"အနာဂတ်ပျောက် ရိုဟင်းသား"
နေရပ်စွန့်ကာ အသက်ကယ်ဖို့
ရောက်ရနေရ သူများပြည်သို့
သိုက်မဲ့ငှက်ပမာ ဘဝကံနှင့်
အားကိုးရာမဲ့ လမ်းလည်းတလွှဲ
ပင်လယ်ထဲမျော သစ်ငုတ်သဏ္ဌာန်
ကမ်းပျောက်လေရှာ ရိုဟင်းသား။
နလှန်ထူဖို့ စိတ်ကူးနှင့်မို့
ရုန်းကန်ထလည်း ငါးစာဖြစ်ရ
ကမ်းစမမြင် ပင်လယ်ပြင်ထဲ
ဂူတွင်းပျက်ခံ ပုရွက်ဆိတ်သို့
နစ်မြှုပ်လို့သေ ဇီဝန်အသက်
မနက်ဖြန်ပျောက်ရှာ ရိုဟင်းသား။
ကိုယ့်ပြည်တွယ်တာ ပြန်ခရီးမျှော်လို့
ဖြုတ်ကျနေတဲ့ ဥက္ကာပျံလို
သက်ကြီးအိုရွယ် နိဂုံးချုပ်နေပြီ
ကျန်ရစ်သားသမီး ရိပ်မဲ့ပင်လည်း
အခါမစေ့ ကြွေကျလုမတတ်
အနာဂတ်ပျောက်ရှာ ရိုဟင်းသား။
နောင်လာနောင်သား လက်ကမ်းဆက်ဖို့
သင့်ရာစာပေ သင်ခွင့်မရ
လှောင်အိမ်ပိတ်ခံ ကျေးငှက်ဟန်
လိုရာပန်းတိုင် မလှမ်းရှာလို့
တိတ်ဆိတ်နေရ လူအပမာ
ဘဝပျောက်လေရှာ ရိုဟင်းသား။
— မိုဟာမတ်ရှားဟ်
Editorial Team
(7-4-2024)
ဒုက္ခသည် ဘဝ
ရေးဖွဲ့သူ – Shahida Win
အရိပ်ခေါင်သည့် တောင်ကတုံးဝယ်
လေ-မိုးဒဏ်ကြား ဒုက္ခသည်တဲ။
နေကပူကဲ မိုးရေလျှံနှင့်
သွေးလန့်လို့တုန် ကမ်းကုန်ချမ်းလို့
ကြမ်းတမ်းလွန်းသည့် ရာသီဒဏ်စုံ
အလူးအလဲ ကြုံဖြတ်ရ။
လူကြီးသူကြီး၊ ကလေးသူငယ်
ယောက်ျား မိန်းမ အရွယ်မရွေး
အရှက်သိက္ခာ ဘေးဖယ်ကာနှင့်
သူထက်ငါသာ ဦးအောင်သွား၍
သူတောင်းစား ပမာ
အလုအယက် တန်းစီရသည်
ဝမ်းတစ်ထွာဖို့ ဝမ်းစာရိက္ခာ
လက်ဖြန့်ရယူ ဝမ်းကျောင်းရ။
လူလူချင်းပင် နိုင်ထက်စီးနင်း
ကြင်နာမှုမဲ့ သတ်ဖြတ်ကာဖြင့်
အမိမြေမှ နှင်ထုတ်ခံရ၍
တိုင်းတစ်ပါးမှာ အသက်ဆက်ရ။
အပယ်ခံလူသား ဒုက္ခသည်ဘဝနှင့်
သူ့ကျောပေါ်ဝယ် ဝန်ထုပ်ဝန်ပိုး ပမာ
လှောင်ပိတ်မှုထဲ ခိုလှုံရင်းဖြင့်
ဘဝနေ့ရက် ဖြတ်သန်းနေရ။
ရိုဟင်ဂျာအဖြစ် မွေးဖွားခြင်းက
ပြစ်မှုတစ်ခုလား ကံဆိုးမှုလား။
အိမ်ပြန်လမ်းက မရေရာ
အနာဂတ်လည်း မသေချာဘူး။
အဖိနှိပ်ခံဆုံး ဂုဏ်ပုဒ်အဆင့်ကို
ဆက်ကာငါတို့ မထမ်းလိုဘူး
လူ့ဂုဏ်သိက္ခာ လူ့တန်ဖိုးဖြင့်
လူလိုသူလို ရှင်သန်ခွင့်ကို
ငါတို့ တကယ် ရချင်မိပြီ။
Sn. Nov, B-11
(10-11-2019)
The Art Garden Rohingya