The Blog

လူငယ်ကဗျာဆရာ “မောင်မောင်တင်” နှင့် The Art Garden Rohingya အင်တာဗျူး

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၉)ရက်

The Art Garden Rohingya သည် လူမှုအခြေပြု စာပေအနုပညာ website ဖြစ်ပါသည်။ ကျွန်ုပ်တို့ The Art Garden Rohingya သည် ရိုဟင်ဂျာတို့၏ စာပေ၊ အနုပညာ၊ ရိုရားဓလေ့များကို ဖော်ဆောင်ပေးချင်သည့် စာပေအနုပညာချစ်မြတ်နိုးသော ရိုဟင်ဂျာလူငယ် ကဗျာဆရာများကို အားပေးအားမြှောက်ပြုလျက်ရှိပါသည်။ ရိုဟင်ဂျာလူငယ် ကဗျာဆရာများ ကဗျာစာပေကို ရွေးချယ်ရကြောင်း၏ အကြောင်းကို သိရှိနိုင်ခြင်းငှါ ကဗျာဆရာများနှင့် မေးမြန်းမှုပြုလုပ်သည့် အင်တာဗျူးကဏ္ဍကို တင်ဆက်လိုက်ပါသည်။

အင်တာဗျူးထဲက ထင်မြင်ယူဆချက်၊ ခံယူချက် စသည်တို့သည် ကဗျာဆရာတို့၏ အာဘော်သာဖြစ်ပြီး၊ The Art Garden Rohingya ၏ အာဘော်မဟုတ်ကြောင်း အလေးအနက် သိစေအပ်ပါသည်။

AG: ညီလေးရဲ့ ကိုယ်ရေးအကျဉ်းလေး မိတ်ဆက်ပေးပါ။

MMT: ဟုတ်ကဲ့… ကျွန်တော် မောင်မောင်တင် (ရိုပုတ္တ) ပါ။ အသက် (၂၁)နှစ်ပါ။ ဇာတိကတော့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သူဦးလာကျေးရွာဖြစ်ပါတယ်။ ဖေဖေ ဟာဂျီ ရာဘီအုလ္လာနှင့် မေမေ ဒေါ်ရော်ရှိဒါတို့ရဲ့ ပထမမြောက်သားဖြစ်ပါတယ်။ ယ္ခု ဒုက္ခသည်စခန်းမှာ ခေတ္တ ခိုလှုံနေပါတယ်။

AG: မြန်မာနိုင်ငံမှာရှိတုန်း ကလေးဘဝက အကောင်းဆုံး အမှတ်တရ တစ်ခုလောက် ပြောပြပါလား။

MMT: ကလေးဘဝရဲ့ အကောင်းဆုံး အမှတ်တရကတော့ ကိုယ့်ရဲ့ ကျောင်းသားဘဝမှာ ပညာ့ဂုဏ်ရည်ဆုချီးမြှင့်ပွဲ ကျင်းပခဲ့တဲ့ အခမ်းအနားမှာ ကျနော်က တစ်ကျောင်းလုံး အမှတ်အများဆုံးဆုနဲ့ ကိုယ့်အတန်းမှာလည်း ပထမဆုကို ဆွတ်ခူးပြီး ကျွန်ုပ်ရဲ့ ဆရာ၊ဆရာမများ၊ အချစ်ဆုံး လမ်းညွန်းဆရာ ဦးရော်ဘီအုလ်ဟာဆောန်နဲ့ ကျန်ုပ်၏ မိဘတို့ကိုလည်း အူမြူးပျော်ရွှင်ပေးနိုင်စေခဲ့တဲ့ အခါသမယက ‌ကလေးဘဝရဲ့ အကောင်းဆုံး အမှတ်တရတစ်ခု‌ဖြစ်ပါတယ်။

