The Blog

The Art Garden Rohingya Interview “မိမိခံစားနေရတဲ့ မတော်မတရားမှုတွေကို ကဗျာနဲ့ ထုတ်ဖော်ချင်လို့ ကဗျာရေးဖွဲ့တာပါ” လို့ဆိုသူ လူငယ် ကဗျာဆရာ မောင်မောင်မြင့် နဲ့ The Art Garden Rohingya အင်တာဗျူး

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက် |

The Art Garden Rohingya သည် လူမှုအခြေပြု စာပေအနုပညာ website ဖြစ်ပါသည်။ ကျွန်ုပ်တို့ The Art Garden Rohingya သည် ရိုဟင်ဂျာတို့၏ စာပေ၊ အနုပညာ၊ ရိုရားဓလေ့များကို ဖော်ဆောင်ပေးချင်သည့် စာပေအနုပညာချစ်မြတ်နိုးသော ရိုဟင်ဂျာလူငယ် ကဗျာဆရာများကို အားပေးအားမြှောက်ပြုလျှက်ရှိပါသည်။ ရိုဟင်ဂျာလူငယ် ကဗျာဆရာများ ကဗျာစာပေကို ရွေးချယ်ရကြောင်း၏ အကြောင်းကို သိရှိနိုင်ခြင်းငှါ ကဗျာဆရာများနှင့် မေးမြန်းမှုပြုလုပ်သည့် အင်တာဗျူးကဏ္ဍကို တင်ဆက်လိုက်ပါသည်။

အင်တာဗျူးထဲက ထင်မြင်ယူဆချက်၊ ခံယူချက် စသည်တို့သည် ကဗျာဆရာတို့၏ အာဘော်သာဖြစ်ပြီး၊ the Art Garden Rohingya ၏ အာဘော်မဟုတ်ကြောင်း အလေးအနက် သိစေအပ်ပါသည်။

AG: ခင်ဗျားရဲ့ ကိုယ်ရေးအကျဉ်းလေး မိတ်ဆက်ပေးပါ။

MMM: ကျနော်ကတော့ မောင်မောင်မြင့် ဖြစ်ပါတယ်။ မောင်တောမြောက်ပိုင်း ကြိမ်ချောင်း ( ဘော်လီဘာဇား) ဇာတိပါ။ ကျနော့် အသက် (၁၉) နှစ် ရှိပါပြီ။

AG: မြန်မာနိုင်ငံမှာရှိတုန်း ကလေးဘဝက အကောင်းဆုံး အမှတ်တရ တစ်ခုလောက် ပြောပြပါလား။

MMM: ၂၀၁၂ မတိုင်ခင် နှစ်တွေမှာပေါ့နော်၊ ကျနော်တို့ရွာမှာ လူငယ်စေတနာ့ ဆရာတွေစုပေါင်းပြီး “ဘော်လီစေတနာ့ပညာရေးသင်တန်း” နာမည်နဲ့ နွေရာသီရောက်တိုင်း လူငယ်တွေကို ပညာသင်ပေးတဲ့ အခမဲ့သင်တန်းတွေ ဖွင့်ပါတယ်။ ဒါပေမဲ့ ၂၀၁၂ နောက်ပိုင်းမှာတော့ ဒါတွေ လုပ်ခွင့်မရလိုက်ပါဘူး။ ကျနော်ကိုယ်တိုင်လည်း အဲဒီသင်တန်းတွေကနေ ဘဝအတွက် လိုအပ်တဲ့ ဗဟုသုတများစွာ သင်ယူခွင့်ရခဲ့ပါတယ်။ အဲဒီ သင်တန်းကျောင်းတွေရဲ့ ကျောင်းသားတစ်ဦးဖြစ်နိုင်ခဲ့တဲ့ အတွက်လည်း မမိကိုယ်မိမိ အလွန်ပဲဂုဏ်ယူပါတယ်။ “Hboli Education Bank” ရဲ့ဆရာအားလုံးကို အမြဲသတိရပါကြောင်း၊ ကျေးဇူးတင်ပါကြောင်းနဲ့ ကျနော့်ဘဝရဲ့သင်ဆရာ၊ မြင်ဆရာများကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ဒီနေရာကနေ ပြောချင်ပါတယ်။ Hboli Education Bank ဟာ မြန်မာပြည်မှာရှိတုန်း ကျနော့်အတွက် အကောင်းဆုံး အမှတ်တရဖြစ်သလို ဘယ်တော့မှမမေ့နိုင်တဲ့ ရိုဟင်ဂျာ လူငယ်ဆရာတွေရဲ့ မွန်မြတ်တဲ့ လုပ်ရပ်တစ်ခုလည်းဖြစ်ပါတယ်။

