The Blog

The Art Garden Rohingya Interview

“ရိုဟင်ဂျာ အမျိုးသမီး​တွေရဲ့ အခက်အခဲ​တွေကို ကဗျာကတဆင့် လူထုကို သတင်းစကား (message) ပို့ချင်လို့ က​ဗျာ​တွေ ရေးဖြစ်တာပါ”

Shahida Win

လို့ ဆိုသူ လူငယ်ကဗျာဆရာမ Poetess Shahida Win နဲ့ The Art Garden Rohingya အင်တာဗျူး

၂၀၂၀ ခုနှစ်၊ ဇန္နဝါရီလ (၄) ရက် |The Art Garden Rohingya|

The Art Garden Rohingya သည် လူမှုအခြေပြု စာပေအနုပညာ website ဖြစ်ပါသည်။ ကျွန်ုပ်တို့ The Art Garden Rohingya သည် ရိုဟင်ဂျာတို့၏ စာပေ၊ အနုပညာ၊ ရိုရားဓလေ့များကို ဖော်ဆောင်ပေးချင်သည့် စာပေအနုပညာချစ်မြတ်နိုးသော ရိုဟင်ဂျာလူငယ် ကဗျာဆရာများကို အားပေးအားမြှောက်ပြုလျက်ရှိပါသည်။ ရိုဟင်ဂျာလူငယ် ကဗျာဆရာများ ကဗျာစာပေကို ရွေးချယ်ရကြောင်း၏ အကြောင်းကို သိရှိနိုင်ခြင်းငှါ ကဗျာဆရာများနှင့် မေးမြန်းမှုပြုလုပ်သည့် အင်တာဗျူးကဏ္ဍကို တင်ဆက်လိုက်ပါသည်။

အင်တာဗျူးထဲက ထင်မြင်ယူဆချက်၊ ခံယူချက် စသည်တို့သည် ကဗျာဆရာ၊ ဆရာမတို့၏ အာဘော်သာဖြစ်ပြီး၊ The Art Garden Rohingya ၏ အာဘော်မဟုတ်ကြောင်း အလေးအနက် သိစေအပ်ပါသည်။

AG: ဆရာမရဲ့ကိုယ်ရေးအကျဉ်းလေး မိတ်ဆက်ပေးပါ။

SW:
ကျွန်​မ နာမည်က မရှာဟီဒါ (ခ) ဝင်းဝင်းမော်ပါ။ ကျွန်​မ ဧရာဝတီတိုင်း၊ ဖျားပုံမြို့မှာ မွေးဖွားခဲ့ပါတယ်။ ကျွန်မ အဖေ ၁၉၇၂ ခုနှစ်မှာ ဧရာဝတီကို သွားပြီး ကျွန်မ အမေ့ကို လက်ထပ်ခဲ့ပါတယ်။ အဖေက ရိုဟင်ဂျာ ဖြစ်ပြီး အမေက မြန်မာ လူမျိုး ဖြစ်ပါတယ်။ ၁၉၉၆ မှာ မြန်မာ့ အာဏာပိုင်များက ကျွန်မ အဖေကို ရိုဟင်ဂျာဖြစ်လို့ ဖမ်းဆီးပြီး သူ့​မွေးရပ်​ဒေသ မောင်တောမြို့ တောင်ပိုင်းကို ပြန်ပို့ခဲ့ပါတယ်။ သူ ကျွန်မတို့ဆီ ပြန်မသွားနိုင်တဲ့ အတွက် ၂၀၀၀ ခုနှစ်မှာ အမေနှင့်အတူ ကျွန်မတို့ အငယ်ဆုံး မောင်နှမ နှစ်ယောက် အဖေဆီ အပြီးလာခဲ့ပါတယ်။ အစ်ကိုကြီးတွေ ယနေ့ထိ ဗမာပြည်မှာ နေပါတယ်။ ကျွန်မတို့ ရောက်လာတဲ့ ရွာမှာ မူလတန်းကနေ အလယ်တန်းထိ တက်ခဲ့ပါတယ်။ အထက်တန်းကိုတော့ တစ်မိုင်ဝေးတဲ့ ကျောင်းတစ်ကျောင်းမှာ တက်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်​ အရေးအခင်းနဲ့ မိသားစု ငွေကြေး အခဲအခတ်​ကြောင့် ကျွန်မ ပညာ ဆက်လက် သင်ယူခွင့် မရခဲ့ပါဘူး။ မိသားစု ဝင်ငွေ ရရှိဖို့ MSF မှာ ဆရာဝန် ဘာသာပြန် အဖြစ် ဝင်လုပ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်​မှာ ဘင်္ဂလာဒေရှ့်ကို သက်လု ပြေးလာပြီး အခုအချိန်​ထိ ဒုက္ခသည် စခန်းမှာ ခိုလှုံနေရပါတယ်။ ဒီကိုရောက်လာပြီး NGOs တွေမှာ ဆက်ပြီး အလုပ်လုပ်နေတယ်။ လက်ရှိ Rohingya Culture Memory Center မှာ ရိုဟင်ဂျာ ရိုးရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ အနုပညာ စတာတွေကို ပြန်လည် ဖော်ထုတ် မှတ်တမ်းတင် ရေးသား ပြုစုရေး အဖွဲ့ဝင်တစ်ဦးအဖြစ် လုပ်ကိုင်နေပါတယ်။

