စစ်တလင်းက သစ်ပင်ကြီး
ရေးဖွဲ့သူ- Dialogue Partner & Lalmoti Khan
သီးချိုကြိုင်မွှေး ပွင့်လန်းဆင်၍
ငြိမ်းအေးသာယာ ရိပ်ကြီးကြီးနှင့်
ခိုနားသူမခြား ရင်အေးစေသည့်
စစ်မြေပြင်က သစ်ပင်ကြီးသည်
ငါ့မေတ္တာနှင့် ဆင်တူယိုးမှား
တူလွန်းလှပေ၏။
ဘာသာပေါင်းစုံ လူမျိုးစုံနှင့်
မကွဲမခြား မိုးဒဏ်ပူဒဏ်
မျှမျှတတ ထီးလိုအုပ်၍
ကာကွယ်ပေးသည့်
စစ်မြေပြင်က ထိုသစ်ပင်ကြီးသည်
ငါ့ဝါဒကို ကြွင်းမကျန်အောင်
ဖော်ပေးနေပေ၏။
အသီးအရွက် အကိုင်းအလက်
ခူးဆွတ်ခုတ်ဖြတ် ခံရသော်လည်း
သစ္စာစောင့်တဲ့ ကုလားအုတ်နှယ်
နာခံလိုက်လျော
စစ်တလင်းက ထိုသစ်ပင်ကြီးသည်
ငါ့သည်းခံခွင့်လွှတ်စိတ်ကို ထပ်တူပြု၍
ဖော်ကျူးနေပေ၏။
ထက်မြလွန်တောက် လွှသွားကောက်နှင့်
ပင်စည်မြေထိ အသေဖြတ်ချိန်
နာကျင်ဝေဒနာ ပြင်းခံစားသည့်
စစ်တလင်းက ထိုသစ်ပင်ကြီးသည်
ကျည်ဆံထိမှန် သတ်ဖြတ်ခံရချိန်ဝယ်
ခံစားရသည့်
ငါ့မျိုးတို့၏ နာကျင်ဆင်းရဲမှုကို
ရောင်ဟပ်နေပေ၏။
(13-6-2020)
#TheArtGardenRohingya