The Blog

The Art Garden Rohingya Interview (Burmese)

“Benazir Salim (Zoe Blossom)” ဆိုသူ ကဗျာဆရာမ မဇင်မာဝင်း နှင့် The Art Garden Rohingya အင်တာဗျူး

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁၀) ရက်။

The Art Garden Rohingya သည် လူမှုအခြေပြု စာပေအနုပညာ website ဖြစ်ပါသည်။ ကျွန်ုပ်တို့ The Art Garden Rohingya သည် ရိုဟင်ဂျာတို့၏ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့များကို ဖော်ဆောင်ပေးနေသည့် စာပေအနုပညာချစ်မြတ်နိုးသော ရိုဟင်ဂျာလူငယ် ကဗျာဆရာများနှင့် အနုပညာရှင်များကို အားပေးအားမြှောက်ပြုလိုသည့်ရည်ရွယ်ချက်ဖြင့် ကဗျာလင်္ကာနှင့် အနုပညာလက်ရာများကို ပုံနှိပ်၍သော်လည်းကောင်း၊ အွန်လိုင်းစာမျက်နှာများတွင် မျှဝေ၍သော်လည်းကောင်း တင်ပြလျက်ရှိပါသည်။ ရိုဟင်ဂျာလူငယ် ကဗျာဆရာများနှင့် အနုပညာရှင်များသည် ကဗျာစာပေနှင့် အနုပညာအပေါ် ယုံကြည်မှုနှင့် စိတ်သဘောထား မည်သို့ ရှိကြောင်းကို သိရှိနိုင်ခြင်းငှါ ကဗျာဆရာများ၊ အနုပညာရှင်များနှင့် မေးမြန်းမှုပြုလုပ်သည့် အင်တာဗျူးကဏ္ဍကို တင်ဆက်လိုက်ခြင်းဖြစ်ပါသည်။

အင်တာဗျူးထဲက ထင်မြင်ယူဆချက်၊ ခံယူချက် စသည်တို့သည် ကဗျာဆရာ/မ၊ အနုပညာရှင်တို့၏ အာဘော်သာဖြစ်ပြီး၊ the Art Garden Rohingya ၏ အာဘော်မဟုတ်ကြောင်း အလေးအနက် သိစေအပ်ပါသည်။

AG: ဆရာမရဲ့ ကိုယ်ရေးအကျဉ်းလေး မိတ်ဆက်ပေးပါ။
BS: “ကျမရဲ့နာမည်ကတော့ ဘီနာဇီရ် ဆလိမ်းပါ။ အသက် ကတော့ ၂၀ ရှိပါပြီ။ မိဘကတော့ ဦးမူဟာမတ် ဆလိမ်းနှင့် ဟာဂျီမ ဒေါ်အာစ်မီဒါ ပါ။ မောင်နှမခြောက်ယောက်ထဲမှာ ငါးယောက်မြောက် ဖြစ်ပါတယ်ရှင်။”

AG: ကလေးဘဝက အကောင်းဆုံး အမှတ်တရ တစ်ခုလောက် ပြောပြပါလား။
BZ: ၂၀၁၀ ခုနစ်တွင် ဘာသာခြားသူငယ်ချင်းတွေနဲ့အတူ ဘုန်းကြီးကျောင်းမှာ အလည်သွားရင်း ပျော်မြူးရွှင်ထူးခဲ့တာတွေက အမှတ်ရဆုံးဖြစ်ပါတယ်။ ယနေ့ လူမျိုးခွဲခြားဆက်ဆံရေးကို ပေါ်လစီသဖွယ်ကျင့်သုံးနေတော့ အဲ့ဒီလိုအချိန်ကာလကို ပိုပြီးလွမ်းတာပေါ့ရှင်။

AG: ဆရာမရဲ့ ပညာရေး နောက်ခံ အကြောင်းလေး ပြောပြပါဦး။
BS: “၂၀၁၈ တွင် ဆယ်တန်းအောင်တယ်။ ဒုတိယနှစ် အဝေးသင် သမိုင်းမေဂျာတက်နေပါတယ်။ Leadership Traning တက်ဖူးပါတယ်။ ပတ်ဝန်းကျင်တွင် ကလေးတွေကို အခမဲ့ပညာသင်ပါတယ်။ ဘာသာရေးပညာကိုလည်း ဆည်းပူးသင်ယူနေတယ်။”

