊ နောက်တစ်ဖက်က မိမိတို့ရဲ့ အမြူတေရတနာဖြစ်တဲ့ ဘာသာစာပေ၊ ယဉ်ကျေးမှုတွေ ဖြေးဖြေးနဲ့ တိုက်စားသွားလေတော့တယ်။
ရိုဟင်ဂျာတွေဟာ နယ်ချဲ့ဗမာခေတ်မှစလို့ မကြာခဏ စစ်ရေးမက်ရေးနဲ့ မနားနိုင်အောင် ကြုံခဲ့ရတာကြောင့် အသက်ဘေးကို ကာကွယ်ရင်း တခြားအရာတွေကို စိုက်စိုက်မတ်မတ် အချိန်ပေးနိုင်ခြင်းမရှိပေ။ ကိုလိုနီခေတ်မှာဆို ပိုဆိုးဝါးလာတယ်။ ကမ္ဘာစစ်ကြီးများ၊ တော်လှန်ရေးတိုက်ပွဲများ၊ လူမျိုးရေးပဋိပက္ခများ တစ်ခုပြီးတစ်ခု ထိပ်တိုက်ရင်ဆိုင်လာရတဲ့ လူမျိုးတွေမှာ အဖက်ဖက်က မှေးမှိန်ခဲ့ရတာတော့ စောဒကတက်စရာမလိုပေ။
နောက်တစ်ချပ်က ယနေ့အထိ ကြုံလာနေတဲ့ ဒုက္ခသည်ပြဿနာ ဖြစ်တယ်။ ပဋိပက္ခ ခေါင်းထောင်လာလေ၊ ပြောင်းရွေ့နေထိုင်ရမှု ပြဿနာက ပေါ်လာလေ။ ရိုဟင်ဂျာတွေဟာ စက်ရေးမက်ရေး ပဋိပက္ခကြောင့် တခြားဒေသ ဒါမှမဟုတ် ဒေသတွင်းပြောင်းရွေ့နေထိုင်မှုကို မကြာခဏ ကြုံတွေ့ခဲ့ရတယ်။ ဒါ့အပြင် ကိုလိုနီခေတ်နောက်ပိုင်းတွင် ၁၉၄၂ ခုနှစ် လူမျိုးရေးပဋ္ဋိပက္ခကြောင့် တဖက်အိမ်နီးချင်း အိန္ဒိယနိုင်ငံသို့ ခိုလှုံခဲ့ရတယ်။ အဲ့ဒီ ဒုက္ခသည်တွေဟာ အမိမြေသို့ ပြန်လာခဲ့တာ ဆယ်စုနှစ် တစ်ခုလောက်ကြာခဲ့တယ်။ အဲ့လိုပြန်လာတဲ့အခါမှာလည်း တစ်ချို့က ရောက်တဲ့နေရာမှာ နေသာကျသွားလို့ ပြန်မလာတော့ဘူး။ ရောက်လာတဲ့သူတွေနဲ့အတူလဲ အဲဒီနိုင်ငံဖက်က ဘာသာစကား၊ အယူအဆ၊ အတွေးအခေါ်၊ ယဉ်ကျေးမှု အချို့လည်း မသိမသာ ကပ်ပါလာခဲ့တယ်။ တစ်ခါပြန် ၁၉၇၈ ခု လူမဆန်တဲ့ နဂါးမင်းစစ်ဆင်ရေးကြောင့် ထွက်ပြေးရပြန်တယ်။ ဒီတစ်ခါ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ပေါ်လာပြီ။ အဲ့ဒီနိုင်ငံသို့ သွားခိုလှုံရတယ်။ ဗမာပြည်က ပြန်ခေါ်လာတာမှာလည်း ၃-၄ နှစ်ကြာသွားတယ်။ သူတို့နဲ့အတူ အဲ့ဒီဒေသက ဘာသာစကား ဝေါဟာရတွေ၊ ဓလေ့ထုံးစံတွေ ပါလာခဲ့တယ်။ ဒီတော့ ရှေးက “သက္ကတ၊ အာရဗီ၊ ပါရှင်” လွှမ်းမိုးထားတဲ့ ရိုဟင်ဂျာဘာသာစကားဟာ “ဘင်္ဂါလီ၊ အူရ်ဒူ၊ အင်္ဂလိပ်” လွမ်းမိုးမှု အားသန်လာတော့ တယ်။ စစ်တကောင်သား လေယူလေသိမ်းတွေ နေရာယူလာခဲ့တယ်။ ပြီးတော့ ဘင်္ဂါလီစကား အသုံးအနှုန်းတွေလည်း ရောနှောလာခဲ့တယ်။ ဒီလိုနဲ့ ရိုဟင်ဂျာဘာသာစကားဟာ ယခင်ထက်ပို၍ ပျော့ပျက်လာလေတယ်။