AG: ခင်ဗျားရဲ့ ပညာရေးနောက်ခံ အကြောင်းလေး ပြောပြပါဦး။

MMM: ၂၀၁၆ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို သင်္ချာဘာသာရပ်မှအပ (၅) ဘာဘာသာ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါတယ်။ ရိုဟင်ဂျာဖြစ်လို့ အစိုးရက ပညာဆက်လက်သင်ယူခွင့် မပေးခဲ့ပါဘူး။ ဒါပေမယ့် ကျနော်ဖြစ်ချင်တာကို ဇွဲမလျှော့ဘဲ ကြိုးစားလာခဲ့ခြင်းရဲ့ အကျိုးရလဒ်လို့ဆိုရမလားပါပဲ။ အခုတော့ တူရကီနိုင်ငံမှာ ဆေးတက္ကသိုလ်တက်ခွင့် ရနေပါပြီ။

AG : ဘယ်အရာက ခင်ဗျားကို ကဗျာရေးဖွဲ့ဖို့ လှုံ့ဆော်ခဲ့တာလဲ။ ကဗျာတွေ ရေးဖြစ်တဲ့ အကြောင်းလေးပေါ့။ အဲ့ဒါလေး ပြောပြပါ။

MMM: ကျနော်ကတော့ အမိမြန်မာပြည်မှာ လူမျိုးပေါင်းစုံ စည်းစည်းလုံးလုံးရှိမှုနဲ့ တန်းတူညီတူအခွင့်အရေးရရှိမှုတွေကို ငယ်ငယ်ကတည်းကပင် အမြဲမြင်ချင်သူတစ်ယေက်ပါ။ ဒါပေမဲ့ အမိမြေမှာ ကျနော်တို့ရိုဟင်ဂျာတွေ တန်းတူညီတူ အခွင့်အရေးမရရှိတဲ့အပြင် စနစ်တကျ ဖိနှိပ်ခံရတာတွေ၊ အခြေခံလူ့အခွင့်အရေးကစပြီး အရာရာ ချိုးဖောက်ခံနေရတာတွေ၊ ဒီလိုမတရားမှုတွေကို မြင်လာခံစားလာရများတော့ ဒီဟာတွေက ကျနော့်ကို ကဗျာရေးဖွဲ့ဖို့ လှုံ့ဆော်ခဲ့တာပါ။ တနည်းအားဖြင့် မိမိခံစားနေရတဲ့ မတော်မတရားမှုတွေကို ကဗျာနဲ့ ထုတ်ဖော်ချင်လို့ပါပဲ။ နောက်တစ်ချက်ကတော့ ကျနော်ရဲ့ မြန်မာစာဆရာ ဆရာဒေလဝါရ်အေးထွန်း ကလည်း ကျနော့်ကို အမြဲပဲ အားပေးပါတယ်။

AG: ခင်ဗျားရဲ့ အနှစ်သက်ဆုံး ကဗျာဆရာ သို့မဟုတ် စာရေးဆရာက ဘယ်သူဖြစ်မလဲ။ ဘာကြောင့် သူ့ကို သဘောကျ နှစ်သက်တာလဲ။

MMM: ကျနော်ရဲ့အနှစ်သက်ဆုံး ကဗျာဆရာကတော့ ဆရာဇော်ဂျီ ဖြစ်ပါသည်။ သူ့ကဗျာ၊သူ့စာတွေကနေ ကျနော် ဘဝအတွက် လိုအပ်တဲ့ သင်ခန်းစာများစွာ ကိုရရှိခဲ့ပါတယ်။

AG: The Art Garden Rohingya Page မှာ ခင်ဗျားရဲ့ ကဗျာ ဘယ်နှစ်ပုဒ် ရွေးချယ်ဖော်ပြခံရပြီလဲ။

MMM: စုစုပေါင်း ၅ ပုဒ်ပါ။

AG: ပထမဆုံး ရွေးချယ်ဖော်ပြခံရတဲ့ ကဗျာကရော ဘယ်ကဗျာပါလဲ။ အဲ့လို ရွေးချယ်ဖော်ပြခံရတဲ့အချိန်မှာ ဘယ်လိုခံစားရလဲ။ ခံစားချက်လေး မျှဝေပါ။