AG: မြန်မာနိုင်ငံမှာရှိတုန်း ကလေးဘဝက အကောင်းဆုံး အမှတ်တရ တစ်ခုလောက် ပြောပြပါလား။

SW: ကလေးဘဝက အကောင်းဆုံး အမှတ်တရ ဆိုတော့ ကျွန်မ တို့ (၈) တန်း စာမေးပွဲ ဖြေပြီး နွေရာသီ ကျောင်းပိတ်ရက်မှာ ကျွန်မတို့ အဖွဲ့လိုက် သူငယ်ချင်း အိမ်တွေမှာ တစ်အိမ်ပြီးတစ်အိမ် အပြန်အလှန် လည်ခဲ့တဲ့ အမှတ်တရလေးကို အမြဲ သတိရတယ်။ အရမ်းလည်း ပျော်ခဲ့တယ်။ အဲ့မှာ အလည်အပတ် နောက်ဆုံးနေ့ သူငယ်​ချင်း တစ်​​ယောက်​အိမ်​က အပြန်​ အရမ်း​နေပူလို့ သစ်​ပင်​အရိပ်​မှာထိုင်​ပြီး အားလုံးက အုန်း​ရေ အတူတူသောက်​ခဲ့တယ်​။ တစ်ယောက်နဲ့တစ်ယောက် ခွဲရတော့မယ်။ အဲ့ဒီနေ့က​ နောက်​ဆုံး​နေ့ဆိုတော့ အပင်​အရိပ်​မှာ အားလုံး အမှတ်​တရ စကား​လေး​တွေ​ပြောကြပြီ ​​ယောက်ျားလေး သူငယ်ချင်းတွေ​ရော့ ​မိန်းကလေး သူငယ်ချင်းတွေပါ အားလုံး ငိုကြတယ်။ အဲ့ ​နောက်​ပိုင်း မိန်းက​လေး သူငယ်​ချင်း​တွေ အများစု (၉) တန်း​ ဆက်မတက်​ခဲ့ဘူး။ ဒီ အမှတ်တရကို မမေ့နိုင်ဘူး။

AG: ဆရာမရဲ့ ပညာရေးနောက်ခံ အကြောင်းလေး ပြောပြပါဦး။

SW: ကျွန်မ မူလတန်းနဲ့ အလယ်တန်းကို ချိန်ခါလီ (​မောင်​​တော ​တောင်​ပိုင်း) အလယ်တန်းကျောင်းမှာ တက်ရောက် သင်ယူခဲ့ပါတယ်။ အထက်တန်းကို အလယ်သံကျော် အထက်တန်းကျောင်းမှာ သင်ယူခဲ့ပါတယ်။ အတန်းထဲမှာ ကျွန်မ အတော်ဆုံး မဟုတ်ပါဘူး။ ဒါပေမယ့် စာကြိုးစားလို့ အခန်းထဲမှာ အညံ့ဆုံး ကျောင်းသား အဖြစ် သတ်မှတ်မခံခဲ့ရတာ ကံကောင်းလို့ ပြောရပါမယ်။ တခြား ဘာသာတွေထက် မြန်မာစာ အားသန်ပါတယ်။ ၂၀၁၂ ခုနှစ်​မှာ ဆယ်တန်း စာမေးပွဲကို ဖြေဆိုခဲ့ပါတယ်။ ဘာသာ တချို့မှာ အားနည်းချက်ရှိလို့ မအောင်ခဲ့ပါဘူး။၂၀၁၂ အရေးအခင်းလည်း ဖြစ်ခဲ့လို့ ကံဆိုးတယ်။ ပြီးတော့ မိသားစုကို အထောက်အကူ ပြုနိုင်ဖို့ ပညာ ဆက်မသင်ယူဘဲ အလုပ်စ လုပ်ရပါတော့တယ်။

