(အပတ်စဉ်ကဏ္ဍ)
ချစ်မြေမွေးရပ်က ဝေးသနှင့်
ရေးဖွဲ့သူ - ယျာတင် (ရိုဟင်းသား)
သြော် ... ရက်များကုန်မြန်
အိုးအိမ်မဲ့နှင့်၊ သည်ဒုက္ခဝန်
လေးလံဝန်ပိ
ကံတရားလား၊ ကပ်ဆိုးလား
ခါးသီးလွန်းတယ်၊ အို သန်းပေါင်းဒုက္ခ။
သူ့အရပ်မှာ၊ ထူထပ်စွာနေရသည်
မွေးမြေဌာနေကလည်း ဝေးသနှင့်။
ရွာချသည့်မိုး၊ အငြိုးကြီးမို့
တဲခေါင်မိုးပေါက်သည်
သည်မိုးသည်ရေကလည်း ယိုလျက်နှင့်။
ဥတုနွေလ၊ ရောက်ပြန်ကလည်း
တာပလင်တဲများ
မီးနှယ်ပူကြူး၊ လူကရူးသည်
အရိပ်အာဝါသကလည်း မွဲသနှင့်။
ရာသီပြောင်းလဲ၊ ဆောင်းမြူဝဲချိန်
လွန်ကဲစွာအေး
အနွေးဓာတ်ပေး ရင်ခွင်အေးကို
ဘယ်မှာရှာလို့ တွေ့နိုင်လိမ့်။
သဖြန်
ဟိုဘက်တဲမှာ ငိုသံသည်း
ငတ်မွတ်ခြင်း ဒုက္ခနှင့်
မိတဆိုး ကလေး။
သည်ဘက်တဲမှာ ညည်းသံပြည့်
အဆင်မပြေမှု သိန်းသန်းနှင့်
ဟိုတုန်းက သူဌေး။
အို ... ဒုက္ခသည်ဘဝ
အရွယ်စုံတို့၏ရွှေသည်းများ ပြိုကွဲပါသည်
မိမြေကို လွမ်းသောကြောင့်။
_____________________________________
ကဗျာအမျိုးအစား - ညည်းချင်း သဖြန်
_____________________________________
- ...
သောကပြည့်နှင့် ဤခရီး
ရေးဖွဲ့သူ – Dialogue Partner
ကိုယ်တိုင်ဖြစ်လျက် ဝံသာနု
ဟစ်အော်ငိုကြွေး ငါ့စိတ်နု။
လေပြည်လေညင်း ခံချင်တာ
ကိုယ့်ပြည်အနှံ့ လှည့်လည်ကာ။
ထိုအိမ်ဂေဟာ ငါ့ရဝေ
ဖြစ်သွား ငါနှင့် အလှမ်းဝေး
အတောင်တစ်စုံ ရှိခဲ့က
ပျံဝဲရောက်ပြီ ငါ မုချ။
ငယ်ရွယ်ပေါင်းဖော် စုဖွဲ့လို့
လမ်းသွယ်အစုံ လျှောက်လည်ခဲ့
လရောင်ပြည့်နှင့် ထိုညလေး
မေ့နိုင်ဖို့မှာ လွန်စွာခဲ။
သူဖေးမသည့် တဲငယ်မှ
ကိုယ့်အိမ်ပြန်စိတ် တွေးပေါ်လာ
အတန်ကြာအောင် ပြေးနေလည်း
ပန်းတိုင်အမှန် ရောက်ဖို့ခဲ။
ဪ ....
ဤခရီး သောကပြည့်နှင့်လေး။
Sn. Sep, B-01
(08-09-2019)
The Art Garden Rohingya