The Blog

 

“မာတီယား အာဇာနည် “

မိုဟာမတ်ဇူဘိုင်ရ် ရေးသားသည်။

 

စိမ်းလန်းတောင်တန်း အရှေ့ကမ်းနှင့်၊ အနောက်ရေပြင်ပြာ ဈာန်ဝင်ပန်းချီကားချပ်ပမာ သာယာလှသော ဆန်းသစ်စန္ဒာ ရပ်ဝန်းဒေသတစ်ခုတွင် ရှေးပဝေသဏီကပင် မှီတင်းနေထိုင်လာခဲ့သော လူမျိုးတစ်စုရှိသည်။ ၁၉၇၃ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်နေ့တွင် မြို့ငယ်တစ်ခု၌ မာတီယား ဆိုသော ပါရမီစုံ ပုဂ္ဂိုလ်ထူးတစ်ဦး ဖွားမြင်ခဲ့သည်။ အကန့်အသတ် အခက်အခဲမျိုးစုံကြားမှ ပညာဆည်းပူး၍ မာတီယားသည် ၎င်းဒေသတက္ကသိုလ်မှ ဘွဲ့တစ်ခုရရှိခဲ့သည်။ မာတီယား ကြီးပြင်းလာသော ခေတ်ကာလက မီးပင်လယ်မှ လှေလွင့်ရသော ကာလဖြစ်သည်။ ဘာသာရေး၊ လူမျိုးရေး မျက်မှန်မည်းများကို ဟန်ကျကျ တပ်ဆင်ပေးကာ အစိုးရအာဏာပိုင်များက စစ်တုရင် ကစားနေသည့် ကာလဆိုလျှင်လည်း မမှားပေ။ ပြည်သူ့စိတ်ဓာတ်ကို အာဏာပိုင်၏ ဂျင်းများဖြင့် ညှို့ထားလိုက်သည်။ ကိုယ်နှင့်မတူ ကိုယ့်ရန်သူ ဆိုသော မူဝါဒသည် ပြည်သူ့စိတ်ထဲ အနည်ကျနေသည်။ အစိုးရက မတူရာလူမျိုး၊ ဘာသာတို့ကို ရှင်းလင်းသုတ်သင်ရန် ပြည်သူကို ရုပ်သေးအဖြစ် ကြိုးကိုင်ထားသည်။ ကြိုးဆွဲရာ လိုက်ကပြရသည်။

မာတီယား၏ လူမျိုးကို ကန့်သတ်ချုပ်ချယ်ရင်း သုတ်သင်ရှင်းလင်းရေး နောက်ဆုံး ရေဆူမှတ်ရောက်လာသည်။ နောက်ဆုံးတွင် အသေးအမွှားပြဿနာတစ်ရပ်ကို အစိုးရ ပုံကြီးချဲ့ကာ လူမျိုးတုန်းသတ်ဖြတ်ရေး အကြံအစည် အထမြောက်လုပ်ကြံမှုကို မာတီယား ၏ လူမျိုးက ပက်ပက်စက်စက် ခံခဲ့ရလေသည်။ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ (၂၅) ရက်နေ့မှစ၍ ထိုလူသတ်ပွဲမှ အသက်လုထွက်ပြေးရင်း လူတွေအများအပြား ကိုယ့်အမိမြေ ကိုယ့်ရပ်သာကို စွန့်ခွာခဲ့ရသည်။ ထိုအစုလိုက်နေရပ်စွန့်ခွာထွက်ပြေးမှုတွင် မာတီယားတစ်ယောက်လည်း ပါဝင်ခဲ့သည်။ အိမ်နီးနားချင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေရခဲ့သည်။ ထိုနိုင်ငံကလည်း လူသားချင်းစာနာသည့်အနေဖြင့် စစ်ပြေးဒုက္ခသည်များကို အစွမ်းရှိသလောက် အကူအညီပေးခဲ့သည်။ ဒုက္ခသည်များ ယာယီနေထိုင်နိုင်ရန် နေရာများ၊ အစားအသောက်များ ရိက္ခာများနှင့် အခြားလိုအပ်ချက်များကို စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

