The Blog

အယ်ဒီတာများ အကြိုက်အကောင်းဆုံး မြန်မာကဗျာ (၅) ပုဒ်

ဇွန်လ ၊ ၂၀၂၁

 

လူငယ်တစ်ဦးရဲ့ ရင်တွင်းဖြစ်

– Austin Jani

ငါဟာ

လူငယ်တစ်ဦးဖြစ်ပေမယ့်လည်း

လူ့အခွင့်ရေးချိုးဖောက်မှုတွေကို

ဆန့်ကျင်နေတဲ့ သူတစ်ယောက်ပါ။

ငါဟာ

လူငယ်တစ်ဦးဖြစ်ပေမယ့်လည်း

မတရားအာဏာသိမ်း စစ်ကောင်စီကို

အမြဲတော်လှန်နှိမ်နင်းဖို့

ကြိုးစားနေတဲ့ သူတစ်ယောက်ပါ။

ငါဟာ

လူငယ်တစ်ဦးဖြစ်ပေမယ့်လည်း

NUG အစိုးရရဲ့ မူဝါဒတွေ

NUG အစိုးရရဲ့ ဦးတည်ချက်တွေကို

စိတ်တူကိုယ်မျှ ထောက်ခံနေတဲ့

သူတစ်ယောက်ပါ။

ငါဟာ

လူငယ်တစ်ဦးဖြစ်ပေမယ့်လည်း

စစ်ကောင်စီကို အင်တိုက်အားတိုက်

မဆုတ်မနစ် တော်လှန်နေတဲ့

သူတစ်ယောက်ပါ။

ငါဟာ

လူငယ်တစ်ဦးဖြစ်ပေမယ့်လည်း

တရားမျှတမှုကို လိုလားနေတဲ့

သူတစ်ယောက်ပါ။

ငါဟာ

လူငယ်တစ်ဦးဖြစ်ပေမယ့်လည်း

လွတ်လပ်မှုကို ရှာဖွေနေတဲ့

သူတစ်ယောက်ပါ။

ငါဟာ

လူငယ်တစ်ဦးဖြစ်ပေမယ့်လည်း

ငြိမ်းချမ်းရေးကို တောင်းဆိုနေတဲ့

သူတစ်ယောက်ပါ။

ငါဟာ

လူငယ်တစ်ဦးဖြစ်ပေမယ့်လည်း

လူသား၏ တန်းတူခံစားခွင့်

လွတ်လပ်စွာပြောပိုင်ခွင့်

အခြေခံ ရပိုင်ခွင့်တွေကို

အမြဲဦးစားပေးတဲ့ သူတစ်ယောက်ပါ။

ငါဟာ

လူငယ်တစ်ဦးဖြစ်ပေမယ့်လည်း

မတရားမှုကို တုန့်ပြန်နေတဲ့

သူတစ်ယောက်ပါ။

ငါဟာ

လူငယ်တစ်ဦးဖြစ်ပေမယ့်လည်း

တရားတဲ့နည်းလမ်းတွေကို

လျှောက်နေတဲ့ သူတစ်ယောက်ပါ။

ငါဟာ

လူငယ်တစ်ဦးဖြစ်ပေမယ့်လည်း

လူလူချင်း ခွဲခြားဆက်ဆံမှုကို

ရွံ့ရှာတဲ့ သူတစ်ယောက်ပါ။

ငါဟာ

လူငယ်တစ်ဦးဖြစ်ပေမယ့်လည်း

ကမ္ဘာကြီးကို ငြိမ်းချမ်းရေးနဲ့

သာယာစေဖို့ ကြိုးစားနေတဲ့

သူတစ်ယောက်ပါ။

ငါဟာ

လူငယ်တစ်ဦးဖြစ်ပေမယ့်လည်း

ကိုယ့်နိုင်ငံ့အရေး၊ တိုင်းပြည်အရေးကို

ကိုယ့်တာဝန်ဟုခံယူတဲ့ သူတစ်ယောက်ပါ။

(17-06-2021)

