The Blog

 

အတိတ်က ကြောက်မက်ဖွယ်ရာ သောကြာနေ့

 

ရေးသား- Zendaya Win

 

မနက် ၇ နာရီ … ဇင်ဇင်က (၇တန်း) ပုံမှန်သွားနေကျအတိုင်းပဲ ကျူရှင်သွားတက်နေပါတော့တယ်။ အဲဒီနေ့က ၂၀၁၂ ခု ဇူလိုင်လ ၇ ရက် သောကြာနေ့ပေါ့။ ကျူရှင်(ညကျောင်း)မှာ ဆရာဆရာမတွေရော့ ရခိုင်ကျောင်းသားတွေရော့ ဇင်ဇင်ကို ဖဲရှောင်နေတာ သတိထားမိလိုက်တယ်။ နောက်တီးနောက်တောက် ပြုတတ်တဲ့ အတန်းဖော်အတန်းဖက် ရခိုင်သူငယ်ချင်းတွေလဲ အချင်းချင်း တီးတီးတိုးတိုးနဲ့။ စာသင်ရတာတောင် အားမရ ဖြစ်နေတော့တယ်။ ဒီနေ့ နဲနဲ ထူးခြားနေပါလား။ ငါကပဲ တစ်ခုခု မှားနေလို့လား။…

မနက် ၁၀ နာရီမှာ ကျောင်းခေါင်းလောင်းထိုးတော့မယ်ဆိုတော့ မုန့်ဖိုးငွေ ၂၀၀ ကွန်ပါဗူးထဲ သေချာထည့်ပြီးတော့ ကျောင်းကိုအမှီ သွားတော့တာပေါ့။ အတန်းထဲရောက်တော့ ခါတိုင်းလို အခန်းက ဆူညံညံနဲ့ မဟုတ်တော့ဘူး။ ကျောင်းသားတွေ မဆုံဘူး။ ခုံတန်းတစ်ခုမှာ တစ်ယောက်နှစ်ယောက်လောက်ပဲ ရောက်လာတာ။ ကျောင်းသားကျောင်းသူ ၇၀ ရာခိုင်နှုန်းလောက် ပျက်ကွက်နေတယ်။ အခန်းကြီး ဆိတ်ဆိတ်ကလေးပဲ။ ကျမရဲ့ ခုံတန်းမှာဆို ကျမတစ်ယောက်တည်းပဲ။ ဆရာမက နာမည်တွေ ခေါ်ပြီးတော့ သင်္ချာ အခန်း ၂ ထဲက အိမ်စာတွေကို တွက်ခိုင်းလေတယ်။

ဒီလို အခြေအနေက ကျမစိတ်ထဲ မအောင့်မချမ်းဖြစ်နေတယ်။ တစ်ဖက်ကလဲ ပျော်မိတာပေါ့… ကျောင်းမှာ ကျောင်းသားတွေ မဆုံတော့ ကျောင်းစောစော လွှတ်မှာပေါ့လေ…

ဆရာမကလည်း အခန်းထောင့်မှာ မျက်နှာပျက်လို့ တစ်ယောက်တည်းထိုင်ကာ စာရေးခဏ… ဖောင်တိန်ကိုက်ကာ တွေးခဏ လုပ်နေတယ်။ သူလည်းပျင်းနေမှာပေါ့။ ဒီလိုနဲ့ ခဏကြာတော့ သူက ကျမဆီကပ်လာပြီးတော့ စားပွဲခုံပေါ် တက်ထိုင်တယ်။ ကျမသင်္ချာတွက်နေတာကို စိုက်ကြည့်ရင်း စကားလဲပြောနေတယ်။ ဆရာမဆီက မေးမိတယ်။ ‘ဆရာမရယ် ဘယ်လိုဖြစ်တာပါလဲ… သမီးသူငယ်ချင်းတွေ အားလုံးတောင် တစ်ချိန်တည်း နေမကောင်းကြဘူးလားလို့ ‘ …

ဆရာမလည်း ဘာမှပြန်မပြောဘဲ ကျမခေါင်းကို ချစ်စနိုး ပွတ်သပ်ပေးလိုက်တယ်။ “ဒီ ကျောင်းပြေး မင်းသားမင်းသမီးတွေ နောက်တပတ် တနင်္လာနေ့ရောက်လာရင် ငါ့အကြောင်းကောင်းကောင်သိမယ်…။ ရုံးခန်းခေါ်ပြီးတော့ တုတ်ပညာပြမှ သဘောပေါက်မယ်…။ မြန်မြန် လုပ်စမ်း…” လို့ ဒေါမာန်နဲ့ ပြောရင်း နောက်ခုံတန်းဘက်ကို လျှောက်သွားလေတယ်။… အဲ့ဒီတော့ အဲ့နေ့ နေ့လည် ၁၂ နာရီခွဲလောက်မှာ ကျောင်းဆင်းခဲ့ရတယ်….