ဒါနဲ့မပြီးသေး။ ၁၉၉၂ ခုမှာ အာဏာရှင် နဝတအစိုးရကြောင့် ပြန်တစ်ခါ ထွက်ပြေးရတယ်။ တစ်ဝက်လောက် ပြန်ခေါ်တာမှာ ၃ နှစ်လောက်ကြာသွားတယ်။ ကျန်တစ်ဝက် ယနေ့ထက်ထိ ဒုက္ခသည်အဖြစ် ဘင်္ဂလားဒေ့ရ်ှမှာ ရှိနေဆဲ။ ကြားကာလမှာ ကမ္ဘာတစ်ဝန်းထွက်ပြေး ခိုလှုံကြတာတော့ ဒုနဲ့ဒေးနဲ့ပဲ။ ပြန်တစ်တခါ ၂၀၁၂ မှာ ရခိုင်ပြည်တောင်ပိုင်းရှိ ရိုဟင်ဂျာတွေကို ရှင်းလင်းသုတ်သင်ပစ်ရန် အကွက်ဆင် ပြဿနာဖန်တီးပြီးတော့ ရက်ရက်စက်စက် သတ်ဖြတ်မှုကြောင့် ကိုးရာမဲ့ရိုဟင်ဂျာတွေဟာ ရရာလမ်းကြောင်းမှ အသက်ကယ်ထွက်ပြေးရပြန်တယ်။ ယနေ့ အဲ့ဒီဖက်မှာ ရိုဟင်ဂျာရွာတွေ မရှိသလောက် ရှင်းလင်းလိုက်ပြီ။ တဖန် ၂၀၁၆-၂၀၁၇ မှာ ရခိုင်ပြည်မြောက်ပိုင်းကို ရှင်းလင်းနှင်ထုတ်လိုက်လေတယ်။ ယနေ့ လူပေါင်း ၁၀ သိန်း ၁၂ သိန်းလောက် ပြည်ပဒုက္ခသည်ဘဝ ရောက်နေတယ်။ ပြည်တွင်းမှာလည်း ၅ သိန်းလောက် ဒုက္ခသည်ဘဝကနေ မလွှတ်နိုင်သေးဘူး။

လူပေါင်း ၁၀ သိန်းကျော် ဘင်္ဂါလားမှာ ခိုလှုံနေရတာ ယနေ့ဆို သုံးနှစ်ကျော်နေပါပြီ။ တစ်နှစ်မှာ မွေးဖွားနှုန်း ၁ သိန်းနှုန်းနဲ့ ဆိုရင် ၃ သိန်းလောက် တိုးပွားလာတာ ရှိနိုင်တယ်။ ပြီးတော့ အရင်က ကျန်သေးတဲ့ ဒုက္ခသည်တွေ စုစုပေါင်းရင် ၁၅ သိန်းလောက် ဖြစ်မှာပေါ့။ ဒါ့အပြင် တခြားနိုင်ငံတွေမှာ အသက်ကယ်ခိုလှုံနေတဲ့ ရိုဟင်ဂျာလည်း ၁၀ သိန်းနီးပါးရှိမယ်။ ဒီနေရာမှာ အဲ့ဒီလူတွေရဲ့ စားဝတ်နေရေး အခက်အခဲတွေအပ တခြားအရေးကြီးတဲ့ ပြဿနာတစ်ခုက မိခင်ဘာသာစကားထိပါးခြင်းပါပဲ။ ဘင်္ဂလားမှာဆိုရင် ဘင်္ဂလီလူမျိုး အသိုင်းအဝိုင်းနဲ့ ၃-၄ နှစ် လုံးလုံး ရောနှော နေထိုင်လာရတဲ့အခါ ယခင်ကပင် အားပျော့နေတဲ့ ဘာသာစကားဟာ ဆိုးဆိုးဝါးဝါး ပျက်စီးသွားနိုင်တယ်။ ဘာသာစကားပပျောက်သွားမယ်ဆိုရင် လူမျိုးရေရှည်တည်တံ့ဖို့ မလွယ်ဘူး။ ကျနော်တို့ ပြည်တွင်းမှာလဲ မိခင်ဘာသာစကားကို လက်လွတ်ဆုံးရှုံးလို့ တစ်ဖက်သား