မာတီယားသည် အများနည်းတူ မိမိ၏ လွတ်လပ်သောဘဝကို စွန့်ခွာ၍ သူတစ်ပါးအပေါ် မှီခိုရသော ဒုက္ခသည်ဘဝသို့ ရောက်ရှိသွားလေသည်။ သူသည် ဒုက္ခသည်စခန်းမှာ ခိုလှုံ‌နေစဉ် သူ့လူမျိုးများ၏ အကျိုးကို ကိုယ်ကျိုးစွန့်ဆောင်ရွက်ရန် အဓိဌာန်ချခဲ့သည်။ မိမိ၏ အဖိနှိပ်ခံလူမျိုး ကိုယ့်မြေအရပ်သို့ ဘေးကင်းစွာ ပြန်နိုင်ရေး၊ မတူသော အသိုင်းအဝိုင်းနှင့် အေးအေးချမ်းချမ်း ယှဉ်တွဲနေထိုင်နိုင်ရေးနှင့် မိမိတို့၏ ရသင့်ရထိုက်သော အခွင့်အရေးများ ပြန်လည်ရရှိရေး စသည်တို့ကို “ညမအိပ်၊ နေ့မနား” ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ မိမိသည် အစာ ကောင်းကောင်းမစားနိုင်သော်လည်း လူများရှေ့တွင် ဒူးမထောက်၊ မျက်ရည်ကို ပုန်းကွယ်ထား၍ သား(၄)ယောက်၊ သမီး (၅)ယောက် သားသမီး(၉) ယောက်နှင့်အတူ တစ်ကိုယ်တော် ရုန်းကန်ခဲ့‌သည်။ သူ့လူမျိုးသည် နိုင်ငံမဲ့မဟုတ်ကြောင်း၊ အမိမြမှ အတင်းအဓမ္မ နှင်ထုတ်ခံသူများဖြစ်ကြောင်း ကမ္ဘာသိအောင် ထုတ်ဖော်ခဲ့သည်။ ဒုက္ခသည်များအား အဖက်ဖက်မှ လိုအပ်ချက်များဖြည့်စွပ်ပေးရန် ကမ္ဘာ့နိုင်ငံများကို မေတ္တာရပ်ခံကာ ဘင်္ဂါလားအစိုးရနှင့်အတူ ရုန်းကန်ကြိုးစားခဲ့သည်။

