(အပတ်စဉ်ကဏ္ဍ)
ချစ်မြေမွေးရပ်က ဝေးသနှင့်
ရေးဖွဲ့သူ - ယျာတင် (ရိုဟင်းသား)
သြော် ... ရက်များကုန်မြန်
အိုးအိမ်မဲ့နှင့်၊ သည်ဒုက္ခဝန်
လေးလံဝန်ပိ
ကံတရားလား၊ ကပ်ဆိုးလား
ခါးသီးလွန်းတယ်၊ အို သန်းပေါင်းဒုက္ခ။
သူ့အရပ်မှာ၊ ထူထပ်စွာနေရသည်
မွေးမြေဌာနေကလည်း ဝေးသနှင့်။
ရွာချသည့်မိုး၊ အငြိုးကြီးမို့
တဲခေါင်မိုးပေါက်သည်
သည်မိုးသည်ရေကလည်း ယိုလျက်နှင့်။
ဥတုနွေလ၊ ရောက်ပြန်ကလည်း
တာပလင်တဲများ
မီးနှယ်ပူကြူး၊ လူကရူးသည်
အရိပ်အာဝါသကလည်း မွဲသနှင့်။
ရာသီပြောင်းလဲ၊ ဆောင်းမြူဝဲချိန်
လွန်ကဲစွာအေး
အနွေးဓာတ်ပေး ရင်ခွင်အေးကို
ဘယ်မှာရှာလို့ တွေ့နိုင်လိမ့်။
သဖြန်
ဟိုဘက်တဲမှာ ငိုသံသည်း
ငတ်မွတ်ခြင်း ဒုက္ခနှင့်
မိတဆိုး ကလေး။
သည်ဘက်တဲမှာ ညည်းသံပြည့်
အဆင်မပြေမှု သိန်းသန်းနှင့်
ဟိုတုန်းက သူဌေး။
အို ... ဒုက္ခသည်ဘဝ
အရွယ်စုံတို့၏ရွှေသည်းများ ပြိုကွဲပါသည်
မိမြေကို လွမ်းသောကြောင့်။
_____________________________________
ကဗျာအမျိုးအစား - ညည်းချင်း သဖြန်
_____________________________________
- ...
ရိုဟင်ဂျာတို့အဖြစ်
ရေးဖွဲ့သူ – Aejas Rohul Amin
လူမျိုးဘာသာ ခွဲခြားခံရလည်း
ငြိမ်နေရတဲ့ ရိုဟင်ဂျာ။
အမှောင်ထုထဲ လှောင်ပိတ်ခံရလည်း
ဝပ်နေရတဲ့ ရိုဟင်ဂျာ။
လယ်ယာမြေကျယ် သိမ်းပိုက်ခံရလည်း
နှုတ်ဆိတ်နေရတဲ့ ရိုဟင်ဂျာ။
စည်းစိမ်ဥစ္စာ လုယက်ခံရလည်း
ခေါင်းငုံ့နေရတဲ့ ရိုဟင်ဂျာ။
ကိုယ့်အိမ်နန်းတော် မီးရှို့ခံရလည်း
သည်းခံရတဲ့ ရိုဟင်ဂျာ။
ကြီးငယ်မရွေး သတ်ဖြတ်ခံရလည်း
ခုခံခွင့်မရတဲ့ ရိုဟင်ဂျာ။
မွေးရပ်မြေမှ မောင်းထုတ်ခံလည်း
စွန့်ခွာရတဲ့ ရိုဟင်ဂျာ။
လုံခြုံမှုပြည့် အိမ်ပြန်ရေးကို
လိုလားနေတဲ့ ရိုဟင်ဂျာ။
အမှန်တရားကို ရင်ဝယ်ပိုက်ကာ
လွတ်လပ်ခြင်း၏ အရသာကို
စောင့်မျှော်နေတဲ့ ရိုဟင်ဂျာ။
၂၇၊ ၅၊ ၂၀၁၉
The Art Garden Rohingya