MMM: ‘One Day’ ဖြစ်ပါတယ်။ အဲဒီကဗျာ ပထမဆုံး ရွေးချယ်ဖော်ပြခံရတဲ့အတွက် အလွန်ပဲပျော်ခဲ့ပါတယ်။ ပြီးတော့ ကဗျာအောက်မှာ စာဖတ်ပရိသတ်တွေရဲ့ အားဖြစ်စေတဲ့ မှတ်ချက်စကားတွေ ဖတ်ခွင့်ရခဲ့တာကလည်း တခြားကဗျာတွေရေးဖို့ တွန်းအားကောင်းတွေ ဖြစ်စေခဲ့ပါတယ်။

AG: ဘဝမှာ ဘာဖြစ်ချင်ပါလဲ။ ဆိုလိုချင်တာက ဘဝ ရည်မှန်းချက်က ဘာလဲပေါ့။

MMM: ဆရာဝန်ကောင်းတစ်ယောက်ဖြစ်ချင်ပါတယ်။ ပြီးတော့ စာရေးဆရာတစ်ယောက်ဖြစ်ချင်ပါတယ်။ ဆရာဝန်တဖြစ်လဲ စာရေးဆရာပေါ့။

AG: ဘဝရဲ့ စံပြပုဂ္ဂိုလ် (ဟီရိုး) က ဘယ်သူပါလဲ။

MMM: ကျနော့်အဖေကတော့ ဘဝရဲ့စံပြပုဂ္ဂိုလ်ပါဘဲ။ မိသားစုထဲမှာ ဆုံးဖြတ်ချက်တစ်ခုခုချရတဲ့ အခါတိုင်းမှာ အသက်အားဖြင့်ငယ်သေးပေမယ့် အဖေက ကျနော့်ဆီကနေ အမြဲပဲ ထင်မြင်ချက် မေးလေ့ရှိပါတယ်။ ဒါတွေက ကျနော့် နေ့စဉ်ဘဝမှာ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းဖို့ လမ်းစဖြစ်လာခဲ့ပါတယ်။ကျနော့်ဘဝရဲ့ ဆရာကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ မိတ်ဆွေကောင်းတစ်ဦးလည်းဖြစ်ပါတယ်။

AG: ရိုဟင်ဂျာလူငယ်မျိုးဆက်တွေအတွက် သတင်းစကားလေး ဘာများ ပါးချင်ပါလဲ။

MMM: လူငယ်တွေဆိုတာ အနာဂတ်ခေါင်းဆောင်ဆောင်တွေ ဖြစ်ပါတယ်။ အချိန်ကို ဘယ်တော့မှ အလာဟာသ မဖြုန်းတီးပစ်ပါနဲ့။ စာအုပ်တွေများများဖတ်ပါ။ စာများများရေးပါ။ ဘဝမှာအနည်းဆုံး မိမိအကြောင်းကိုတော့ ရေးနိုင်အောင်ကြိုးစားကြပါ။ ဆိုးရွားတဲ့အခြေအနေမှာ ရှိနေစေကာမူ ဘယ်တော့မှ နောက်ပြန်ဆုတ်ဖို့မစဉ်းစားပါနဲ့။

AG: ရိုဟင်ဂျာအသိုင်းအဝိုင်းတစ်ခုလုံးအတွက်ရော ပါးချင်တဲ့ သတင်းစကားလေးက ဘာများဖြစ်ပါမလဲ။

MMM: ကျနော်တို့ ရိုဟင်ဂျာတွေရဲ့ ကံကြမ္မာဟာ ကျနော်တို့ရဲ့လက်ထဲမှာပါပဲ။ တခြားသူတွေက ကျနော်တို့ကို ဘာတွေ လုပ်ပေးမယ်ဆိုပြီး စောင့်ဆိုင်းမနေဘဲ မိမိလုပ်စရာရှိတာ လုပ်ရပါမယ်။ ရိုဟင်ဂျာ တစ်မျိုးသားလုံးရဲ့ပုံရိပ်၊ ယဉ်ကျေးမှုတွေကိုထိန်းသိမ်းဖို့နဲ့ မိမိသားသမီးတွေကို ပညာသင်ပေးဖို့ တိုက်တွန်းချင်ပါတယ်။ အချင်းချင်း စည်းလုံးကြဖို့လည်း တောင်းဆိုချင်ပါတယ်။

AG: အခုလို စိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့အတွက် The Art Garden Rohingya မှ ကျေးဇူးတင်ပါတယ်။

MMM: အခုလိုမျိုး မိမိရဲ့ခံစားချက်၊ ခံယူချက်တွေ မျှဝေခွင့်ရတဲ့အတွက်လည်း The Art Garden Rohingya ကို ကျေးဇူးတင်ပါတယ်။

By Editorial Team #TheArtGardenRohingya #RohingyaInterview #RohingyaHeartbeats #InterviewWithRohingyaPoets/Artists

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website