AG : ဘယ်အရာက ဆရာမကို ကဗျာရေးဖွဲ့ဖို့ လှုံ့ဆော်ခဲ့တာလဲ။ ကဗျာတွေ ရေးဖြစ်တဲ့ အကြောင်းလေးပေါ့။ အဲ့ဒါလေး ပြောပြပါ။

SW: ကျွန်မ NGO တွေမှာ အလုပ်လုပ်တော့ အမျိုးသမီး အများကြီးနဲ့ ပြောဆို ဆက်ဆံခဲ့ရတယ်။ သူတို့ရဲ့ နေ့စဉ် ဘဝ ခံစားချက်တွေ ကျမကို အမြဲ ပြောပြ မျှဝေတယ်။ သူတို့ ကြုံတွေ့နေတဲ့ အိမ်တွင်း အကြမ်းဖက်မှု အကြောင်း၊ Dowry အကြောင်း ၊ အမျိုးသမီး ဖြစ်လို့ တန်းတူ အခွင့်အရေး မရှိကြောင်း စတာတွေ အမြဲ နားထောင်ရင်းနဲ့ ကဗျာ ရေးဖွဲဖို့ စိတ်ကူး ရလာခဲ့ပါတယ်။ ရိုဟင်​ဂျာ အမျိုးသမီး​တွေရဲ့အခက်​အခဲ​တွေကို ကဗျာကတဆင့် လူထုကို သတင်းစကား (message) ပို့ချင်လို့ ရေးဖြစ်တာပါ။ အဓိက အမျိုးသမီးတွေကို ခွဲခြားဆက်ဆံတာ ရပ်တန့်ဖို့ ရည်ရွယ်ပြီး စ ရေးဖြစ်တာပါ။ အယ်ဒီတာ တွေလည်း အများကြီး ကူညီခဲ့ပါတယ်။ စာဖတ် မိတ်ဆွေတွေ အားပေးခဲ့လို့သာ ကဗျာတွေ ဆက် ရေးဖွဲ့ဖို့ ခွန်အား၊ တွန်းအား ဖြစ်စေခဲ့ပါတယ်။ ကဗျာဆရာမ ဖြစ်ဖို့ အိပ်မက် မမက်ခဲ့ပါ။ ယနေ့ထိ ကိုယ့်ကိုကိုယ် ကဗျာဆရာမလို့ မသတ်မှတ်ပါဘူးရှင်။

AG: အနှစ်သက်ဆုံး ကဗျာဆရာ သို့မဟုတ် စာရေးဆရာက ဘယ်သူဖြစ်မလဲ။ ဘာကြောင့် သူ့ကို သဘောကျ နှစ်သက်တာလဲ။

SW: ကျွန်မရဲ့ အနှစ်သက်ဆုံး ကဗျာဆရာက စာဆိုတော်ကြီး ဆရာ တင်မိုး ဖြစ်ပါတယ်။ သူ့ ကဗျာတွေ အရမ်း လေးနက်ပါတယ်ရှင်။ သူ နိုင်ငံရေး ကဗျာ တွေလည်း အများကြီး ရေးဖွဲ့ ခဲ့ပါတယ်။ ဒါကြောင့် သူ့ကို ပိုသဘောကျ နှစ်သက်တာပါ။

AG: The Art Garden Rohingya Page မှာ ဆရာမ ကဗျာ ဘယ်နှစ်ပုဒ် ရွေးချယ်ဖော်ပြခံရပြီလဲ။

SW: ဟုတ်ကဲ့ (၇) ပုဒ်ပါရှင်။ နောက်ထပ်လည်း ရေးပို့ထားတယ်။

AG: ပထမဆုံး ရွေးချယ်ဖော်ပြခံရတဲ့ ကဗျာကရော ဘယ်ကဗျာပါလဲ။ အဲ့လို ရွေးချယ်ဖော်ပြခံရတဲ့အချိန်မှာ ဘယ်လိုခံစားရလဲ။ ခံစားချက်လေး မျှဝေပါ။

SW: ကျမရဲ့ ပထမဦးဆုံး ကဗျာက ” ဂုဏ်ယူစရာ သမီးမဟာ ” ဖြစ်ပါတယ်။ ဘယ်လို ခံစားခဲ့ရလဲ ဆိုရင် အရမ်း စိတ်လှုပ်ရှားခဲ့ပါတယ်။ ပျော်လည်းပျော် ခဲ့ပါတယ်။ လူတွေ အားပေးတာ တွေ့လို့ ကြိုးစား ရေးဖွဲ့ခဲ့တာကို ကျေနပ်မိပါတယ်။