AG: ဘယ်အရာက ဆရာမကို ကဗျာရေးဖွဲ့ဖို့ လှုံ့ဆော်ခဲ့တာလဲ။ ကဗျာတွေ ရေးဖြစ်တဲ့ အကြောင်းလေးပေါ့။ အဲ့ဒါလေး ပြောပြပါ။
BS: “ကျမမှာ ဝါသနာတခုရှိခဲ့ဖူးတယ်။ အဲ့ဒါကတော့ သီချင်းရေးတယ်(ကိုယ်တိုင်ရေးပြီး)ပြီးတော့ ဆိုတယ်။ အဲ့ဒါက ဘာသာရေးနဲ့ဆန့်ကျင်တာကြောင့် ဂီတကိုစွန့်လွတ်ပြီး ကဗျာလောကထဲ ဝင်လာတာပါ။ ခဏတာလမ်းပျောက်ခဲ့ဖူးတယ်။ မိသားစုနဲ့သူငယ်ချင်းတွေရဲ့အားပေးမှုကြောင့် လမ်းစပြန်တွေ့နိုင်ခဲ့တယ်။ ၂၀၁၉ မှာ Art Garden Facebook page ကို တွေ့ခဲ့တယ်။ အဲ့မှာကဗျာပြိုင်တာ၊ တင်တာတွေ မြင်တွေ့လို့ ကိုယ့်အတွက်လည်း လမ်းစ တခုဖြစ်လာခဲ့တယ်။ ပြီးတော့ ကိုယ်ရေးတဲ့သီချင်းတွေကို ကဗျာအဖြစ်ပြောင်းလိုက်တယ်။ အသစ်တွေလည်း ရေးပါတယ်ရှင်။”

AG: ဆရာမရဲ့ အနှစ်သက်ဆုံး ကဗျာဆရာ သို့မဟုတ် စာရေးဆရာက ဘယ်သူဖြစ်မလဲ။ ဘာကြောင့် သူ့ကို သဘောကျ နှစ်သက်တာလဲ။
BS: “အနှစ်သက်ဆုံး ကဗျာဆရာတော့ သီးသီးခြားခြား မရှိသေးပါဘူး။ ကဗျာဆရာကြီးတွေရဲ့ ကဗျာရေးပုံရေးနည်းတွေကို လေ့လာပါတယ်။ ပြီးတော့ ကျမကိုယ်ကျမ ဘယ်လိုဖန်တီးနိုင်မှာကို စိတ်ကူးရင်းနဲ့ ကဗျာရေးဖြစ်တာပါ။ ဆိုချင်တာက ကဗျာဆရာကြီးတိုင်းကို ကျမ လေးစားတယ်။ နှစ်သက်ပါတယ်။”

AG: The Art Garden Rohingya Page နဲ့ တခြားနေရာတွေမှာ ဆရာမရဲ့ကဗျာ ဘယ်နှစ်ပုဒ် ရွေးချယ်ဖော်ပြခံရပြီလဲ။
BS: “ငါးပုဒ်ပါ။”

AG: ပထမဆုံး ရွေးချယ်ဖော်ပြခံရတဲ့ ကဗျာကရော ဘယ်ကဗျာပါလဲ။ အဲ့လို ရွေးချယ်ဖော်ပြခံရတဲ့အချိန်မှာ ဘယ်လိုခံစားရပါသလဲ။ ခံစားချက်လေး မျှဝေပါ။
BS: “ ငါ့ရဲ့စိတ် ။ အဲ့ဒီကဗျာက ကျမ ကိုယ်တိုင်ဖန်တီးဖူးတဲ့သီချင်းတပုဒ်ပါ။ သီချင်းကနေ ကဗျာပြောင်းလိုက်တာပါ။ ရွေးချယ်ခံရပြီးနောက် အရမ်းပျော်တာပေါ့နော်။”

AG: ဘဝမှာ ဘာဖြစ်ချင်ပါသလဲ။ ဆိုလိုချင်တာက ဘဝ ရည်မှန်းချက်က ဘာလဲပေါ့။
BS: “လမ်းစပျောက်နေသူ တစ်ဦးပါပဲ။ ဒီတော့ ရည်မှန်းချက်ပျောက်ဆုံးနေတယ်။”

AG: ဘဝရဲ့ စံပြပုဂ္ဂိုလ် (ဟီရိုး)က ဘယ်သူပါလဲ။
BS: “ကျမရဲ့ မိဘတွေပါပဲ။”

