မျိုးတုံးခံလူသား
ဘိုးဘွားအမွေ အာရကန်ပြည်
တောလယ်တောင်ယာ စိမ်းလန်းသာ
ဇမ္ဗူမှာရှား အလှတရား
သယံဇာတ ပေါကြွယ်ဝ
ခေတ်ဆက်ဆက် ထင်ပေါ်ကျော်ခဲ့
ရိုဟင်းသားတို့မြေ။
လူမျိုးပေါင်းစုံ ဘာသာစုံ
အေးတူပူမျှ စံရာဘုံ
ဖျက်ဆီးကုန်ပြီ နန်းရာကုန်း
မုန်းဆိပ်ရည်ပွား ညီနောင်ကြား
အာဏာချုပ်ကိုင် လူ့ဘီလူးများ
ချေမှုန်းလိုက်ပြီ တို့ကမ္ဘာ။
အသွားအလာ ကန့်သတ်ချက်
နေ့ညမပြတ် ညည်းညူရ
စုဆောင်းခဲ့သည့် ဥစ္စာဓန
လုယက်ခံရ ဗလာလက်
ငတ်မွဲပြာကျ တို့ဘဝ။
နှစ်ထောင်ဆယ့်ခွန် မမေ့ကုန်
၂၅ ဩဂုတ် သွေးစွန်းယုတ်
ပုရွက်ဆိတ်လို သတ်ခံရလို့
အိုးအိမ်စွန့်ကာ စစ်ရှောင်ပြေး
သွေးအိုင်တွင်းမှ လွတ်မြောက်တုန်း
ထောင်ဂဏန်းချီ မိန်းမပျိုတွေ
အဓမ္မကျင့်ခံ စစ်သားလက်ဝယ်။
အကုသိုလ်မဲ့ ကလေးငယ်
ပစ်ချခံရ မီးပုံထဲ
အသက်ကယ်ရန် အလို့ငှာ
ထွက်ပြေးရသည် တိုင်းတစ်ပါး
မျိုးတုံးခံရ တို့မျိုးသား။
မင်္ဂလာပေါင်းနှင့် ပြည့်စေလို
ရေးဖွဲ့သူ – Lalmoti Khan @ SFI
နှစ်ထောင့်နှစ်ဆယ့်တစ် သည်နှစ်သစ်အား
မျှော်လင့်ချက်ပြည့် အိပ်မက်စုံနှင့်
ကြည်ဖြူစိတ်ထား နှလုံးသားဖြင့်
ပျော်ပျော်ပါးပါး ကြိုဆိုပါ၏
မင်္ဂလာပေါင်းနဲ့ ပြည့်စေလိုကြောင်း…။
နှစ်သစ်ချိန်ခါ မင်္ဂလာပါ
နှစ်ပေါင်းများစွာ မျှော်မှန်းထားသည့်
ခံစားလိုစိတ် ပြင်းပြနေသည့်
ငြိမ်းချမ်းရေးအား ဒီနှစ်မှာပင်
ခံစားရခွင့် ပေးကြပါစေ
စစ်ပွဲတွေကို ရပ်တန့်ပြီး
ငြိမ်းချမ်းရေးတွေ တည်ဆောက်ကြပါစေ
မင်္ဂလာပေါင်းနဲ့ ပြည့်စုံကြပါစေ…။
နှစ်ပေါင်းဆယ်ချီ တိုက်ခဲ့ပြီမို့
တိုင်းပြည်သာနွမ်း ပြည်သူတွေပန်းပြီ
နိုင်ငံ့ကျက်သရေ မပျက်ကြဖို့
အစစအရာရာ မဆုံးရှုံးမီ
ြိငိမ်းချမ်းရေးတွေ တည်ဆောက်ကြပါစေ
မင်္ဂလာပေါင်းနဲ့ ပြည့်စုံကြပါစေ…။
ပြည်သူပြည်သား လူခပ်သိမ်းတုိ့
နိုင်ငံ့ခေါင်းဆောင် ပညာရှင်တို့
ဘေးရန်ကင်းကွာ စီးပွားဆောင်သို့
ကျန်းကျန်းမာမာ ရှိကြပါစေ
မြန်မာ့မျိုးနွယ် ကမ္ဘာ့လယ်မှာ
တင့်တယ်ဝင်းပြောင် မနွမ်းရပါစေ
မင်္ဂလာပေါင်းနဲ့ ပြည့်စုံကြပါစေ…။
အဖြူ အမည်း မကွဲခြားပဲ
ဘာသာလူမျိုး မတူငြားလည်း
လူးသားဟာ လူသားတည်းဟု
လူသားတန်ဖိုးနဲ့သာ မျှမျှတတ
ရှင်သန်ခွင့် ပေးကြပါစေ
နှစ်ပေါင်းရာကျော် မှီတင်းလာသည့်
`ရို´မျိုးတို့အားလည်း လွပ်လပ်ရေးနဲ့