AG: ညီလေးရဲ့ ပညာရေး နောက်ခံ အကြောင်းလေး ပြောပြပါဦး။

MMT: ကျနော်ကတော့ ကိုယ့်ကိုကိုယ် အရှုံးသမားတစ်ယောက်‌အနေနဲ့ ကံဆိုးအသာစီးနေတဲ့ သူတစ်ယောက်ပါ။၂၀၁၇ ခု ဩဂုတ်လမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ၊ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲမဖြေနိုင်ခဲ့သူ တစ်ယောက်ပါ။

AG : ဘယ်အရာက ညီလေးကို ကဗျာရေးဖွဲ့ဖို့ လှုံ့ဆော်ခဲ့တာလဲ။ ကဗျာတွေ ရေးဖြစ်တဲ့ အကြောင်းလေးပေါ့။ အဲ့ဒါလေး ပြောပြပါလား။

MMT: ပညာသင်ယူနေတုန်းက သင်္ချာကို အတော်ချစ်မိခဲ့တဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ မြန်မာစာသင်ပြတဲ့ချိန်မှာ ထူးထူးခြားခြား ပျော်ရွှင်ခဲ့သူပါ။ ဆရာတွေက ကဗျာတွေရှင်းပြချိန်မှာ အသံနေအသံထားနဲ့ ရွတ်ဆိုရှင်းပြတဲ့ခါ သာယာတဲ့ ကဗျာရွတ်သံတွေက ကဗျာဘက်သို့ ဆွဲဆောင်သွားတယ်။ ဒီလိုနဲ့ တဖြေးဖြေး ဝါသနာပါလာခဲ့ပါ။ ဒါ့အပြင် မွေးရပ်မြေ‌ မြန်မာပြည်မှ အသက်တရှိုက်ရှူခွင့်ရရန် ထွက်‌ပြေးလာသည်နှင့် ဒုက္ခသည်စခန်းမှာ သင်ယူခွင့်မဲ့၊ အလုပ်မဲ့ ငိုက်မျဉ်းမျဉ်း ထိုင်နေခြင်းမှ အတိတ်က ဖြတ်သန်းခဲ့တဲ့ ဖြစ်အင်တွေ တစတစ ပေါ်လာတဲ့ အတွေးကောင်းကင်က ကဗျာရေးဖို့ ကုန်ကြမ်းဖြစ်ခဲ့တယ်။ ငယ်စဉ်ကတည်းက အိပ်မက်‌တွေပျက်သွားရင်လဲပဲ ရောက်ရာဘဝမှာ အားမလျှော့ဘဲ အနာဂတ်မှာ လက်ရာပစ္စည်းအဖြစ်‌ကျန်ရစ်စေအောင် ကဗျာရေးခြင်းကို အရှိန်တိုးခဲ့တယ်။ ကျုပ်ရဲ့ အချစ်ဆုံး သူငယ်ချင်း မုဟမ္မဒ်အိစ္စမိုလ်ရဲ့ အားပေးမှုလဲ ချန်လှစ်လို့မဖြစ်ပါဘူး။

AG: ညီလေးရဲ့ အနှစ်သက်ဆုံး ကဗျာဆရာ သို့မဟုတ် စာရေးဆရာက ဘယ်သူဖြစ်မလဲ။ ဘာကြောင့် သူ့ကို သဘောကျ နှစ်သက်တာလဲ။

