The Blog

ဘင်္ဂလားဒေရှ့်ဒုက္ခသည်စခန်းမှသည် ကမ္ဘာတစ်လွှားက ဆရာများသို့ အောက်မေ့ဂုဏ်ပြုခြင်း

A message from the world’s largest refugee camp on this DAY

ငယ်စဉ်တောင်ကျေးက‌‌လေးဘဝကစလို့ ကျွန်တော့်ကို လူမှုရေး၊ စာရိတ္တ၊ ပညာရေးတွေမှာ အကောင်းဆုံးဖြစ်အောင် လေ့ကျင့်ပြုစုပျိုး‌ထောင်ပေးခဲ့တဲ့ ပြည်တွင်း ပြည်ပရှိ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံး….

ခဏ​တာ​ဖြစ်စေ၊ ကြာရှည်စွာဖြစ်စေ၊ သက်ရွယ်မရွေး ရာထူးမရွေး၊ ဆူကြုံနိမ့်မြင့်အခြေအနေမှာ အလုပ်အတူ လုပ်ခဲ့ရင်း တန်ဖိုးမဖြတ်နိုင်တဲ့ အသိပညာ၊ အတတ်ပညာ၊ အတွေ့အကြုံ အမြောက်အမြားကို လက်တွဲသင်ယူခွင့်ပေးခဲ့တဲ့ ဆရာများအားလုံး…

တစ်ဆက်တည်းမှာပဲ ဘင်္ဂလားဒေရှ့်နိုင်ငံရှိ ဒုက္ခသည်စခန်းမှာ နေနေရတဲ့ သိန်းနဲ့ချီတဲ့ ဦးတည်ရာမဲ့ ရိုဟင်ဂျာတွေရဲ့ မှေးမှိန်းနေတဲ့အနာဂတ်၊ နိစ္စဓူဝ ရင်ဆိုင်နေရတဲ့ဘဝစိန်ခေါ်မှု၊ မတူကွဲပြားမှုဒုက္ခ၊ ပြည်တွင်း ပြည်ပမှ မတရားအနိုင်ကျင့်မှုဟူသမျှကို ကြံ့ကြံ့ခံရင်း ရိုဟင်ဂျာ သားသမီးတွေရဲ့ပညာရေး ဖွံ့ဖြိုးတိုးတက်‌စေရေးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံကာ နေ့ရောညပါ အဖြေရှာ ရုန်းကန်နေကြတဲ့ ဒုက္ခသည်စခန်းမှ ဆရာ၊ ဆရာမများအားလုံး…

ကံကြမ္မာကြောင့် ပြည်တွင်းရှိ တက္ကသိုလ် တစ်ခုခုမှာ ပညာသင်ယူခွင့် မရခဲ့တဲ့ ရိုဟင်ဂျာကလေးတွေကို ပြည်ပတက္ကသိုလ်တစ်ခုမှာ အကန့်အသတ် အတားအဆီးတွေကြား ဂြိုလ်သားတစ်ဦးလိုလို တိတ်တဆိတ် ပညာသင်ယူခွင့် ရရှိအောင် ဆောင်ရွက်ပေးခဲ့တဲ့ ရပ်ဝေးနယ်ခြားရှိ စေတနာရှင် ဆရာ၊ ဆရာမများအားလုံး…

အသ​ပြာမမက်၊ ကိုယ်ကျိုးမရှာ၊ အစာစွန့်၊ အိပ်ခြင်းလွှတ်ပြီး ဝါသနာကို အရင်းခံကာ စေတနာနှင့်ပေါင်းစပ် အနစ်နာခံခဲ့ရင်း မိမိဘဝတစ်သက်လုံး ကိုယ့်လူမျိုးနဲ့အတူ အေးအတူ ပူအမျှရပ်တည်ပေးခဲ့တဲ့၊ ဒုက္ခသည် စခန်းရှိ ‌ရာပေါင်းများစွာသော ရိုဟင်ဂျာကျောင်းသားတွေကို အခမဲ့သင်ကြားပို့ချခဲ့တဲ့၊ ကမ်းခြေမဲ့ သမုဒ္ဒရာပေါ် မျှောနေသလိုဖြစ်နေတဲ့ ကမ္ဘာအနှံ့အပြားရှိ ရိုဟင်ဂျာ (၄) သန်းကျော် ဂုဏ်သိက္ခာရှိရှိ ကိုယ့်အိမ်ကိုယ် ပြန်နိုင်ရေးအတွက် ရှေ့ဆောင်ဦးရွက်ပြုပြီး စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်ခဲ့ရင်း မိမိအသက်ကိုပါ မထောက်မရှု စတေးခံလိုက်ခဲ့ရတဲ့ ရဲဘော် ဆရာဦးမူဟိဗ်အူလ္လာ…

စစ်အာဏာရှင်တွေရဲ့ ခွဲခြားဆက်ဆံမှုကြားမှာ မလောက်မင လစာ၊ မလုံလောက်တဲ့ ဝမ်းစာအောက် နေခဲ့ရပြီး (၂၇) နှစ်တိုင်တိုင် နိုင်ငံ့တာဝန်ကို ကျေပွန်စွာ ထမ်းရင်း စေတနာကိုတည်၊ အနစ်နာခံခဲ့ပြီး ထောင်ပေါင်းများစွာ‌‌သော တပည့်​များ မွေးထုတ်ပေးခဲ့တဲ့ ကျွန်တော့်အဖေ အစိုးရဝန်ထမ်းငြိမ်း မူလတန်းကျောင်းအုပ်ကြီး…

ကတိသစ္စာများကိုလည်း ခါးဝတ်ပုဆိုးသဖွယ် အဓိဋ္ဌာန်းပြု၊ စွဲမြဲစွာ ကျင့်သုံးလိုက်နာရင်း၊ လွတ်လွတ်လပ်လပ် ပညာသင်ယူခွင့်ဆုံးရှုံးနေတဲ့ နိုင်ငံတွင်း ကျန်ရစ်ခဲ့တဲ့ ရိုကျောင်းသားတွေကို လဲနေသူ ထူပေးသလို သင်ကြားပို့ချနေတဲ့ ကိုယ်တွေရဲ့ ရဲဘော်‌ ဆရာသမားတွေ အပါအဝင် ဆရာများအားလုံး….

ဒီလိုအနှိုင်းမဲ့ဂုဏ်ရှင် ဆရာသမားတို့ အားလုံးအားလုံးကို –

ကျွန်တော် အဝေးတစ်နေရာကနေ အောက်မေ့သတိရ၊ လေးစားစွာ အလေးပြုရင်း လေးနက်စွာ ချီးကျူးဂုဏ်ပြုလိုက်ပါသည်။

ရေးသားသူ – Abraham

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website