(အပတ်စဉ်ကဏ္ဍ)
ချစ်မြေမွေးရပ်က ဝေးသနှင့်
ရေးဖွဲ့သူ - ယျာတင် (ရိုဟင်းသား)
သြော် ... ရက်များကုန်မြန်
အိုးအိမ်မဲ့နှင့်၊ သည်ဒုက္ခဝန်
လေးလံဝန်ပိ
ကံတရားလား၊ ကပ်ဆိုးလား
ခါးသီးလွန်းတယ်၊ အို သန်းပေါင်းဒုက္ခ။
သူ့အရပ်မှာ၊ ထူထပ်စွာနေရသည်
မွေးမြေဌာနေကလည်း ဝေးသနှင့်။
ရွာချသည့်မိုး၊ အငြိုးကြီးမို့
တဲခေါင်မိုးပေါက်သည်
သည်မိုးသည်ရေကလည်း ယိုလျက်နှင့်။
ဥတုနွေလ၊ ရောက်ပြန်ကလည်း
တာပလင်တဲများ
မီးနှယ်ပူကြူး၊ လူကရူးသည်
အရိပ်အာဝါသကလည်း မွဲသနှင့်။
ရာသီပြောင်းလဲ၊ ဆောင်းမြူဝဲချိန်
လွန်ကဲစွာအေး
အနွေးဓာတ်ပေး ရင်ခွင်အေးကို
ဘယ်မှာရှာလို့ တွေ့နိုင်လိမ့်။
သဖြန်
ဟိုဘက်တဲမှာ ငိုသံသည်း
ငတ်မွတ်ခြင်း ဒုက္ခနှင့်
မိတဆိုး ကလေး။
သည်ဘက်တဲမှာ ညည်းသံပြည့်
အဆင်မပြေမှု သိန်းသန်းနှင့်
ဟိုတုန်းက သူဌေး။
အို ... ဒုက္ခသည်ဘဝ
အရွယ်စုံတို့၏ရွှေသည်းများ ပြိုကွဲပါသည်
မိမြေကို လွမ်းသောကြောင့်။
_____________________________________
ကဗျာအမျိုးအစား - ညည်းချင်း သဖြန်
_____________________________________
- ...
ရိုတို့ဘဝ
ရေးဖွဲ့သူ – BM [Hairu]
မိုးပွင့်ထောင်လို စခန်းချောင်က အပြင်ထွက်ရန် ဝင်ပေါက်တံခါး တကယ်နတ္တိ ပိတ်ပင်တားလို့ ရေတွင်းထဲက ဖားဘဝလို ကုန်ဆုံးနေသည့် ရိုတို့ဘဝ။
ရိက္ခာရလည်း ပဲဟင်းတစ်မည် နေ့တိုင်းစားလို့ ထမင်းလုတ်တွေ အဝင်မသာ လည်ပင်းနာနာ မျက်ရည်လည်လည် အငတ်ပြေအောင် မျိုချရသည့် ရိုတို့ဘဝ။
မှောင်ဆိုင်းနေသည့် အနာဂတ်က အဓိပ္ပာယ်မဲ့ ကျန်ရစ်နေရင်း နောက်တမ်းပြန်ဆုတ် ဖိအားယုတ်ကြောင့် အတိတ်မှာပင် သက်ရှူကျပ်ကျပ် နစ်မွန်းနေသည့် ရိုတို့ဘဝ။
လူ့စာရင်းထဲ ရေတွက်ခံလည်း လူသားများ၏ အခွင့်အရေး ငါကမရ စက်ရုပ်ပမာ လွပ်လပ်ခြင်း၏ အရသာကို မြိန်ရှက်မရသည့် ရိုတို့ဘဝ။
Sn.Nov,B-01 (၃-၁၁-၂၀၁၉)
The ArtGardenRohingya