"အနာဂတ်ပျောက် ရိုဟင်းသား"
နေရပ်စွန့်ကာ အသက်ကယ်ဖို့
ရောက်ရနေရ သူများပြည်သို့
သိုက်မဲ့ငှက်ပမာ ဘဝကံနှင့်
အားကိုးရာမဲ့ လမ်းလည်းတလွှဲ
ပင်လယ်ထဲမျော သစ်ငုတ်သဏ္ဌာန်
ကမ်းပျောက်လေရှာ ရိုဟင်းသား။
နလှန်ထူဖို့ စိတ်ကူးနှင့်မို့
ရုန်းကန်ထလည်း ငါးစာဖြစ်ရ
ကမ်းစမမြင် ပင်လယ်ပြင်ထဲ
ဂူတွင်းပျက်ခံ ပုရွက်ဆိတ်သို့
နစ်မြှုပ်လို့သေ ဇီဝန်အသက်
မနက်ဖြန်ပျောက်ရှာ ရိုဟင်းသား။
ကိုယ့်ပြည်တွယ်တာ ပြန်ခရီးမျှော်လို့
ဖြုတ်ကျနေတဲ့ ဥက္ကာပျံလို
သက်ကြီးအိုရွယ် နိဂုံးချုပ်နေပြီ
ကျန်ရစ်သားသမီး ရိပ်မဲ့ပင်လည်း
အခါမစေ့ ကြွေကျလုမတတ်
အနာဂတ်ပျောက်ရှာ ရိုဟင်းသား။
နောင်လာနောင်သား လက်ကမ်းဆက်ဖို့
သင့်ရာစာပေ သင်ခွင့်မရ
လှောင်အိမ်ပိတ်ခံ ကျေးငှက်ဟန်
လိုရာပန်းတိုင် မလှမ်းရှာလို့
တိတ်ဆိတ်နေရ လူအပမာ
ဘဝပျောက်လေရှာ ရိုဟင်းသား။
— မိုဟာမတ်ရှားဟ်
Editorial Team
(7-4-2024)
ညီလေးသို့ မှာတမ်း (၂)
ရေးဖွဲ့သူ – ယျာတင် (ရိုဟင်းသား)
ညီလေး...
မင်းမှာသာ လွှတ်မြောက်ချင်စိတ် ပြင်းပြနေခဲ့ရင်း
လွှတ်မြောက်မှုက မင်းနဲ့ ဝေးမနေတော့ဘူး
ဆိုစကားလည်း ရှိတယ်လေ
"ဆန္ဒရှိရင် နည်းလမ်းရှိတယ်" တဲ့။
အမှန်တရားကို လမ်ခင်း
သူရသတ္တိတွေ ရင်ဝယ်ပိုက်ရင်း
လွတ်မြောက်မှုပန်းတိုင်သို့ ခြေဦး
နောက်မဆုတ်တမ်း ချီတက်နေဖို့တော့လိုတယ်
ညီလေး။
ဖိနှိပ်ခံနေရမှုက
မွေးရာပါ အမွေဆိုးတစ်ခုဆို
ကိုယ့်ရဲ့သေတမ်းစာမှာတော့
ကိုယ်တိုက်ယူတဲ့ လွတ်လပ်မှုအကြောင်း
ဂုဏ်ယူစွာ ကမ္ဗည်းတင်နိုင်ဖို့
ယခုကစ သန္နိဌာန်ချမှတ်လိုက်စမ်းပါ။
ညီလေး...
နေမင်း ဆိုတာ နေ့မှာပဲ ပေါ်ထွန်းလာတယ်
ကြယ်စင်တွေလည်း ညမှာပဲ ထွန်းလင်းလာတယ်
ဒါဟာ ... အချိန်တန်ရင်
အရာမှန် နေရာမှန် ရောက်လာတတ်ခြင်းရဲ့သီအိုရီပဲ။
မနက်ခင်း နေမင်းရဲ့ မျှော်လင့်ချက်ရောင်ခြည်ကို
အပြုံးနဲ့ ရင်ဆိုင်နိုင်ဖို့ ဆန္ဒဖြစ်မိသလား
မတရားအနိုင်ကျင့်ခံနေရမှု အမှောင်ထဲမှာ
ငါ့ညီလေး ခံနိုင်ရည်အားကို မြှင့်တင်လိုက်ပါ။
ပြီးတော့ ...
ညအမှောင်မှာ ကြယ်စင်ထွန်းပဖို့
ငါ့ညီလေး ဆုတောင်းစရာ မလိုဘူး။
ရာသီသာယာရင် အလင်းရမယ်
မိုးသက်မုန်တိုင်းကျနေရင်
မှောင်မိုက်မှုတွေက စိုးမိုးမယ်။
ငါ့ညီလေး ...
အခြေအနေ အချိန်အခါနဲ့
လိုက်လျောညီထွေစွာ ဖြတ်သန်းတတ်တဲ့
အသိပညာတစ်ခုတော့ သင်ယူထားအပ်တယ်လေ။
ညီလေး...
မင်းငယ်ငယ်တုန်းက
"ဘဝမှာ ဘာအရေးကြီးဆုံးလဲ" ဆိုတဲ့
အမေးတိုင်းအတွက်
မင်း ငါ့ဆီက အကြိမ်ကြိမ်ရခဲ့တဲ့ အဖြေဟာ
"လွတ်လပ်မှု" ဆိုတဲ့ စကားလုံးပဲ မဟုတ်လား။
ရွှေ၊ ငွေ၊ တိုက်အိမ်၊ ဇိမ်ခံကား
အရာရာထက် လွတ်လပ်မှုက ပိုအရေးပါမှန်း
အခုဆို ငါ့ညီလေး သိလောက်ပြီပေါ့။
လူမျိုးတုံးဆိုတဲ့ လူလုပ်ကပ်ဘေးရဲ့အလယ်မှာ
ငါ့ညီလေး လူလားမြောက်ခဲ့ရတာကိုး။
ညီလေး ...
ဇရာရဲ့ဆွဲအားနောက်ကိုပဲ လိုက်နေရတဲ့ ငါ
အရင်လို စိတ်သွားတိုင်း ကိုယ်မပါတော့ပါဘူး။
အခုက ငါ့ညီလေး အလှည့်!
အသိပညာနဲ့ ထက်ကြွဖျတ်လတ်မှု ရှိသမျှ
ကိုယ်စွမ်း ဉာဏ်စွမ်းတွေကို
အဖိနှိပ်ခံတွေရဲ့ လွတ်မြောက်မှုအတွက် သုံးပါ
အောင်နိုင်ခြင်း ပန်းတိုင်ကို မရောက်မချင်းပေါ့။
ညီလေးရဲ့လုပ်ရပ်တစ်ခုစီတိုင်းဟာ
သမိုင်းထဲမှာ အပြုံးနဲ့ နေရာယူတဲ့အခါ
ငါ့ရဲ့ဂုဏ်ပြုမှုကို ဂုဏ်ယူစွာ ဆက်သပေးပါတယ်။
ဒါဟာ ... ငါ့သေတမ်းစာထဲက
ညီလေးအတွက် မှာတမ်းစာကြောင်းတစ်ချို့။
ငါ့ညီလေး အာဂလူသား ဆိုတာ ယုံတယ်။
Sn.Sep, B-11
(26-09-2019)
The Art Garden Rohingya