MMT: ကျနော်ကတော့ ကဗျာဆရာ၊ စာရေးဆရာ အားလုံးကို ချစ်ခင်နှစ်သက်ပါတယ်။ ရိုဟင်ဂျာထဲမှ ကျွန်ုပ်ရဲ့ အနှစ်သက်ဆုံးစာရေးဆရာ၊ ကဗျာဆရာတွေကတော့ ရိုဟင်းလေး(လူထုဝဏ္ဏ)၊ Ro Pacifist နှင့် ယျာတင်(ရိုဟင်းသား) ပါပဲ။ သူတို့ရေးတဲ့ ကဗျာတွေစာတွေဖတ်ရင်း စိတ်ထိတယ်။ ဗဟုသုတရတယ်။ မျက်ရည်ကျစေတယ်။ ဥပမာအားဖြင့်ဆိုသော် ဒုက္ဒသည်စခန်းမှာ (DRC) က ဦးဆောင်ကျင်းပခဲ့တဲ့ ကဗျာရွတ်ဆိုရေးပြိုင်ပွဲမှာ ကျနော်ကလည်း ယှည်ပြိုင်သူတစ်ယောက်ဖြစ်ခဲ့တယ်။ အဲဒီမှာ Ro Pacifist က ကဗျာတစ်ပုဒ်ရွတ်ဆိုရှင်းပြချိန်မှာ ရိုဟင်ဂျာပရိသတ်တွေသာမက နိုင်ငံခြားသားတွေတောင် မျက်ရည်မထိန်းနိုင်ခဲ့၊ တခိုးတဝှက် မျက်ရည်သုတ်ကြတာပါပဲ။ ဒါ့အပြင် ဗမာလူမျိုးတွေက ရိုဟင်ဂျာတွေပညာတတ်ဘူးလို့ ကဲ့ရဲ့နေတုန်းမှာ ပင်လယ်သမုဒ္ဒရာပြင်မှာ ပေါ့လောပေါ်နေတဲ့ ရိုဟင်ဂျာတစ်မျိုးသားလုံးရဲ့ ဂုဏ်ရောင်ထွန်းပြောင်ဖို့ ရင်ဘောင်တန်း လျှောက်နေတာကြောင့် လေးစားစိတ်ပိုများတယ်လို့ ပြောရပါမယ်။

AG: The Art Garden Rohingya Page မှာ ခင်ဗျားရဲ့ ကဗျာ ဘယ်နှပုဒ် ရွေးချယ်ဖော်ပြခံရပြီလဲ။

MMT: ဆယ်ပုဒ် ပါ။

AG: ပထမဆုံး ရွေးချယ်ဖော်ပြခံရတဲ့ ကဗျာကရော ဘယ်ကဗျာပါလဲ။ အဲ့လို ရွေးချယ်ဖော်ပြခံရတဲ့အချိန်မှာ ဘယ်လိုခံစားရပါသလဲ။ ခံစားချက်လေး မျှဝေပါ။

MMT: ” Journey Of My Life ” ပါ။ အဲ့ဒီကဗျာက ရိုဟင်ဂျာတွေကို နိုင်ငံရေးအရ လူမဆန်စွာ သတ်ဖြတ်မှု၊ ငယ်ပျိုမရွေး မုဒိမ်းကျင့်ခြင်းနှင့် ထွက်ဖဲခွာ‌စေသည့်ခံစားချက်၊ အရွက်နှင့်ရေကိုပဲ အစာအဖြစ်စားပြီး ဖိနပ်တောင်မှမပါ ဥစ္စာဓနခပ်သိမ်း ပြာအဖြစ် ပျံသွားစေခဲ့တဲ့ ကိုးရာမဲ့သူတွေရဲ့ မျက်ရည်တွေပေါ် ခံစားပြီးရေးခဲ့ဲ့တာပါ။ ဒီကဗျာကို ကမ္ဘာသူ/သားရှေ့ ရွေးချယ်ဖော်ပြခံရတဲ့အချိန်မှာ တစ်ပြန်ခံစားရပြီး အခါခါငိုပြီး တခါပဲပြုံးနိုင်ခဲ့ပါတယ်။

AG: ဘဝမှာ ဘာဖြစ်ချင်ပါလဲ။ ဆိုလိုချင်တာက ဘဝ ရည်မှန်းချက်က ဘာလဲပေါ့။

MMT: အုဖ့်! ဘဝမှာ ဖြစ်ချင်တဲ့ဟာက ရိုးရိုးလေးပါ။ အိပ်မက်မှ ခွေဟောင်သံကြောင့် နိုးကြား၍ အမိအဖက ဂုဏ်ယူမဆုံးဖြစ်တဲ့ နှလုံးသားမောင်မောင်တင်၊ လူတွေရဲ့ စံပြပုဂ္ဂိုလ်မောင်မောင်တင်ပဲ ဖြစ်ချင်ပါတယ်။ ဒါပါပဲ။