ဘာသာစကားကို မွေးစားလက်ခံထားရတဲ့ လူမျိုးတွေရှိတယ်။ ဘာသာစကားပြောင်းလေတော့ လူမျိုးလဲပြောင်းလေတော့တယ်။ လူမျိုးပြောင်းတော့ ယဉ်ကျေးမှု ဓလေ့ ထုံးစံတွေလည်း ဆုံးရှုံးရတယ်။ ရာဇဝင်သမိုင်းကြောင်းအရ တစ်မျိုးတည်းဖြစ်ပါလျက် “ငါတို့နဲ့ မင်းတို့နဲ့ မတူဘူး”လို့ ပြောနေရသေးတယ်။ (အဲ့ဒီလူမျိုးတွေရဲ့ နာမည်တော့ မပြောတော့ဘူး။ ကိုယ်ဘာသာကိုယ် လေ့လာကြည့်ပါ။ တွေ့သွားလိမ့်မယ်။) ဒီလိုမျိုးအခြေအနေ မရောက်အောင် မိခင်ဘာသာစကားကို ကြိုတင်ကာကွယ်ထိန်းသိမ်းရမယ်။ ရိုဟင်ဂျာ မိခင်ဘာသာစကားဟာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်ခြင်းမှ ထိန်းသိမ်းရမယ့် အချိန်လွန်နေပါပြီ။ ဖြေးဖြေးနဲ့ လျှောက်သွားနေလို့မရတော့ဘူး။ လေယျဉ်ပျံအလျင်နဲ့ သွားမှဖြစ်မယ်။ တဖက်က ပုဇွန်ဦးနှောက်နဲ့ မိစ္ဆာရန်သူတွေက ကျွန်ုပ်တို့ရဲ့ အားနည်းချက်တွေကို အလိုက်ချောင် အပိုင်ထိုးနေတဲ့ချိန်မှာ ဒီဘာသာစကားပြဿနာက ရေနစ်သူကို ဝါးကူထိုးသလို ကျလိမ့်မယ်။ အချိန်မီကာကွယ်သင့်တယ်။
ဒုက္ခသည်တွေရဲ့ အခြေအနေကို စောင့်ဆိုင်းလေ့လာနေတဲ့ သူတွေရဲ့ အဆိုအရ ရိုဟင်ဂျာဒုက္ခသည်တွေဟာ သူတို့ရဲ့ မိခင် ဘာသာစကား ဆုံးရှုံးမှုကပ်နဲ့ ကြုံနေပြီလို့ သုံးသပ်နေကြတယ်။ The financial Express ရဲ့ အယ်ဒီတာ Parvez Uddin Chowdhury ကလည်း Rohingya refugees losing originality of their dialect (ရိုဟင်ဂျာတွေဟာ မူရင်းဘာသာစကားကို ဆုံးရှုံးနေတယ်) လို့ ခေါင်းစဉ်နဲ့ ဧပြီ ၁၃ ရက်၊ ၂၀၂၁ ခုတွင် သုံးသပ်တင်ပြခဲ့တာ ဖတ်ဖူးမှာပါ။ ဆိုရှယ်မီဒီယာပေါ်မှာလည်း ဒုက္ခသည်တွေရဲ့ အပြောအဆိုအသုံးအနှုန်းတွေဟာ ဘင်္ဂလီစကား အားသန်နေတာ၊ ဝတ်စားဆင်ယင်မှုမှအစ အဆိုအက၊ အတီးအမှုတ်တွေမှာလည်း ဘင်္ဂါလီယဉ်ကျေးမှု ဒလဟောစီးဝင်နေရာယူနေတာကို တွေ့နေရပါ တယ်။ ဒါက ရိုဟင်ဂျာတွေအတွက် မဟာဆုံးရှုံးမှုလို့ ဆိုရပါမယ်။ ကျနော်တို့ ရိုဟင်ဂျာတွေဟာ တစ်ဖက်နိုင်ငံတွေမှာ နောက်ထပ် ဆယ်စုနှစ်တစ်ခုနှစ်ခုလောက် ဒုက္ခသည်အဖြစ်နေရရင် မိမိတို့ဘိုးဘွားဘီဘင်ကနေ လက်ဆင့်ကမ်းရထားတဲ့ မိခင်ဘာသာစကားကို လုံးဝပပျောက်ဆုံးရှုံးသွားနိုင်တယ်။ အင်မတန် ဝမ်းနည်းစရာပင်။ လူမျိုးတုံးသတ်ဖြတ်မှုခံခဲ့ရပြီး လက်တစ်ဆုပ်စာလောက် ကျန်နေတဲ့ ရိုဟင်ဂျာလူမျိုးဟာ ပြည်တွင်းထက် ပြည်ပမှာ ၆-၇ ဆ ပိုရောက်သွားတယ်။ ပြည်ပမှာ ရှိနေတဲ့ အများစုက မိခင်ဘာသာစကားကို ပျက်စီးလိုက်မယ်ဆိုရင် ပြည်တွင်းမှာရှိနေတဲ့ အနည်းစု ကာကွယ်နိုင်မှာမဟုတ်ဘူး။ မိခင်ဘာသာစကားလည်း ဆုံးရှုံးသွားမယ်ဆိုရင် ဘာတစ်ခုမှ ကျန်တော့မှာ မဟုတ်ဘူး။
အဲ့ဒါကြောင့် မိခင်ဘာသာစကားကို စောင့်ရှောက်ဖို့က လူမျိုးတစ်စုလုံးရဲ့တာဝန်ဖြစ်တယ်။ လူတစ်ဦးချင်း မသေမီအချိန်ကာလအတွင်း မဖြစ်မနေ သယ်ပို့ရမယ့်တာဝန်ဖြစ်တယ်။ “သင်သွေားသော်၊ သင်၏မျိုးသား၊ စာစကားလည်း၊ ကြီးပွားတက်မြင့် ကျန်ကောင်းသင့်၏” လို့ ဆရာဇော်ဂျီက ကဗျာအဖွဲ့နဲ့ လမ်းညွှန်ဆုံးမခဲ့တာကို နှလုံးသွင်း၍ အမျိုးဂုဏ်ဇာတိဂုဏ်ကို ထိန်းသိမ်းကြပါ။။ အထူးသဖြင့် ပြည်ပတွင် အကြောင်းအမျိုးမျိုးကြောင့် ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေဟာ မိမိတို့မိခင်ဘာသာစကားကို ဂုဏ်ယူစွာ ပြောဆိုကြပါ။ မျိုးဆက်သစ်တွေကိုလည်း တခြားဘာသာစကား သင်စေမယ့်အရင် မိခင်ဘာသာစကားကို ပီပီသသ သင်ပေးကြပါ။ မိမိ မိခင်ဘာသာစကားရဲ့ ဂုဏ်မြင့်ပုံကို နားချပါ။ မိမိ ရောက်ရှိရာဒေသရဲ့ ဘာသာစကားကို အကြောင်းအားလျော်စွာ သင်ယူရရင်လဲ မိမိတို့ရဲ့ မိခင်ဘာသာစကားကို မမေ့ပစ်ပါနဲ့။ တခြားဘာသာစကားနဲ့ ရောနှောပြောဆိုခြင်းကို ရှောင်ရှားပါ။ စာပေအရေးအသားဖက်ကို အရေးတယူကိုင်တွယ်ဆောင်ရွက်ကြပါ။ ရှေးဟောင်းစာပေတွေကို တတ်နိုင်သလောက် ဖော်ထုတ်ကြပါ။ ဤနည်းဖြင့် အမိဘာသာစကားကို ဝိုင်းဝန်း စောင့်ရှောက်ထိန်းသိမ်းကာကွယ်ကြပါစို့။ ကမ္ဘာတည်သရွေ့ ရိုဟင်ဂျာလူမျိုးနဲ့ ရိုဟင်ဂျာဘာသာစကား တည်တံ့ပါစေ။

 

၁(၈ – ၅ – ၂၀၂၁)
https://rohangking.blogspot.com/2021/05/rohingyamotherlanguage.html?m=1

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website