AG: ကိုဗစ် ၁၉ ကပ်ရောဂါဘေးကြီး ကူးစက်နေတဲ့ အချိန်ကာလမှာ ဆရာမရဲ့ အတွေ့အကြုံလေး ပြောပြပါလား။ ကိုဗစ် ၁၉ ရဲ့ သက်ရောက်မှုက ဆရာမနဲ့ မိသားစုအပေါ် ဘယ်လိုများ ရှိပါသလဲ။
BS: “များများစားစားတော့ မသိပါဘူး။ ကပ်ရောဂါဆိုက်နေပြီဆိုတော့ ကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ နေထိုင်ပါတယ်။ ခပ်ခွာခွာ ၊ သန့်သန့်လေး၊ အိမ်တွင်းနေ လို့ ဆိုချင်ပါတယ်။ ”

AG: ဆရာမ လက်ရှိ နေထိုင်တဲ့ဒေသမှာ အင်တာနက် ချိတ်ဆက်မှု အဆင်ပြေရဲ့လား။ တကယ်လို့ အဆင်မပြေဘူး ဒါမှမဟုတ် ပိတ်ပင်ထားတယ် ဆိုရင် ဆရာမရဲ့ နေ့စဉ်ဘဝတွင် ဘယ်လိုများ သက်ရောက်မှုများ ရှိမယ်လို့ ထင်ပါသလဲ။ ခံစားချက်လေး ပြောပြပါ။

BS: “ဟုတ်ကဲ့ပါရှင်။ မဆင်မပြေပါဘူး။ ကျမအတွက် သိပ်တော့ သက်ရောက်မှုမှ မရှိပါဘူး။ သူ့လုပ်ငန်းနဲ့ သူ လို့ပြောရပါမယ်။ ရှိမယ်ဆိုရင် အကျိုးရှိနိုင်ပါတယ်။ ယနေ့ အင်တာနက်ဟာ သင်ယူလေ့လာရာ၊ သတင်းအချက်အလက် ရရှိရာ နေရာတစ်ခုဖြစ်နေတာကြောင့် ကိုဗစ်ကာလမှာ အရေးပါတယ်လို့ ကျမ မြင်ပါတယ်။ ”

AG: ရိုဟင်ဂျာလူငယ်မျိုးဆက်တွေအတွက် သတင်းစကားလေး ဘာများ ပါးချင်ပါလဲ။
BS: “စိတ်ဓာတ်မကျကြပါနဲ့။ အောင်မြင်မှုဆိုတာ ရှုံးနိမ့်မှုကစတင်တာပါ။ အောင်မြင်ဖို့အတွက်သာ အမြဲကြိုးစားကြပါ။”

AG: ရိုဟင်ဂျာအသိုင်းအဝိုင်းတစ်ခုလုံးအတွက်ရော ပါးချင်တဲ့ သတင်းစကားလေးက ဘာများဖြစ်ပါမလဲ။
BS: “Justice ရရှိဖို့ပါပဲ။”

AG: စာပေအနုပညာတွေဟာ လူမျိုးတစ်မျိုးအတွက် ဘယ်လောက် အရေးကြီးသလဲ လို့ ဆရာမ ထင်ပါသလဲ။ ဆရာမအနေနဲ့ကော့ ရိုဟင်ဂျာ စာပေအနုပညာယဉ်ကျေးမှု အမွေအနှစ်တွေကို ဘယ်လိုနည်းနဲ့ ဖော်ထုတ်ထိန်းသိမ်းစေချင်သလဲ။
BS: “စာပေဆိုတာ လူမျိုးတစ်မျိုးအတွက် အင်မတန် အရေးကြီးပါတယ်။ ပညာမဲ့တဲ့သူနဲ့ ပညာရှိတဲ့သူဟာ မိုးနဲ့မြေကွာသလိုကွာပါတယ်။ ကိုယ်တတ်ထားတဲ့ ရိုဟင်ဂျာ စာပေအနုပညာယဉ်ကျေးမှုတွေကိုတခြားသူအား စာအုပ်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ၊ အင်တာနက်မှတဆင့်ဖြစ်စေ သင်ကြားပေးရင်းနဲ့ ဖော်ထုတ်ထိန်းသိမ်းချင်ပါတယ်။”

AG: အခုလို စိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့အတွက် The Art Garden Rohingya မှ ကျေးဇူးတင်ပါတယ်။
BS: “ဟုတ်ကဲ့ပါရှင်။ ခုလို Interview ဖြေကြားခွင့်ရတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။”

Editorial Team

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website