AG: ဘဝရဲ့ စံပြပုဂ္ဂိုလ် (ဟီရိုး) က ဘယ်သူပါလဲ။

MMT: ကျွန်ုပ် စံပြပုဂ္ဂိုလ်ကတော့ ဖေဖေပါပဲ။ ဒါပေမယ့် အရှင်မြတ်က လက်ဆောင်ပေးတော်မူတဲ့ တစ်ဦးတည်းသော ညီလေး တာရဲခ်ဇီယာကလဲ စံပြုစံပြပုဂ္ဂိုလ်တစ်ယောက်ပါ။

AG: ရိုဟင်ဂျာလူငယ်မျိုးဆက်တွေအတွက် သတင်းစကားလေး ဘာများ ပါးချင်ပါလဲ။

MMT: ” ဟုတ်ကဲ့ပါ၊ အခြေ‌အနေက ကျွန်ုပ်တို့ရဲ့ စိတ်ဝါသနာ၊ ပြင်းပြတဲ့ဆန္ဒ၊ ရည်မှန်းချက်တွေမှ ကင်းကွာတားမြစ်ထားတာ မှန်ပါတယ်။ ဒါပေမဲ့ အရှုံးမပေးဘဲ တို့ရဲ့ ထက်မြက်တဲ့ ဉာဏ်ရည်စွမ်းနဲ့ ထက်မြက်တဲ့သွားဖြင့် ကျော့ကွင်းကြိုးတွေကို ကိုက်ဖြတ်ပြီး တစ်မျိုးသားလုံးကို ကျော့ကွင်းမှ လွှတ်မြောက်နိုင်အောင် အားထုတ်ကြပါ ” လို့ အမှာစကားပါးချင်ပါတယ်။

AG: ရိုဟင်ဂျာအသိုင်းအဝိုင်းတစ်ခုလုံးအတွက်ရော ပါးချင်တဲ့ သတင်းစကားလေးက ဘာများဖြစ်ပါမလဲ။

MMT: ကျနော်က လူငယ်တစ်ယောက်‌အနေ‌နဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းတစ်ခုလုံးအတွက်ရော ” ကိုယ့်လူမျိုးကို ကိုယ်မှမချစ်လျှင် တခြားတစ်ယောက်က ဘယ်တော့မှ ချစ်မှာမဟုတ်ဘူး၊ ကိုယ့်ကိုကိုယ်ရောင်းစားရင် ဘာကြောင့် အခြားတစ်ယောက်က မဝယ်ဘဲ နေမလဲ။ လမ်းကျဉ်းတစ်ခုမှာ အသင်သာ တစ်ယောက်တည်းရပ်နေပိတ်ဆို့ထားရင် တခြားသူတွေက ဘယ်လိုသွားနိုင်ပါမလဲ။ ဝိုင်းဝန်း အဖြေရှာကြပါ၊ စည်းလုံးညီညွှတ်ကြပါ။ အမျိုးသားမှတ်တိုင် စိုက်ထူပါ။

AG: အခုလို စိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့အတွက် The Art Garden Rohingya မှ ကျေးဇူးတင်ပါတယ်။

MMT: ဟုတ်ကဲ့ပါ။ ကျနော်လည်း ကိုယ့်ရဲ့ ထင်မြင်ယူဆချက်တွေကို စိတ်ရှည်လက်ရှည်မျှဝေခွင့်ရတဲ့အတွက်ကြောင့် အယ်ဒီတာအဖွဲ့၊ တာဝန်ခံတွေနဲ့ ပရိသယ်တွေအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ် ခင်ဗျား။

 

အယ်ဒီတာအဖွဲ့

The Art Garden Rohingya

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website