(အပတ်စဉ်ကဏ္ဍ)
ချစ်မြေမွေးရပ်က ဝေးသနှင့်
ရေးဖွဲ့သူ - ယျာတင် (ရိုဟင်းသား)
သြော် ... ရက်များကုန်မြန်
အိုးအိမ်မဲ့နှင့်၊ သည်ဒုက္ခဝန်
လေးလံဝန်ပိ
ကံတရားလား၊ ကပ်ဆိုးလား
ခါးသီးလွန်းတယ်၊ အို သန်းပေါင်းဒုက္ခ။
သူ့အရပ်မှာ၊ ထူထပ်စွာနေရသည်
မွေးမြေဌာနေကလည်း ဝေးသနှင့်။
ရွာချသည့်မိုး၊ အငြိုးကြီးမို့
တဲခေါင်မိုးပေါက်သည်
သည်မိုးသည်ရေကလည်း ယိုလျက်နှင့်။
ဥတုနွေလ၊ ရောက်ပြန်ကလည်း
တာပလင်တဲများ
မီးနှယ်ပူကြူး၊ လူကရူးသည်
အရိပ်အာဝါသကလည်း မွဲသနှင့်။
ရာသီပြောင်းလဲ၊ ဆောင်းမြူဝဲချိန်
လွန်ကဲစွာအေး
အနွေးဓာတ်ပေး ရင်ခွင်အေးကို
ဘယ်မှာရှာလို့ တွေ့နိုင်လိမ့်။
သဖြန်
ဟိုဘက်တဲမှာ ငိုသံသည်း
ငတ်မွတ်ခြင်း ဒုက္ခနှင့်
မိတဆိုး ကလေး။
သည်ဘက်တဲမှာ ညည်းသံပြည့်
အဆင်မပြေမှု သိန်းသန်းနှင့်
ဟိုတုန်းက သူဌေး။
အို ... ဒုက္ခသည်ဘဝ
အရွယ်စုံတို့၏ရွှေသည်းများ ပြိုကွဲပါသည်
မိမြေကို လွမ်းသောကြောင့်။
_____________________________________
ကဗျာအမျိုးအစား - ညည်းချင်း သဖြန်
_____________________________________
- ...
ဒုက္ခသည်
ရေးဖွဲ့သူ- ဆယာဒ်ဟူဆဲန်း
@ ရိုမောင်ကျော်နု
ဒုက္ခသည်…
စခန်းခြံက စိတ်ကူးကြံလေ
အရှေ့ဘက်ဝယ် ဇာတိပြည်
ရွှေနှယ်တင့်တယ် အာရ်ကာန်မြေ
ဖူးမော်ချင်သည် ပြန်တလှည့်။
ဒုက္ခစခန်းတွင်းသာ မြဲတစေ
ငြိုငြင်စွာနဲ့ ရှင်သန်နေ
အနာဂတ်လမ်း မရေမရာတည့်။
လူငယ်တွေလည်း အလုပ်လုပ်
မိန်းမတွေလည်း ထင်းခုတ်ခုတ်
ဝမ်းရေးရှာရန် ဟုတ်မဟုတ်
လုပ်သာလုပ်နေ ကျွန်ကုတ်ကုတ်။
ဒုက္ခမျိုးစုံ တို့ကြုံရ
ခံနိုင်စွမ်းမဲ့ ခက်ခဲမှုများ
ရေးမဆုံးသည့် ဝမ်းနည်းဖွယ်ရာ
ကြုံမြဲကြုံနေ အကွေ့အလှည့်။
ဆာလောင်သော်လည်း စားမရ
စားရင်လည်းပဲ ဗိုက်မဝ
မျက်ရည်တွေနဲ့ တို့ဘဝ။
ဒုက္ခသည်ဘဝ ခရီးကြမ်းဟာ
ပူပန်သောက မျိုးစုံပါ။
အို…ကမ္ဘာ့သူ ကမ္ဘာသား
လာ…ခံစားကြည့်ပါလား။
……………….*************…………………
Sn- May, B-03 (5-5-2020) The Art Garden Rohingya #StayAtHomeStaySafe