ပြုံးစမ်းပါ..မိရို ( ၂ )
ရေးဖွဲ့သူ- ရိုမရုန်(န)
ညည်းစိုက်တဲ့ ဒီလယ်မြေပေါ်
သူတို့တွေ မတရားကျူးကျော်
ကောက်ပဲသီးနှံတွေ သိမ်းကာသွားတယ်
မျက်နှာပြောင်တဲ့ သူတို့တွေ
လူကိုတော့ မုန်းပါလို့
သူ့လုပ်အားကို မက်ကာမောကြတယ်
ပြုံးစမ်းပါမိရို။
ညည်းအိမ်လောင် ပြာပုံအလိမ်းလိမ်းထဲ
ကျန်ရစ်နေ အိမ်ငုတ်တိုင်ကို
သူတို့တွေ အစဖျောက်လို့
မြေညှိကာ လွင်ပြင်ဖြစ်အောင်လို့
ဖျောက်ဖျက်ကြတယ် သက်သေတွေ
ပြုံးစမ်းပါမိရို။
ပြေးလွှားရင်း လမ်းဆုံးရောက်လို့
ကမ်းစပ်နံဘေး ခြေပစ်ထိုင်ကာ
လှမ်းမမြင်နိုင် ဟိုဘက်ကမ်းကို
ဘယ်လိုများ ရောက်အောင်သွားရမယ်
အတွေးပင်လယ်ဝေတယ် ဒီခေါင်းမယ်
ပြုံးစမ်းပါမိရို။
အသက်လုပြေး လက်ဗလာနဲ့
ယူမလာနိုင် ပိုင်ဆိုင်မှုတစ်စရယ်မှ
ရင်နှစ်သည်းချာကို မြဲမြံအောင်ဆုပ်ကိုင်လို့
တစ်ဘဝစာလုံး ဖုံးကာအုပ်ခဲ့တဲ့
အရှက်သိက္ခာ ဂရုမစိုက်နိုင်ဘူး
ထမိန်ကို ခပ်တိုတိုဝတ်ကာ
လှမ်းခဲ့ရတဲ့ ဒီခြေလှမ်း
ပြုံးစမ်းပါမိရို။
Sn-May,E-06 (6-5-2020) Editorial Team The Art Garden Rohingya #StayAtHomeStaySafe