AG: ဘဝမှာ ဘာဖြစ်ချင်ပါလဲ။ ဆိုလိုချင်တာက ဘဝ ရည်မှန်းချက်က ဘာလဲပေါ့။

SW
: ကျမ ဖြစ်ချင်ခဲ့တာက ဆရာဝန်ပါ။ ဒါပေမဲ့ အကြောင်း အမျိုးမျိုးကြောင့် ပညာ ဆက်လက် သင်ယူခွင့်ပါ မရခဲ့လို့ အိပ်မက်ဟာ အိပ်မက် အဖြစ်သာ ကျန်ရစ်​ခဲ့ပါပြီ။

AG: ဘဝရဲ့ စံပြပုဂ္ဂိုလ် (ဟီရိုး) က ဘယ်သူပါလဲ။

SW:
ကျွန်မရဲ့ အမေ ပါ ။ သူ့လာက် စေတနာ၊ မေတ္တာ၊ အနစ်နာခံနိုင်တဲ့ပုဂ္ဂိုလ် ကျွန်​မအတွက်​ တခြား မရှိပါဘူး။

AG: ရိုဟင်ဂျာလူငယ်မျိုးဆက်တွေအတွက် သတင်းစကားလေး ဘာများ ပါးချင်ပါသလဲ။

SW:
အသိပညာ အတတ်ပညာကို လေ့လာ သင်ယူပါ။ စာ ဖြစ်ဖြစ်၊ အလုပ်ဖြစ်ဖြစ် ကြိုးစားလုပ်ဆောင်ပါ။ အလုပ်လက်မဲ့ မနေပါနဲ့။ အချိန်ကို အသုံးချပါ။ အချိန်ရဲ့ အသုံးချခြင်းကို မခံမိပါစေနဲ့။ တိုးတက် အောင်မြင်အောင် မကြိုးစားပါက နောက်ကျ ကျန်ရစ်သွားပါလိမ်မယ်။ ကျောင်းမတက်နိုင်ရင်တောင် online က စာတွေ အများကြီး လေ့လာ သင်ယူလို့ရပါတယ်။အချိန်ကို တန်ဖိုးထားပြီ ကိုယ့်ဘဝကို တန်ဖိုးရှိအောင် လုပ်ပါ။

AG: ရိုဟင်ဂျာအသိုင်းအဝိုင်း တစ်ခုလုံးအတွက်ရော ပါးချင်တဲ့ သတင်းစကားလေးက ဘာများဖြစ်ပါမလဲ။

SW:
မိမိတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့ မိမိကိုယ်မိမိ အရင်ဦးဆုံးစပြောင်းပါ။ မိမိတို့ရဲ့ သားသမီးများကို ပညာသင်ပေးပါ။ တန်းတူညီမျှတဲ့ အခွင့်အရေးကို ဘယ်သူမှ လွယ်လွယ်နဲ့ မပေးကြပါဘူး။ သမိုင်းကိုလေ့လာပါ။ မိမိတို့ ဘာမှားနေလဲ ပြန်သုံးသပ်ပါ။ ပြုပြင်သင့်တာတွေ ပြုပြင်ပါ။ လုပ်သင့်တာကို လုပ်ပါ။ ရှောင်သင့်တာ ရှောင်ပါ။ မွေးရပ်ဌာနေကို အမြန်ဆုံးပြန်နိုင်ရေး၊ တန်းတူညီမျှရေးနဲ့ ငြိမ်းချမ်းရေးအတွက် လွယ်ကူချောမောတဲ့ အကောင်းဆုံးနည်းလမ်းကို ရွေးချယ်လုပ်ဆောင်ကြပါ။ ကိုယ့်လူမျိုးသမိုင်းကို မိမိတို့ကိုယ်တိုင် ရေးကြပါ။ အနာဂတ်မျိုးဆက်တွေ အပြစ်မတင်နိုင်အောင်၊ သမိုင်းတရားခံ မဖြစ်မိအောင် မိမိတို့ရဲ့ တာဝန်ကို ကျေပွန်ကြပါ။

AG: အခုလို စိတ်ရှည်လက်ရှည် ဖြေကြားပေပးတဲ့အတွက် The Art Garden Rohingya မှ ကျေးဇူးတင်ပါတယ်။

SW: အခုလိုမျိုး မိမိရဲ့ ခံစားချက်၊ ခံယူချက်တွေ မျှဝေခွင့် ရရှိခဲ့တဲ့အတွက်လည်း The Art Garden Rohingya ကို အထူး ကျေးဇူးတင်ပါတယ်။

 

By 
Editorial Team

#RohingyaInterview
#RohingyaHeartbeats
#InterviewwithRohingyaPoets/Artists

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website