လူမျိုးတစ်မျိုးထဲတွင် လူကောင်း၊ လူမိုက် ဟူ၍ ရှိစမြဲဖြစ်သည်။ မည်မျှပင် မွန်မြတ်သည့်လုပ်ရပ်များ လုပ်စေကာမူ မနာလိုရန်ငြိုးထားသူ၏ အမုန်းတရားမှ ကင်းလွှတ်နိုင်ခြင်း မရှိချေ။ ဤသည်က သမိုင်းအဆက်ဆက် ကြုံတွေ့လာရသည့် ဓမ္မတာ တစ်ခုဖြစ်ပေသည်။ မာတီယားသည်လည်း ထိုဖြစ်ရပ်ဆိုးနှင့် ရင်ဆိုင်ခဲ့ရသည်။
မာတီယား၏ ကိုယ်ကျိုးစွန့် ရဲရင့်တက်ကြွလှုပ်ရှားမှုများ၊ ရုန်းကန်အားထုတ်မှုများကို လူအများ‌အပြားက ထောက်ခံအားပေးလာ၍ တစ်ဖြည်းဖြည်း ကမ္ဘာအနှံ့ တက်ကြွလှုပ်ရှားသူ ခေါင်းဆောင်တစ်ဦးအဖြစ် ကျော်ကြားလာခဲ့သည်။ မာတီယားသည် ဒုက္ခသည်စခန်းရှိ လူအားလုံး ငြိမ်းချမ်းစွာနေထိုင်နိုင်ရေး၊ လုံခြုံမှုရှိစေရေးနှင့် အမိမြေသို့ ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေး စသည်ရည်ရွယ်ချက်ဖြင့် ဆရာသမားများကို နာယာကအဖြစ်ခန့်ကာ နိုင်ငံရေးအဖွဲ့အစည်းတစ်ခု တည်ထောင်ကာ ဆက်လက်ကြိုးစားခဲ့သည်။ ထိုအဖွဲ့အစည်းခေါင်းစဉ်အောက်တွင် သူသည် မနားတမ်း ကြိုးပမ်းခဲ့သည်။ သို့သော် အမှန်တရားနောက်တွင် အမုန်းတရားက ဒွန်တွဲရှိနေတယ်။ မာတီယားကို မနှစ်သက်သူများ၊ သူ့ထိုင်ခုံကို လိုချင်သူများလည်းရှိသည်။ မာတီယားသည် ယင်းမနာလိုသူများကို ဂရုမစိုက်ဘဲ သူ ချမှတ်ထားသော မူဝါဒအတိုင်း ဆက်လက်ဆောင်ရွက်ခဲ့သည်။ မာတီယား၏ ကြိုးပမ်းမှုအကျိုးအဖြစ် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၂၅) ရက်နေ့တွင် အလွှာပေါင်းစုံမှ လူများကိုစည်းရုံး၍ ပြည်လုံးကျွတ်ဆန္ဒပြပွဲတစ်ခု ပြုလုပ်နိုင်ခဲ့သည်။ မိမိလူမျိုး၏ အားအင်နှင့် ညီညွှတ်မှုကို ကမ္ဘာသိ ပြသနိုင်ခဲ့သည်။ ထိုဆန္ဒပြပွဲက ကမ္ဘာ့နိုင်ငံအသီးသီးကို သူတို့အမျိုး၏ လိုလားချက်၊ ခံစားချက်များကို သိရှိစေခဲ့သည်။ ၎င်းဆန္ဒပြပွဲမှတစ်ဆင့် သူ့လူမျိုးများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို ကမ္ဘာသိအောင် တောင်းဆိုခဲ့သည်။

မာတီယားကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့ အ‌မေရိကန်သမ္မတ ဒေါ်နယ်လ်တာရာမ်က လူမျိုးစု ကိုယ်စားလှယ်အဖြစ် ဖိတ်ကြားခဲ့သည်။ ၂၀၁၉ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့ နယ်သာလန်နိုင်ငံ ဂျီနီဗာအစည်းအဝေးသို့ တက်ရောက်၍ မိမိလူမျိုး၏ ကြုံတွေ့နေရသော အခက်အခဲများနှင့် တောင်းဆိုချက်‌တွေကို တင်ပြခဲ့သည်။

ဒုက္ခသည်စခန်း၌ ၎င်းခရီးစဉ်များနှင့် ဆန္ဒပြပွဲကို အကြောင်းပြ၍ ခိုလှုံခွင့်ပေးထားသော အစိုးရက ယခင်ပေးခဲ့သည့် အခွင့်အရေးများကို တဖြည်းဖြည်းလျော့ချခဲ့သည်။ မနာလိုသူတစ်ချို့ကလည်း ၎င်းခရီးစဉ်ကို အမျိုးမျိုးဝေဖန်ခဲ့သည်။ ထို့အပြင် တစ်ချို့ လူမိုက်လူပျက်၏ မသမာဖွယ်လှုပ်ရှားလာမှုကြောင့် ဒုက္ခသည်စခန်းတစ်ခုလုံးကို သံခြံစည်းရိုးဖြင့် ကာဆီးထားခြင်း၊ စီစီတီဗွီကင်မရာ တပ်ဆင်ပေးခြင်း၊ အ၀င်အထွက် ကန့်သတ်ထားခြင်း စသည်တို့ကို အစိုးရက တိုးချဲ့ပြုလုပ်လာခဲ့သည်။

 

