"အနာဂတ်ပျောက် ရိုဟင်းသား"
နေရပ်စွန့်ကာ အသက်ကယ်ဖို့
ရောက်ရနေရ သူများပြည်သို့
သိုက်မဲ့ငှက်ပမာ ဘဝကံနှင့်
အားကိုးရာမဲ့ လမ်းလည်းတလွှဲ
ပင်လယ်ထဲမျော သစ်ငုတ်သဏ္ဌာန်
ကမ်းပျောက်လေရှာ ရိုဟင်းသား။
နလှန်ထူဖို့ စိတ်ကူးနှင့်မို့
ရုန်းကန်ထလည်း ငါးစာဖြစ်ရ
ကမ်းစမမြင် ပင်လယ်ပြင်ထဲ
ဂူတွင်းပျက်ခံ ပုရွက်ဆိတ်သို့
နစ်မြှုပ်လို့သေ ဇီဝန်အသက်
မနက်ဖြန်ပျောက်ရှာ ရိုဟင်းသား။
ကိုယ့်ပြည်တွယ်တာ ပြန်ခရီးမျှော်လို့
ဖြုတ်ကျနေတဲ့ ဥက္ကာပျံလို
သက်ကြီးအိုရွယ် နိဂုံးချုပ်နေပြီ
ကျန်ရစ်သားသမီး ရိပ်မဲ့ပင်လည်း
အခါမစေ့ ကြွေကျလုမတတ်
အနာဂတ်ပျောက်ရှာ ရိုဟင်းသား။
နောင်လာနောင်သား လက်ကမ်းဆက်ဖို့
သင့်ရာစာပေ သင်ခွင့်မရ
လှောင်အိမ်ပိတ်ခံ ကျေးငှက်ဟန်
လိုရာပန်းတိုင် မလှမ်းရှာလို့
တိတ်ဆိတ်နေရ လူအပမာ
ဘဝပျောက်လေရှာ ရိုဟင်းသား။
— မိုဟာမတ်ရှားဟ်
Editorial Team
(7-4-2024)
ရွံရှာဖွယ် သူဌေး
ရေးဖွဲ့သူ- Dialogue Partner
ရောင်းဝယ်ဖောက်ကား၊ သူ့လောဘ
ခေတ်မီချင်သူ့၊ လမ်းကမှား
လူငယ်မကျန်၊ အမျိုးသမီးပါ
အသုံးချခံဘဝ ရောက်လို့သွား။
နေ့ညမပြတ်၊ သူကြံဆ
ကြီးပွားခဏ၊ အရူးထ
တစ်လှည့်ပြန်ကာ၊ ဆင်းရဲလာ
မျက်ရည်ဒူးကြား၊ ထိုလူသား။
အပြောအဆို၊ သူကောင်းဟန်
လုပ်ရပ်သက်သေ၊ စိတ်ရင်းမှန်
သည်ကျင့်စဉ်ပေါ်၊ လျှောက်လှမ်းသော်
ပျက်စီးလွယ်သည်၊ သူ့ဘဝ။
အလေးမထား၊ ဘာသာတရား
တရားဥပဒေ၊ မလေးစား
ချိန်ခါမရွေး၊ ရောက်နိုင်ဘေး
တွေးတောဖို့ရာ၊ ဉာဏ်ကမဲ့
ရွံရှာဖွယ်ရာ ထိုသူဌေး။
မှတ်ချက်။ ။ မူးယစ်ဘုရင်များကို ရည်ညွှန်း၍ ရေးဖွဲ့ပါသည်။
Sn.Oct, B-01
(၁၆-၁၀-၂၀၁၆)
The Art Garden Rohingya