The Blog

ချစ်သောမေမေ

ရေးဖွဲ့သူ- ရိုမရုန်(န)

အမေ…
ကိုးလလွယ် ဆယ်လဖွား
အစားပျက် အအိပ်ပျက်ကာ
ဒုက္ခစုံအပြုံးမပျက်ရင်ဆိုင်ကျော်ဖြတ်ခဲ့ပါသော
သမီးရဲ့ချစ်သောမေမေ

ကောင်းခြင်းမင်္ဂလာနဲ့ လူ့လောကသို့ခေါ်ဆောင်
ယုယစွာထွေးပိုက်ကြင်နာစွာ နို့ချိုတိုက်ကျွေးလို့
ပိုးမွှားကောင်အန္တရာယ်မှကာကွယ်သော
သမီးရဲ့ချစ်သောမေမေ

ငယ်စဉ်တောင်ကျေး ကလေးဘဝမှသည်
အရွယ်ရောက် လူလားမြောက်သည့်တိုင်
အရိပ်တကြည့်ကြည့် စောင့်ရှောက်ခဲ့ပါသော
သမီးရဲ့ချစ်သောမေမေ

မေမေဟာ
လမိုက်ညမှာလမ်းပြတဲ့သမီးဘဝရဲ့ ဓူဝံကြယ်
အပြောကျယ်တဲ့ ပင်လယ်ထဲ
အားကိုးဖို့ လှမ်းဆုပ်မိတဲ့
သမီးဘဝရဲ့ ကောက်ရိုးတစ်မျှင်
နွေကန္တာသဲသောင်ပြင်ထဲ
အသက်ဆက်စရာ
အိုအေစစ်ပါ မေမေ။

ချစ်သောမေမေ မာပါစေ
ဆုမွန်မှန်းကာချွေ
အနာဟူသမျှ ကင်းစေသား
သောကဝေးစေသား
မောဟမီးလည်းငြိမ်းပါစေ
ရွှေရင်အေးပါစေ
လိုတရလို့ပြည့်စေသား
ချစ်သမီးတောင်းဆုထား။

( ၁၉- ၀၅-၂၀၂၀)

အယ်ဒီတာအဖွဲ့
The Art Garden Rohingya 

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website