"အနာဂတ်ပျောက် ရိုဟင်းသား"
နေရပ်စွန့်ကာ အသက်ကယ်ဖို့
ရောက်ရနေရ သူများပြည်သို့
သိုက်မဲ့ငှက်ပမာ ဘဝကံနှင့်
အားကိုးရာမဲ့ လမ်းလည်းတလွှဲ
ပင်လယ်ထဲမျော သစ်ငုတ်သဏ္ဌာန်
ကမ်းပျောက်လေရှာ ရိုဟင်းသား။
နလှန်ထူဖို့ စိတ်ကူးနှင့်မို့
ရုန်းကန်ထလည်း ငါးစာဖြစ်ရ
ကမ်းစမမြင် ပင်လယ်ပြင်ထဲ
ဂူတွင်းပျက်ခံ ပုရွက်ဆိတ်သို့
နစ်မြှုပ်လို့သေ ဇီဝန်အသက်
မနက်ဖြန်ပျောက်ရှာ ရိုဟင်းသား။
ကိုယ့်ပြည်တွယ်တာ ပြန်ခရီးမျှော်လို့
ဖြုတ်ကျနေတဲ့ ဥက္ကာပျံလို
သက်ကြီးအိုရွယ် နိဂုံးချုပ်နေပြီ
ကျန်ရစ်သားသမီး ရိပ်မဲ့ပင်လည်း
အခါမစေ့ ကြွေကျလုမတတ်
အနာဂတ်ပျောက်ရှာ ရိုဟင်းသား။
နောင်လာနောင်သား လက်ကမ်းဆက်ဖို့
သင့်ရာစာပေ သင်ခွင့်မရ
လှောင်အိမ်ပိတ်ခံ ကျေးငှက်ဟန်
လိုရာပန်းတိုင် မလှမ်းရှာလို့
တိတ်ဆိတ်နေရ လူအပမာ
ဘဝပျောက်လေရှာ ရိုဟင်းသား။
— မိုဟာမတ်ရှားဟ်
Editorial Team
(7-4-2024)
အေမ
ရေးဖွဲ့သူ- Ro Anamul Hasan (Kyein Chaung Thar)
လောကအလယ် လှဂုဏ်ကြွယ်၍
တင့်တယ်ဝင်းလက် လဝန်းပမာ
အိနြေ္ဒမာယာ တရိုးရိုးဖြာလို့
ရှုမညောင်းဖွယ် အလှစွယ်စုံ
အေးစက်ချမ်းမြေ့ အမေ့ရင်ခွင်လေး။
စိတ်ရင်းမကွဲ မေတ္တာတွဲကာ
အုံဖွဲ့လိုသည့် ရင်သားများအား
မေတ္တာခန္ဓီ ထိုနှစ်လီဖြင့်
လောကီဘဝ ဖြတ်သန်းရေးကို
ဆိုဆုံးမကာ သင်ပေးလာ၏။
အိမ်ပြင်ရောက်သွား သာ့းအလာကို
မြင်သာမြင်အောင် စောင့်မျှော်နေရင်း
အာရုဏ်လင်းထိ လည်ပင်းရှည်သော်
သည်သောကက တံခါးဝမှာ
အိပ်မရဘဲ ထိုင်စောင့်စေ၏။
မီးဖိုချောင်ထဲ ခက်ခက်ခဲခဲ
အိုးမည်းပေဖြင့် ချက်ပြုတ်နေသည့်
အမေ့အကဲကို ထပ်တလဲလဲ
လှမ်းကြည့်မိတုန်း မောမဆုံးလည်း
သူ့အပြုံးကား မေတ္တာငွေ့လှိုင်ရှာ၏။
လူပုံအလယ် မျက်နှာငယ်ပြီး
ကံခေခြင်းမှာ လှုပ်ရှားရုန်းလို့
အမေ့ရုပ်ရည် ပျက်ပြားနေလည်း
အမေ့အလှ ပန်းဘဝလို
လောကကိုပင် အလှဆင်၏။
Sn.Sep,B-8
(22.9.2019)
The Art Garden Rohingya