နွားကွဲလျှင် ကျားကိုက်တတ်သည်

– မင်း၀န်ဇော်

၀က်လိုက် ခွေးခိုက်

အသက်အန္တရာယ်ဆိုက်

မနေသာတော့

ထွက်ပြေးလိုက်။

မြောင်းခုန် ချောင်းခုန်

နတ်မြစ်ခုန် ရောက်သည့်နေရာက

အမှိုက်ပုံ။

ဦးရေ ရေတွက်

အိမ်သားများ

မရှိသည်ကား ထက်၀က်မျှ

ခေါ်သံ အော်သံ အဆုံးမယ်

ထုသံမကြား စိတ်ညစ်နေ။

ကံကြမ္မာကြီးက မိုးမှောင်ကျ

ရသည်ဟာနဲ့ ခရီးသွားနှင့်

သွားသည်ခရီး ခယောင်းလမ်း

ဒုက္ခပေါင်းနဲ့ ခရီးဆန့်။

သုံးနှစ်ကျော်လာ အနေကျ

အသားထဲက လောက်ထက

ဟိုလိုတမျိုး ဒီလိုတပုံ

ထိုးကြိတ် ထိုးနှက် ကျပြာပုံ။

ပြည်ပရောက် ပုဆိန်ရိုး

ဒင်္ဂါးရဖို့ဆို အမိုက်ထက်ဆိုး

ပညာမတတ် တလုံးတပါဒ

ဟန်ဆောင်သည်ကား တရားသူကြီးအလား။

လူယုတ်လူမာ

ဘုံပေါက်မှာ

ပြည်သူများကား အရေးယူမှာ။

နွားကွဲ ကျွဲကွဲ မဖြစ်လေနှင့်

နဂါးနဲ့ ခွေးစောင့်နေနှင့်

အုပ်စုကွဲက ကျားကိုက်မှာ

နဂါးစာဖြစ်ကာ ဘ၀ဆုံးမှာ။

(24-06-2021)

ကဲ့ရဲ့ခံဘ၀

-Mohammad Shah

ဆင်းရဲချမ်းသာ ကံကြမ္မာ

ဥစ္စာဓန တစ်ခဏ၊

လူသူအားလုံး အဆင့်ကွဲပြား

လောကလူသား ငွေတန်ဖိုးထား။

၀တ်စားဆင်ယင် နိမ့်လို့ငါ

နေရာတကာ ခေါင်းညွှတ်ရ၊

လိမ်ညာကြားကြား နားပြည့်၀

ပါးစပ်ရှိလျက် နှုတ်ပိတ်ခံရ။

ဒေါင်းယောင်ဆောင်သော ကျီးပမာ

အစဉ်အမြဲ လှောင်ပြောင်ခံရ၊

ဆင်းရဲနှင့်မွေးတာ ငါ့အမှားလား

အခါမလပ် ကဲ့ရဲ့ခံရ။

(09-06-2021)

ရို့လိပ်ပြာ

– မောင်မောင်တင် (ရိုပုတ္တ)

လူ့‌လောက၊ လူ့မြိုင်စပ်မှာ

ရို့လိပ်ပြာ၊ မာန်ပါဆောင်လို့

ဇွဲစလောင်ကျွမ်း၊ စိတ်သန့်သန့်

နာကြည်းခံလဲ၊ နောက်မဆုတ်တွန်း

ကိုယ့်မျိုးအရေး၊ ဟစ်အော်ကြွေး

အားပြန်ဖြည့်ကာ၊ ရှေ့ဆက်အမြဲ။

(23-06-2021)

ရင်ခွင်ထဲက မျိုးစေ့

ရိုနုရ် ဖိုက်ဆဲလ်

ငါ့ဝိညာဉ်ရဲ့ ဥယျာဉ်ထဲ

အစေ့တစ်စေ့ စိုက်ခဲ့တယ်။

အညှောက်မှ အပင် ဖြစ်အောင်

ချစ်မေတ္တာရေ  လောင်းခဲ့တယ်။

အပင်ကိုသာ  စောင့်ကြည့်ရင်း

တယုတယ  မြေတောင်မြှောက်ပေး။

အဖူးလဲထွက် အပွင့်လန်းလို့လာ

ထီးကျန်ဘဝရဲ့ ဖော်မွန်ဖြစ်သွား။

မသေချာတဲ့ ပန်းပွင့်လေး

ငါ့ယုံကြည်ချက်ကို အားသန်စေခဲ့။

ငါ့ဝိညာဉ်ရဲ့ ပန်းပွင့်လေး

မညှိုးမနွမ်း မကြွေလွင့်မပါစေနဲ့

ဒါ ငါ့နောက်ဆုံးဆန္ဒပါပဲ။   ။

(30-06-2021

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website