ဒီနှစ်သစ်မှာပင် ဆုံပေးကြပါစေ
မင်္ဂလာပေါင်းနဲ့ ပြည့်စုံကြပါစေ…။
အပြစ်နတ္တိ ပြည်သားတွေ
ဒုက္ခခြံမှာ ဘေးအန္တရယ်တွေနဲ့
နေ့စဉ်နေ့တိုင်း ခံစားနေရတယ်
သူတို့ဒုက္ခ တစ်စိတ်မျှသာ
ကိုယ်တိုင်ခံစား စိတ်ကူးကြည့်ပြီး
ဒုက္ခသည်တွေအား သနားကြပါစေ
မင်္ဂလာပေါင်းနဲ့ ပြည့်စုံကြပါစေ
နှစ်သစ်ဆုတောင်း ပြည့်ဝတော်မူပါစေ…။
မီးအိမ်ကလေး
ရေးဖွဲ့သူ– ရိုဟာမိတ်အုလ္လာ
ငါ မီးအိမ်ကလေးဖြစ်ချင်တယ်
ပေါ့ပေါ့တန်တန်ဘဝ
လူ့အဖွဲ့အစည်းကို ထွန်းလင်းကာ
အပြုဆောင်ပန်း ဖြန့်ဝေမယ်
အချိန်တိုင်း တောက်တောက်ပပ
အမိုက်မှောင် ကင်းစင်တဲ့ဘဝ
အမုန်း၊ အာဃာတ၊ ရန်ငြိုး
ဖြိုခွင်းကာ ချစ်ခင်မေတ္တာ
ကြိုင်လွှင့်တဲ့ ကမ္ဘာပွင့်လင်းမယ်။
ဘာဆန်ချာ…
အူနံရံတိရေ လှိုင်းသံကြားမှာ
အစာဟောင်းတိကို ကျောက်ထုတ်လို့
အာဂါထက်မှာ ငါရို့အတွက် နက္ခတ်မဟိ…
မင်းကြီးတောက်တန်းဘက်က
ဆင်နင်းခံရရေ ဖရဲသီးတိပိုင်
ယာခင်းခြံရိုး မခိုင်လို့လား
ဘာဆန်ချာ
ဘာဆန်ချာ …
ဖြားရီတိကို လှိုင်းကြီးတိနန့်မယူလာပါကေ
ဘာဆန်ချာ…
ညဇာဘက်တိုင်းမှာ လုံလုံခြုံခြုံ အိပ်ခွင့်ပီးပါ
အိပ်ပြန်ခွင့်ရရေတစ်နိန့်
စိုင်းတင်ရပ်ဝန်းမှာ အာလူးချေတိ
ပြန်တူးဖြစ်ကေ
မင်းအကြောင်း ငါအကောင်းပြောပါမေ
လှိုင်းအမြင့်ကြီးတိ မယူလာပါစီကေ…
မိုးသင်းဝေဇံ
ကျော့ကွင်းထဲမှ ကျွန်ဘဝ
ရေးဖွဲ့သူ– ရိုအီလီယာစ် @ အောင်သိန်း
စိတ်မငယ်ဖို့ရာ ငါကြိုးစားနေတယ်
ဒါပေမယ့်….
တဖက်သူက အောင်မြင်မှုနဲ့
ကြွားဝါး ဘဝင်မြင့်နေလို့….
ငြိမ်ပိတ်ထားတဲ့ စိတ်တံခါးကို
သူလာခေါက်သလိုလို ဖြစ်နေတယ်။
အဖိအနှိပ်ခံဘဝမှ ငါရှောင်ကြဉ်ချင်တယ်
ဒါပေမယ့်…..
အတူနေသူတွေက မျက်နှာမလိုက် အဖော်မခံ
ခွဲခြားမှုတွေက မလွတ်ကင်းလို့ ….
ကိုယ်က စိတ်ဖိစီးမှု အပြည့်နဲ့
ဉာဏ်တုံးနေသလိုလို ဖြစ်နေတယ်။
ကျွန်ဘဝမှ လွတ်မြောက်ချင်တယ်
ဒါပေမယ့်…..
မျိုးမတူ ဘာသာမတူတောထဲမှာ
ငါလည်းပဲ ပါသွားရော့
လူနည်းစု မျိုးဖွားဖြစ်လို့ ….
အမြဲပင် သူ့ကျွန်လိုလို ခံနေရတယ်။
ကိုယ့်နိုင်ငံ့ဝန် ကိုယ်ထမ်းချင်တယ်
ဒါပေမယ့်…..
ငါ့အတွက် စည်းသထားတဲ့ မူဝါဒတွေက
မပြောင်းလဲဘဲ ရင်းနှီးချစ်ခင်မှုတွေအစား
ရန်ငြိုးအမုန်းတွေသာ ပြည့်နက်တဲ့ကြားက
ဘဝတစ်ခုလုံး ကျော့ကွင်းထဲမိသလိုလို ဖြစ်နေတယ်။