ပြည်သူ့လွှတ်မြောက်ရေး လက်နက်ကိုင်အချို့က သူ့တို့နှင့်အတူ ပူးပေါင်းကြရန် မာတီယားကို အကြိမ်ကြိမ်ဖိတ်ခေါ်ခဲ့သည်။ ဖိတ်ခေါ်‌ခဲ့သော်လည်း သူတို့ သဘောထားမူဝါဒများ မတူကြသဖြင့် ပူးပေါင်းပါဝင်ခြင်း မရှိခဲ့ချေ။ မိမိချမှတ်ထားသော မူအတိုင်းဆက်လက်ဆောင်ရွက်ကြစဉ် အကြိမ်ကြိမ် ခြိမ်းခြောက်မှု အမျိုးမျိုးနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ ထိုသို့ ခြိမ်းခြောက်မှုအပေါင်းကို တောမင်းရာဇာခြင်္သေ့ပမာ မကြောက်မရွံ့ဘဲ အားကိုးရာမဲ့ အဖိနှိပ်ခံ မိမိလူမျိုးကောင်းကျိုးအတွက် မမာမာရပ်တည်ခဲ့သည်။ “သေရင်သေမယ် ကစ္စမရှိ၊ ကိုယ့်လူမျိုးအတွက် လိုအပ်လျှင် ဘ၀ကိုပါ စွန့်လွှတ်လိုက်မယ်” ဟု ရည်မှန်းချက်မွန်ဖြင့် ဆက်လက်ခြေလှမ်း လှမ်းခဲ့သည်။ ဒုက္ခသည်စခန်း၌ ဘလော့အလိုက် လူငါးဦးစီ ရွေးချယ်၍ ဆာ့ပ်ကော်မတီတစ်ခုစီ ဖွဲ့စည်းခဲ့သည်။ ထိုသို့ ကော်မတီဖွဲ့စည်းခြင်းကို အပြစ်မရှိအပြစ်ရှာ မနာလိုသူများက တလွှဲလွှဲ ထင်ကြေးပေး၍ အမုန်းပွား ဝေဖန်ခဲ့သည်။ အပြစ်မြင်သူများက ၂၀၂၁ ခုနှစ်၊ စတင်ဘာလ (၂၉) ရက်နေ့ ည (၈း၀၀) နာရီခန့်အချိန်တွင် မာတီယားကို သူ၏ ရုံးခန်းတွင် သေနတ်ပစ် လုပ်ကြံခဲ့လေသည်။ မာတီယားသည် လူမျိုးအတွက် မိမိ၏ အသက်ကို ပေးဆပ်ခဲ့လေသည်။

ဤလုပ်ကြံမှုမတိုင်မီ မာတီယားသည် သူ့ကို ခြိမ်းခြောက်နေကြောင်း၊ အသက်လုံခြုံမှု လိုအပ်ကြောင်း အစိုးရသို့ ကြိုတင်အသိပေးသော်လည်း သက်ဆိုင်ရာက ပေါ့ဆသဖြင့် အချိန်မီအကာအကွယ်ပေးခြင်း ပျက်ကွက်ခဲ့သည်။ ထို့နောက် သက်ဆိုင်ရာအစိုးရက တရားခံများကို လိုက်လံရှာဖွေဖမ်းဆီးကာ အပြစ်ပေးရန် ကြိုးပမ်းခဲ့သည်။ မာတီယား၏ မိသားစု‌ကို UNHCR ၏ အကူအညီဖြင့် ကန်နေဒါ နိုင်ငံက ခိုလှုံခွင့်ပေးခဲ့သည်။

မာတီယားလုပ်ကြံခံရမှုနောက်ပိုင်း သူ့လူမျိုးအတွက် ဒါရိုက်ဘာမဲ့ ကားတက်စီးနေသလို ဖြစ်သွားပြန်သည်။ နေပြန်မည့်မျှော်လင့်ချက်ရောင်ခြည် ဝေးကွာသွားလေသည်။ မာတီယား အသက်ရှင်နေတုန်း ရွက်ပုန်းသီးကြယ်တစ်ပွင့်ဖြစ်ကြောင်း နားလည်ရဟန် မရှိခဲ့ချေ။ သူဆုံးရှုံးပြီးမှ မဟာနောင်တကြီးရသွားလေသည်။ မည်သို့ပင်ဖြစ်စေ မာတီယားက မိမိအမျိုးအတွက် အသက်ဇီဝန်ပေးဆပ်၍ အမျိုးသား အာဇာနည်အဖြစ် သမိုင်းမှတ်တမ်းတင်သွားခဲ့လေသတည်း။

 

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website