အိမ်ကိုရောက်တော့ မေမေကို တအံ့တဩ ပြောပြတာပဲ။ မေမေကတော့ ကျမစကားကို အဲလောက် အရေးမထားသလို ပုံပေါ်တယ်။ ” တော်တော်… ကလေးတွေ ပွဲတွေဘာတွေ သွားကြည့်နေတာ ဖြစ်မယ်။ သမီး မြန်မြန် ထမင်းစားလိုက်စမ်း… မေမေ လုပ်စရာတွေရှိတယ်” ဆိုလို့ တန့်လိုက်လေတယ်။

အဲ့ဒီနေ့ သောကြာနေ့ဆိုတော့ ဂျူမာနေ့ပေါ့။ မွန်းလွဲမှာ အစ္စလာမ်ဘာသာဝင်တွေအကုန် ဗလီသွားတက်ကြတယ်။ ဗလီကဆင်းခါနီးမှာတော့ လမ်းမှာ ဆိုက်ကယ်သံတွေ ဝေါဝေါဝီဝီနဲ့… ပုံမှန်တက်တော့ ပိုဆူညံနေတယ်လို့ ခံစားမိတယ်။ ဗလီက နမာဇီတွေလည်း သူ့အိမ်သူ ဝရုန်းသုန်းကား ပြေးလာနေကြတယ်။ ကျမတို့ရဲ့ ထရံကျော်အိမ်နီးချင်းမာမူက အမော့တဖက်နဲ့ “တက်ပြန်…တက်ပြန်ပြီ…အရေးကြီးတဲ့စာရွက်စာတမ်းတွေ အိတ်တစ်အိတ်နဲ့ သေချာသိမ်းထား…” လို့ သူ့မိန်းမကို ပြောနေတဲ့ ကြောက်တုန်တုန်အသံဟာ ကျမတို့အိမ်ထိ မပီကလာ ကြားနေရတယ်။ မေမေက စုံစမ်းကြည့်တော့ “မောင်းတောဗလီကြီးမှာ ဆုတောင်းပွဲလုပ်နေတဲ့ လူတွေကို ပိတ်ဆို့သေနတ်ပစ်တယ်တဲ့။ ပြသနာတွေ တက်လာပြီ ” လို့ သိရတယ်၊။ ဒါနဲ့ မေမေလည်း လန့်သွားပြီပေါ့။

တဖက်မှာဖြစ်တဲ့ ဆူပူအုံကြွမှုတွေနဲ့အတူ ကြောက်မက်ဖွယ်ရာ ကောလာဟလသံတွေကြားပြီးတော့ အေးဆေးနေတဲ့ ကျမတို့မြို့ကလည်း လှုပ်လှုပ်ရွပ်ရွပ် ထိန့်လန့်လာခဲ့တယ်။ “ခါရာ ခါရီ ” လို့ ပြောလိုက်နဲ့၊ တစ်ချို့က “ဒါးဒိုက်” လို့ ပြောလိုက်နဲ့။ ကြောက်မက်ဖွယ်ရာ ဘယာနကရသတွေ ရင်ဘတ်ထဲ တပ်စုလိုက် လာလည်နေသလို ဖွင့်မပြနိုင်တဲ့ နာကျင်မှုတွေနဲ့ပေါ့။ ရန်သူကို ခုခံဖို့ ဓားတုတ်တွေက ဝေးစွ၊ မိမိကိုယ့်ကိုဖုံးကွယ်ဖို့အတွက်တောင် နေရာတစ်ကွက်မရှာနိုင်သလို ကြောက်ဒူးတုန်တုန်နဲ့ ဖြစ်နေတယ်။ ကိုယ့်အိမ်မှာ ကိုယ်၊ ကိုယ့်ရွာမှာ ကိုယ် မလုံခြုံတော့ဘူး။ ညအမှောင်ရောက်လာတော့ ဘီလူးမိစ္ဆာတပ်က ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တယ်။ သူတို့ကျတော့ ညဖြစ်ဖြစ်၊ နေ့ဖြစ်ဖြစ် ထွက်လို့ပတ်၊ ဘာသာတူစရိုက်တူ မဟာမိတ်တွေနဲ့ ပူးပေါင်းသောင်းကျန်လာတယ်။ ရွာတွေကို ဝိုင်းရံပိတ်ဆို့ကာ မျက်နှာဖုံးလူကြီးတွေကို ဆွဲခေါ်တာ၊ ဖမ်းဆီးတာ စလိုက်ပြီပေါ့လေ …

