The Blog

BOSON MAALA
ရိုဟင်ဂျာဆိုရိုးစကားပုံ (၂၁)

” Nasi Nozain lé Uçán Behañ”

အသံထွက်–         “နာဆီနော်ဇိုင်လေ့ ဥရာန်ဘေဟာံ”

မြန်မာဘာသာပြန်– “အကမတတ် တလင်းကို ပြစ်တင်”
အင်္ဂလိပ်ဘာသာပြန်– Bad dancer blames the environment.

 

ဖွင့်ဆိုရှင်းလင်းချက်-

ဒီစကားပုံကား မိမိအပြစ်ကို မမြင်တတ်လို့ တစ်ပါးသူကို အပြစ်တင်တတ်တဲ့ သူတို့ကို ဆုံးမထားတဲ့ စကားပုံဖြစ်ပါတယ်။ အကမကျွမ်းတဲ့ ကချေသည်က ကောင်းကောင်းမွန် အကမတတ်လို့ မျက်နှာငယ်ရတဲ့ခါ ပတ်ဝန်းကျင်ကို အပြစ်တင်ပြောဆိုတတ်တယ်ဟု ဆိုလိုတာဖြစ်တယ်။ စကားပုံရဲ့ ဖွင့်ဆိုချက်ကို အလင်းမပြခင် စကားလုံး တစ်လုံးချင်းစီရဲ့ အဓိပ္ပာယ်ကို လေ့လာကြည့်ရအောင်။

        ဒီစကားပုံမှာ Nasa က အက၊ nasi အနက်က ကိုယ်တိုင်ကသည်။ no zain ကတော့ zana ကို ငြင်းပယ်ကြိယာပြောင်းလိုက်ခြင်းဖြစ်တယ်။ zana က သိသည်၊ တတ်သည် ဟု အဓိပ္ပာယ်ရတယ်။ no zané က မတတ်။ မသိ ဖြစ်တယ်။ no zané ကို le ဆိုတတဲ့ ကန့်သတ်ချက်ပြ သမ္ဗန္ဓနဲ့ ပေါင်းစပ်လိုက်တတဲ့အခါ စကားလုံးပုံသဏ္ဌာန်ပါ ပြောင်းလဲကာ no zainlé ဖြစ်လာတယ်။ ဒီဟာက ရိုဟင်ဂျာစကား ပေါင်းစပ်ဖွဲ့စည်းပုံရဲ့ ထူးခြားချက်ပင်ဖြစ်ပေတယ်။ Uçán က တလင်း၊ မြေဝိုင်း လို့ အဓိပ္ပာယ်ရတယ်။ မြေဝိုင်းတလင်း ဆိုတဲ့ စကားလုံးသုံးခြင်းဖြင့် ရှေးခေတ် ရိုဟင်ဂျာဇာတ်သဘင်တွင် မြေဝိုင်းအက ထင်ရှားခဲ့ဟန်တူသည်။ behañ ကား ညီညာခြင်းမရှိ၊ ကွေ့ကောက်ခြင်း ဖြစ်တယ်။ ဆိုလိုသည်မှာ တလင်းမညီညာ၍ အကပျက်ရသည်ဟု အပြင်တင်ပြောဆိုခြင်းဖြစ်တယ်။ ဒီဟာကား လူပျင်းတို့ရဲ့ သဘာဝတစ်ခုပင်တည်း။

       တစ်ချို့ အခြေအနေ၊ အနေအထိုင် မသက်သာလို့ ပတ်ဝန်းကျင်ကို အပြစ်တင်ဝေဖန်တာကား သမားရိုးကျဖြစ်တယ်။ ဒေသအခြေအနေ မကောင်းလို့ ခေတ်ကိုအပြစ်တင်ဝေဖန်ကြတတ်တယ်။ မိမိရဲ့ အခြေအနေ မကောင်းမွန်လို့ ကံတရားကို ပြစ်တင်တတ်တယ်။ ဥပမာ- ငါတို့ ဘိုးဘွားတို့ခေတ်တုန်းက ဘယ်လောက်ပင် အေးချမ်းသာယာခဲ့သတဲ့။ အခုခေတ်ကျတော့ ဆိုးလိုက်တာ။ ဘယ်ဖက်ကြည့်ကြည့် ပြဿနာနဲ့ မကင်းပါဘူးဟ။ တစ်ချို့လူကျတော့ နောက်တချို့ကို အပြစ်တင်ကြတယ်။ ငါတို့ ဘိုးဘွားတွေ၊ ရှေးလူကြီးတွေ မကောင်းလို့၊ ဘာတစ်ခုမှ မလုပ်ခဲ့လို့ ငါတို့ ဒုက္ခရောက်နေရတာဖြစ်တယ်။ ငါတို့ခေါင်းဆောင်တွေ မကောင်းလို့ ငါတို့ဒုက္ခရောက်နေတာ စသည်ဖြင့်ပေါ့။ ဒီလိုမျိုးအပြစ်တင်ကြတာ နေရာတကာ တွေ့ရမှာပါ။ ဒါ့အပြင် ကျောင်းသားတစ်ယောက်ဟာ စာမေးပွဲကျရင် ဟိုဒီအပြစ်ပုံချတတ်တယ်လေ။ အိမ်က စာသင်ချိန်မှာ အလုပ်ခိုင်းလို့ ဒီလိုဖြစ်တာ။ ညကျောင်းတွေပုံမှန်မတတ်နိုင်လို့ ဒီလိုဖြစ်တာ။ ဟိုဆရာကြောင့် ဒီလိုဖြစ်တာ စသည်ဖြင့်ပေါ့။ ဒါပေမယ့် လူတွေရဲ့ အပြောခံရမှာဆိုးလို့ ဒီလိုမျိုး အရင်းမဲ့အမြစ်မဲ့ ဝေဖန်ချက်တွေက ပြဿနာရဲ့ ဖြေရှင်းချက်မဟုတ်လောက်ဘူး။ ဒီလိုဝေဖန်တိုင်းလဲ ပြဿနာဟာ ပြေလည်သွားတာ မဟုတ်ဘူး။

        ဒီနေရာမှာ ဆရာတစ်ပါးရဲ့ ဥဒါဟရုဏ်တစ်ခု အတွက်ပေါ်လာတယ်။ ဒီစကားပုံနဲ့ ဆက်စပ်နေသလို တွေးမိလို့ မျှဝေလိုက်မယ်။ ခေတ်မီ Mercedes ကား တစ်စီးကို ကားမမောင်းတတ်တဲ့ သူတစ်ယောက်က မောင်းလို့ ကားက မတော်တဆတိုက်မိသွားရင် ကားရဲ့အပြစ်လား ဒါမှမဟုတ် ကားမောင်းသူရဲ့ အပြစ်လား။ ကားကို အပြစ်တင်ဝေဖန်ရင်လဲ အလကားပဲလေ။ တကယ်တော့ မောင်းတဲ့လူကပင် မမောင်းတတ်လို့ မတော်တဆဖြစ်သွားတာ မဟုတ်လား။ မောင်းသူကျွမ်းကျင်ရင် မတော်မတည့်တဲ့ အခြေအနေကတောင် ကောင်းကောင်းမွန်မွန် ဖြတ်ကျော်သွားနိုင်တယ်မဟုတ်လား။ တစ်ခါတလေကျတော့ ကံတရားရဲ့ ခုခံမှုကြောင့်လဲ ဖြစ်တတ်တယ်။ ဒါကတစ်ပိုင်း။ ကိစ္စတိုင်းမှာ ကံတရားနဲ့ ပတ်ဝန်းကျင်ကို အပြစ်ပုံချရင် ဘယ်ဖြစ်ပါမလဲ။

           မိမိနဲ့ ဆက်နွယ်နေတဲ့ ပြဿနာ၊ အခြေအနေတိုင်းတွင် မိမိရဲ့ ပါဝင်ပတ်သက်မှု၊ ပေါ့လျော့မှု၊ အနည်းချက်၊ မှားယွင်းချက်တွေကို ဦးစွာ ရှာဖွေဖော်ထုတ်ရမယ်။ မိမိသည်လည်း ထိုအခြေအနေဆိုးရဲ့ တရားခံ တစ်စိတ်တစ်ပိုင်းဆိုတာကို နားလည်သဘောပေါက်စေရမယ်။ မိမိဘက်ကလည်း လက်တလောဖြစ်ပေါ်နေတဲ့ အခြေအနေကို ထိန်းသိမ်းရန် ကိုယ်နဲ့အစွမ်းယှဉ်၍ တာဝန်ရှိကြောင်း ခံယူရမယ်။

           မိမိတို့ဟာ တစ်ကိုယ်တော် နေထိုင်လို့ရတဲ့ သတ္တဝါမဟုတ်ပါဘူး။ အသိုင်းအဝိုင်းနဲ့ နေရတော့ မတူကွဲပြားတဲ့ သဘောထားအမြင်တွေ ရှိမှာက ကျိန်းသေ။ အဲဒီမတူကွဲပြားမှုကြားကနေ အဘက်ဘက်နဲ့ လိုက်လျောညီထွေအောင် မိမိရဲ့ တာဝန်ဝတ္တရားတွေကို ထမ်းရွက်ကျေပွန်ရမယ်။ မိမိဘက်က ဘာတစ်ခုမှ အားမထုတ်ဘဲ ပတ်ဝန်းကျင်ကိုသာ မဆင်မခြင် အပြစ်တင်ဝေဖန်ခြင်းက မရင့်ကျက်သူ၊ ရေသာခိုချင်သူ၊ မစွမ်းဆောင်နိုင်သူတွေရဲ့ လုပ်ရပ်ဖြစ်ကြောင်း၊ မိမိရဲ့ အားနည်းချက်တွေကို လျစ်လျူပြု၍ ပတ်ဝန်းကျင်ကို အပြစ်တင်ခြင်းမှ ရှောင်ကြဉ်ရန် ရှေးလူကြီးတို့က ဤစကားပုံမှတဆင့် ဆုံးမထားခြင်းဖြစ်ပါသတည်း။

_လူထုဝဏ္ဏ
(26-3-2022)

Editorial Team
(01-04-2022)

 

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website