The Blog

ရိုဟင်ဂျာ့ ဆိုရိုးစကားပုံ (၁၁)

” No-hande de fua ye, dud no-fa. “

အသံထွက်- [ နော ဟာန်ဒေဒေ ဖူဝါ ယေ၊ ဒူဓ် နောဖာ]
-Rohingya Proverb

မြန်​မာဘာသာပြန်
———————-
“ငို​​​​တတ်တဲ့က​လေး နို့ပိုစို့ရ”

အင်္ဂလိပ်​ဘာသာပြန်
————————
“He who does not cry, does not get the milk.”

– ဆိုလိုရင်း

ဤစကားပုံကား အရာဟူသမျှသည် တောင်းယူမှသာ ရရှိမည်ဖြစ်သည်။ မတောင်းဘဲနေလျှင် မိမိခံစားထိုက်သလောက် မရရှိဘဲ ဆုံးရှူံးနစ်နာပါလိမ့်မည်။ ဥပမာ နို့စို့ကလေးတစ်ယောက်သည် ဗိုက်ဆာလာသောအခါ တိတ်နေလျှင် မိခင်ဖြစ်သူကလည်း သားလေးမှာ မဆာသေးဟု ထင်မှတ်ကာ နို့မတိုက်ဘဲနေလိမ့်မည်။ သို့သော် ရံဖန်ရံခါ ငိုတတ်သော ကလေးသည် ဗိုက်ဆာသည်ဖြစ်စေ၊ မဆာသည်ဖြစ်စေ နို့စို့ရတတ်သည်မှာ မိမိတို့ ကိုယ်တွေ့ဖြစ်သည်။ ယင်းကို ဥပမာဆောင်ကာ ပညာပေး စကားပုံ အသွင်ပြောင်းလိုက်ခြင်းဟု ထင်ရသည်။

မိမိရပိုင်ခွင့်ရှိသော တစ်စုံတစ်ခုကို မရရှိသရွေ့ မဆုတ်မနစ် တောင်းဆိုရမည်ဖြစ်သည်။ အမိရအောင် ကြံဆောင်ကြိုးပမ်းရမည်။ မည်​မျှပင်​ အခက်​အခဲ ရှိ​စေကာမူ ​ရကိုရရှိရမည်​ဟု နောက်​မဆုတ်​ပဲ ​ဇွဲသတ္တိနှင့်​ ​စွဲစွဲမြဲမြဲ ရှေ့ဆက်​လျှင်​ မုချ​အောင်​မြင်​မည်ဖြစ်ကြောင်း သွယ်​ဝိုက်​ ရည်​ညွှန်းထားပါသည်​။

စကားပုံ၏ လုံးချင်း အဓိပ္ပာယ်​မှာ No-Hande de (မငို​တတ်သော) Fua (က​လေးငယ်​)၊ dud ( နို့ ) ၊ no-fa (မရ) ဟူ၍ ဖြစ်​ပါသည်​။ ဤစကားပုံ၌ “ငို​နေသည့်​ က​လေး” ကား ရသင့်ရထိုက်သည့် အရာကို မဆုတ်​မနစ်​ အရလှမ်းနေ​သော သူ တစ်ဦးချင်းစီကို ရည်ညွှန်းနေသကဲ့ ” နို့စို့ရ” ပုဒ်စုကလည်း ​အောင်​မြင်​တိုးတက်​ပြီး အကျိုးများများ ခံစားနိုင်​​ကြောင်းကို ရည်​ညွှန်းပါသည်​။ ထို့​ကြောင့်​ များများ ကြိုးစား၍ ​နောက်​မဆုတ်​တမ်း ​ရှေ့ဆက်​​လျှင် ဧကန်​မုချ ​အောင်​မြင်​တိုးတက်​မည်​ကို ဖော်ညွှန်းပေးနေသော စကားပုံ​ကောင်း တစ်ပုဒ်ဖြစ်​ပါသည်​။

လောက၏ မောဟ၊ လောဘ ဖုံးလွှမ်းကာ အားကြီးသူက အားနည်းသူကို ဆုံးရှုံးစေတတ်သည်။ ထိုအားနည်းသူတို့၏ အခွင့်အရေး၊ ရပိုင်ခွင့်များကို ပျက်စီး နစ်နာစေတတ်သည်။ ထိုသို့သောအခါတွင် မိမိသည် ရေသာခိုကာ လက်ပိုက်ကြည့်နေလျှင် ထိုဆုံးရှူံးခံခဲ့ရသော အခွင့်အရေးများသည် သင့်ထံ အလိုအလျောက် ရောက်လာမည် မဟုတ်ချေ။ မည်သည့်နည်းမျှမဆို တောင်းဆိုမှသာ တစ်နေ့ ပြန်လည်ခံစားနိုင်မည် ဖြစ်ပေသည်။ မိမိတွင် အလိုရှိနေသော အရာဟူသမျှကိုလည်း သူ့ကံသူ့ကြောင်းနှင့် ရောက်လာမည်ဟု သဘောမထားဘဲ အရအမိ လှမ်းနိုင်အောင် အားထုတ်ကြရမည်ဖြစ်ကြောင်း ရှေးလူကြီးတို့က ဤစကားပုံမှတဆင့် လမ်းညွှန်ပေးခြင်းဖြစ်သည်။

ထို့ပြင်​ မြန်​မာတို့မှာလည်း ” ကြိုးစားခြင်းသည်​ ခွန်​အား ” ဟူ၍ လည်းကောင်း၊ အင်္ဂလိပ်တို့မှာ “The squeaky wheel gets the grease.” ဟူ၍လည်းကောင်း ဆင်တူစကားပုံများလည်း ရှိပါသည်​။ ဆိုရိုးစကားပုံသည် ရှေးလူကြီးတို့ လက်တွေ့ကြုံခဲ့သော ဘဝသင်ခန်းစာများ၏ အရိပ်အရောင်များပင် ဖြစ်ပေသည်။ စကားပုံကောင်းများ၏ လမ်းညွှန်တိုက်တွန်းချက်များကို နာခံအသုံးချတတ်လျှင် မိမိဘဝမှာလည်း အကျိုးအမြတ် ရလဒ်ကောင်းများကို ခံစားနိုင်ပါမည်။

ဤစကားပုံ၏ အနှစ်သာရကို ကောင်းစွာ စိတ်ထဲမှတ်ယူလျက် မိမိလူမျိုး၏ ဆုံးရှူံးနစ်နာခံခဲ့ရသော အခွင့်အရေးဟူသမျှကို ပြန်လည် အရလှမ်းနိုင်အောင် ရေသာခိုမနေဘဲ နောက်မဆုတ်တမ်း ကြိုးပမ်းကြပါစို့။

[ Lalmoti Khan ပေးပို့သော စကားပုံကို လူထုဝဏ္ဏ က ရှင်းလင်းတင်ပြသည်။ ]

(21-12-2019)
The Art Garden Rohingya
Rohingya Proverb

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website