တစ်ပတ်လောက် အပြင်မထွက်ရတော့ စားဖို့သောက်ဖို့တောင် ခက်ခဲနေပြီ။ သွေးတိုးရောဂါခံစားနေရတဲ့ မေမေမှာ သွေးပေါင်ချိန် မမှန်တော့ဘူး။ တက်လိုက်ဆင်းလိုက်နဲ့။ ဆေးတွေလည်းကုန်နေတော့ ဆေးမြီးတိုတွေနဲ့ပဲ အားတင်းထားရတယ်။ ညဘက်ကျတော့ အိမ်မှာ မအိပ်နိုင်ဘူး။ ယောက်ျားတွေ တစ်နေရာမှာ သွားပုန်းနေရတယ်။ အပျိုတွေလည်း တခြားတစ်နေရာမှာ ပုန်းနေရတယ်။ လုံခြုံရေးနာမည်ခံ လူရိုင်းတွေကို လုံးဝစိတ်ချလို့ မရဘူး။ အိမ်မှာ ယောက်ျားတွေ့ရင် ဖမ်းခေါ်သွားတယ်။ အပျိုတွေ့ရင် သူတို့ မုဒိမ်းစိတ်ယုတ်က ဗုန်းဗုန်းပေါ်လာသလို ကာမကျူးလွန်ဖို့ အမိတ်လိုက်တာပါပဲ။ မိုးလင်းရင် ဒီလိုသတင်းတွေနဲ့ နေ့တာစတင်တာပေါ့။

ဒီဆူပူမှုက မတရားသတ်ဖြတ်မှုတစ်ခုကနေ အမြစ်တွယ်လာတာဖြစ်တယ်။ တောင်ကုတ်လူသတ်မှုပေါ့… “အုပ်ချုပ်ရေးအာဏာပိုင်တွေက တရားမျှတမှုနဲ့ ထိထိရောက်ရောက် မကိုင်တွယ်လို့သာ ပြသနာက အကြီးအကျယ် ပေါက်ကွဲလာခဲ့တာဖြစ်တယ်။ အာဏာရှင်နဲ့ အစွန်းရောက်သမားတွေရဲ့ လုံ့လကြောင့် အပြစ်မဲ့လူတွေအသတ်ခံခဲ့ရတယ်။ အုပ်လိုက်စုလိုက် ဖမ်းဆီးထောင်သွင်းခံခဲ့ရတယ်။ အမိနဲ့သား၊ မိသားစုနဲ့ အဖ ကွဲခဲ့ရတယ်။ ရွာတွေ၊ နေအိမ်တွေ မီးရှို့ခံခဲ့ရ၊ အသက်၊ အိုးအိမ် ရှိသမျှအကုန်ပေးဆပ်ခဲ့လိုက်ရတာပါပဲ။ ပညာရေးဘက်မှာလည်း အတိ အနစ်နာခံရတာပဲလေ။

နောက်ဆက်တွဲအနေနဲ့ လူမျိုးရေးခွဲခြားခံရမှုတွေ၊ ဘာသာရေးခွဲခြားခံရမှုတွေနဲ့ အချိန်တွေကိုမျိုသိပ်ပြီး ဘဝဆက်ခဲ့ရတယ်။ တဖြည်းဖြည်းနဲ့ နာလန်ထူခါနီးမှာ ၂၀၁၇ ခုနှစ် ဩဂုတ်လမှာပဲ အထက်က ပုံစံထက် အဆပေါင်းများစွာဆိုးရွားတဲ့ ပြသနာကို ထပ်မံလုပ်ကြံဖန်တီးပေးလိုက်တယ်။ သေတဲ့သူသေ၊ နေအိမ်စွန့်ခွာခဲ့ရသူ စွန့်ခဲ့ရ။ ဘဝပေးလိုက်ရသူကပေး။ ရင်ရင်နာနာနဲ့ ဖြတ်သန်းနေခဲ့ရတဲ့ အတိတ်ကလေးပါပဲ။ ဒီထဲမှာပဲ တို့လိုလူငယ်တွေရဲ့ လူငယ်ဘဝလုယက်ခံလိုက်ရတာ အိပ်မက်ဆိုးမက်သလိုနဲ့ပါပဲ။ ဒီလို ရိုဟင်ဂျာလူငယ်တွေရဲ့ ဘဝလေး ဖျက်ဆီးခံလိုက်ရတဲ့၊ ရိုဟင်ဂျာတစ်မျိုးသားလုံးကို မျိုးတုံးရှင်လင်းနိုင်အောင် အားထုတ်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်တဲ့နေ့ကို သတိတောင် မရစေချင်ပါဘူး။ အသက်ဆတ်ဆတ် တုန်လွန်းလှတယ်။ လူယုတ်လူရိ။ လူယုတ်လူရိုင်းတွေရဲ့ ယုတ်မာတဲ့စိတ်ဓာတ်ကြောင့် ဖြစ်ပေါ်လာရတဲ့ ဒီလိုမျိုးဖြစ်ရပ်ဆိုးတွေကို လူမျိုးတိုင်းလူမျိုးတိုင်း ကင်းဝေးနိုင်ပါစေ လို့ ရိုဟင်ဂျာဂျီနိုဆိုဒ်နေ့မှာ ဆုမွန်ကောင်း တောင်းပေးလိုသတဲ့။

ရေးသားZendaya Win
(၂၅-၈-၂၀၂၃)

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website