"အနာဂတ်ပျောက် ရိုဟင်းသား"
နေရပ်စွန့်ကာ အသက်ကယ်ဖို့
ရောက်ရနေရ သူများပြည်သို့
သိုက်မဲ့ငှက်ပမာ ဘဝကံနှင့်
အားကိုးရာမဲ့ လမ်းလည်းတလွှဲ
ပင်လယ်ထဲမျော သစ်ငုတ်သဏ္ဌာန်
ကမ်းပျောက်လေရှာ ရိုဟင်းသား။
နလှန်ထူဖို့ စိတ်ကူးနှင့်မို့
ရုန်းကန်ထလည်း ငါးစာဖြစ်ရ
ကမ်းစမမြင် ပင်လယ်ပြင်ထဲ
ဂူတွင်းပျက်ခံ ပုရွက်ဆိတ်သို့
နစ်မြှုပ်လို့သေ ဇီဝန်အသက်
မနက်ဖြန်ပျောက်ရှာ ရိုဟင်းသား။
ကိုယ့်ပြည်တွယ်တာ ပြန်ခရီးမျှော်လို့
ဖြုတ်ကျနေတဲ့ ဥက္ကာပျံလို
သက်ကြီးအိုရွယ် နိဂုံးချုပ်နေပြီ
ကျန်ရစ်သားသမီး ရိပ်မဲ့ပင်လည်း
အခါမစေ့ ကြွေကျလုမတတ်
အနာဂတ်ပျောက်ရှာ ရိုဟင်းသား။
နောင်လာနောင်သား လက်ကမ်းဆက်ဖို့
သင့်ရာစာပေ သင်ခွင့်မရ
လှောင်အိမ်ပိတ်ခံ ကျေးငှက်ဟန်
လိုရာပန်းတိုင် မလှမ်းရှာလို့
တိတ်ဆိတ်နေရ လူအပမာ
ဘဝပျောက်လေရှာ ရိုဟင်းသား။
— မိုဟာမတ်ရှားဟ်
Editorial Team
(7-4-2024)
ထွက်ပေါက်မဲ့လမ်း
ရေးဖွဲ့သူ – Jahangir Alom
အမုန်းကမ္ဘာထဲ အမှတ်မထင်
ရုတ်တရက်ပင် ရောက်လာရလည်း
ရောက်သည့်နေ့မှ သေမည့်နေ့ထိ
ထွက်ပေါက်ကိုသာ ငါရှာနေရမှာလား။
ဘယ်ဘက်ကြည့်လည်း တောင်တန်း
ညာဘက်ကြည့်လည်း ပင်လယ်ကမ်း
ဘယ်သူတွေ့တွေ့ လူသားမဆန်
စာနာစိတ်က ကင်းမဲ့လှတယ်။
စခန်းထဲမှာ မွန်းကြပ်လွန်းလို့
ကုန်းကြောင်းပြေးကြံ ဖမ်းဆီးခံရ
ရေကြောင်းပြေးပြန် ရေနစ်သေရ
လေကြောင်းပြေးဖို့ တောင်ပံမပါ
ထွက်ပေါက်ရှာရ ခက်စမြဲ။
မညီမညာ ဆူးငြောင့်လမ်းပေါ်
ဟိုဟိုဒီဒီ ပြေးဟိုက်ပန်းဟိုက်
ကိုယ့်အိမ်ကိုလွမ်း ကိုယ့်ပြည်ပြန်ချင်
သို့သော်ငြားလည်း
သူ့နိုင်ငံက စခန်းထဲမှာ
ထွက်ပေါက်ရှာရင်း ပိတ်လှောင်ခံလို့
အရာမရာက် ငိုင်နေရ၏။
(၁၇-၅-၂၀၂၀) အယ်ဒီတာအဖွဲ့ The Art Garden Rohingya