ရိုဟင်ဂျာ_ဆိုရိုးစကားပုံ (၁၀)
“Ek háte Tali no-fúré.”
မြန်မာဘာသာပြန်
“လက်တစ်ဖက်နှင့် လက်ခုပ်မတီးနိုင်။”
အင်္ဂလိပ်ဘာသာပြန်
“You cannot clap with one hand.”

– ဆိုလိုရင်း
လက်ခုပ်ဟူသည်မှာ လက်နှစ်ဖက်တီးမှသာ မြည်နိုင်၍ လက်တစ်ဖက်တည်းနှင့် လက်ခုပ်တီး၍မရဟု ဆိုလိုသည်။ မည်သည့်အငြင်းပွားမှု၊ ပြဿနာမဆို “သူကောင်းလျှင် ကျနော်မဆိုးပါ” ဟူသော စကားအတိုင်း နှစ်ဦးနှစ်ဖက် တာဝန်ရှိ၏။ ထိုသို့ နှစ်ဖက်စလုံးတွင် အညီအမျှ တာဝန်ရှိ၍ နှစ်ဖက်စလုံး အလိုတူ၊ နှစ်ဦးနှစ်ဖက်၏ ပယောဂဖြင့် ဖြစ်ပျက်ရသည့် အခါမျိုးတွင် ဤစကားပုံကို သုံးနှုန်းလေ့ရှိသည်။ လုံးချင်းအဓိပ္ပာယ်ကား ek hát (လက် တစ်ဖက်) ၊ Tali (လက်ခုပ်)၊ No-fúçé (မမြည်) ဟူ၍ ဖြစ်သည်။
သို့သော် အချို့အမူကိစ္စပြဿနာမှာမူ အားကြီးသူက မိုက်မဲရမ်းကားမှုဖြင့် အားနည်းသူကို တမင် အပြစ်ပို့ ပြဿနာဖန်တီးတတ်သည်။ ယင်းအခြေအနေတွင် ဤစကားပုံ အကျုံးမဝင်ပေ။
ပြဿနာ တစ်ခုခု၊ ကိစ္စတစ်ခုခု စီရင်ရာ၌ နှစ်ဖက်သော အမှုသည်တို့ကို စေ့စပ်သေချာစွာ စိစစ်သင့်ကြောင်း၊ တစ်ဖက်သတ် ကြားနာမှုဖြင့် အတင်း စီရင်ခြင်းမှ ရှောင်ရှားရန် မီးမောင်းထိုးပြနေခြင်းလည်း ဖြစ်သည်။
ဤစကားပုံမှတဆင့် ရှေးလူကြီးတို့က ပေးသွားသည့် အရေးကြီးဆုံး သတင်းစကားတစ်ခုကား စည်းလုံးခြင်းကို ပျက်စီးစေသော ရန်မီးကို မပျိုးမီကပင် ကာကွယ်နိုင်မည့် ထုံးနည်းတစ်ခုဖြစ်သည်။ ပြဿနာ၊ အငြင်းအခုံဟူသည် နှစ်ဖက်စလုံး၏ ပယောဂကြောင့် ဖြစ်ရသဖြင့် တစ်ဖက်ဖက်က ဆင်ဆင်ခြင်ခြင် သည်းခံလိုက်လျှင် တထောင်းထောင်း လောင်ကျွမ်းလာမည့် ရန်မီးသည် အလွယ်တကူ ငြိမ်းသတ်သွားမည်ဖြစ်ကြောင်း တိုက်တွန်းခြင်းဖြစ်ပေသည်။
(လူထုဝဏ္ဏ)
၂၆-၁၁-၂၀၁၆
The Art Garden Rohingya