“ဂူတာပြင်”
ငါတို့လည်း
ပျူ ၊သက်၊ကမ်းယံက နှောလာတဲ့ သွေးနှောတွေပဲ
သာကီသွေးဆိုတဲ့ ဒီအန်အေက
မင်းတို့ရဲ့ အရူးထမှုကို လျှာထုတ်ပြလိမ့်မယ်။
လူသားမျိုးနွယ်စု တခုဟာ
လူ့တန်ဖိုးသိမ်ဖျင်းသွားလောက်တဲ့အထိအောင်
ယဉ်ကျေးတဲ့ ကမ္ဘာမှာ
ရှိသင့်တော့လို့လား ။
တိရိစ္ဆာန်လို ခြံခတ်ပိတ်ဆို့ထားခံရတဲ့
လူသားမျိုးနွယ်စု တခုဟာ
လူသားတွေရဲ့ အခြေခံရပိုင်ခွင့်တွေ
တားမြစ်ထိန်းချုပ်ခံထားရတဲ့
လူသားမျိုးနွယ်စုဟာ
လူနဲ့လူချင်းကို ဘုရားသခင်ရဲ့ အခွင့်ထူးခံလူသားတွေအဖြစ်
အားကျငေးမောရင်းသာ မျှော်ကြည့်နေရတဲ့
လူသားမျိုးနွယ်စုဟာ
ရှိနေသေးတယ်ဆိုရုံနဲ့
လူသားဆန်တဲ့ အခြားကမ္ဘာသားတွေမှာ တာဝန်ရှိသွားပြီ ။
ဂူတာပြင်မှာ
အင်းဒင်မှာ
အခြား ကမ္ဘာ့ တနေရာရာမှာ
မျိုးနွယ်စုတခုခုကို
ရည်ရွယ်ပြီးသတ်ဖြတ်နေတဲ့ ဂျီနိုဆိုက်တွေ ရှိနေရဲ့။
အတုံးအရုံး သေဆုံးသွားရတဲ့
ကလေးသူငယ် နဲ့ သက်ကြီးရွယ်အိုတွေ
ဘယ်လိုပြစ်မှု မျိုးနဲ့ သေဆုံးသွားရတယ်
သိလိမ့်မယ်မဟုတ်ဘူး
ဘုရားသခင်နဲ့တွေ့ရင် မေးကြလိမ့်မယ်
ကျွန်ုပ်တို့
အခုဆိုရင် ငရဲက လွတ်မြောက်ကြပြီမဟုတ်လား တဲ့ ။ ။
—ခက်သီ
5-9-2019
မေလ ၉ ရက်နေ့မှာ ကျဆုံးသွားသော နွေဦးတော်လှန်ရေး အာဇာနည်သူရဲကောင်း ကဗျာဆရာ ခက်သီ (ကိုဇော်ထွန်း) သည် နောက်ဆုံးထွက်သက်အထိ အမှန်တရားလမ်းပေါ် လျှောက်လှမ်းရင်း တိုင်းပြည်အကျိုး၊ ပြည်သူ့အကျိုးကို ထမ်းရွက်ခဲ့သူဖြစ်သည်။ ကဗျာဆရာ အာဇာနည် ခက်သီသည် အခါမတော် ကြွေလွင့်သွားရပေမယ့် မြန်မာပြည်သူတို့၏ စိတ်နှလုံးသားထဲတွင် ထာဝရရှင်သန်နေမည်ဖြစ်သည်။
အဖိုးမဖြတ်နိုင်သည့် ပုလဲလုံးများ၏ ပေးဆပ်မှုသည် ပြည်သူ့အောင်ပွဲဖြစ်ရမည်။ အရေးတော်ပုံ အောင်ရမည်။
၁၀-၅ -၂၀၂၁
စာတည်းအဖွဲ့