The Blog

“၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ မောင်တောခရိုင်မှ တစ်ဦးတည်းသော ဘာသာစုံဂုဏ်ထူးရှင် မူဟာမတ်အာယာစ်” နှင့် The Art Garden Rohingya အင်တာဗျူး

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၃၀) ရက်။

The Art Garden Rohingya သည် လူမှုအခြေပြု စာပေအနုပညာ website ဖြစ်ပါသည်။ ကျွန်ုပ်တို့ The Art Garden Rohingya သည် ရိုဟင်ဂျာတို့၏ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့များကို ဖော်ဆောင်ပေးနေသည့် စာပေအနုပညာချစ်မြတ်နိုးသော ရိုဟင်ဂျာလူငယ် ကဗျာဆရာများနှင့် အနုပညာရှင်များကို အားပေးအားမြှောက်ပြုလိုသည့်ရည်ရွယ်ချက်ဖြင့် ကဗျာလင်္ကာနှင့် အနုပညာလက်ရာများကို ပုံနှိပ်၍သော်လည်းကောင်း၊ အွန်လိုင်းစာမျက်နှာများတွင် မျှဝေ၍သော်လည်းကောင်း တင်ပြလျက်ရှိပါသည်။ ရိုဟင်ဂျာလူငယ် ကဗျာဆရာများနှင့် အနုပညာရှင်များသည် ကဗျာစာပေနှင့် အနုပညာအပေါ် ယုံကြည်မှုနှင့် စိတ်သဘောထားအမြင် မည်သို့ရှိကြောင်းကို သိရှိနိုင်ခြင်းငှါ ကဗျာဆရာများ၊ အနုပညာရှင်များနှင့် မေးမြန်းခြင်းပြုလုပ်သည့် အင်တာဗျူးကဏ္ဍကို တင်ဆက်လိုက်ပါသည်။

အင်တာဗျူးထဲက ထင်မြင်ယူဆချက်၊ ခံယူချက် စသည်တို့သည် သက်ဆိုင်ရာ ကဗျာဆရာ၊ အနုပညာရှင်တို့၏ အာဘော်သာဖြစ်ပြီး၊ The Art Garden Rohingya ၏ အာဘော်မဟုတ်ကြောင်း အလေးအနက် သိစေအပ်ပါသည်။

AG: ဦးစွာ ညီလေးရဲ့ ထူးထူးချွန်ချွန် အောင်မြင်မှုအတွက် Art garden မှ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒီတော့ ညီလေးရဲ့ ကိုယ်ရေးအကျဉ်းလေးနဲ့ မိတ်ဆက်ပေးပါ။
AZ: ဟုတ်ကဲ့ပါ။ ဂုဏ်ယူ အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျနော့်နာမည်က မူဟာမတ်အာယာစ် ခေါ် မောင်လှမြင့် ဖြစ်ပါတယ်။ ကျနော် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ မြို့မရပ်ကွက်မှာ နေပါတယ်။ မိဘကတော့ ဦးဆွေယောဒ်ဟူဆောန်နှင့် ဒေါ်ဖာတေမာဘီဘီ ဖြစ်ပါတယ်။ မွေးချင်းသုံးယောက်အနက် ကျနော် ဒုတိယမြောက် ဖြစ်ပါတယ်။ အသက်ကတော့ ၁၇ နှစ် ရှိပါပြီ။

AG: ညီလေးရဲ့ ပညာသင်လာခဲ့တဲ့ အကြောင်းလေး ပြောပေးပါ။ ပညာသင်ခရီးပေါ့။ ဘယ်ကျောင်းမှာ ဘယ်လိုလိုနဲ့ သင်ပြီးတော့ ဆယ်တန်းအထိ ရောက်လာတာကိုပေါ့။
AZ: ကျနော် ၂၀၀၉ ခုနှစ်မှာ သူငယ်တန်းကို အခြေခံပညာမူလတန်းလွန်ကျောင်း၊ မြို့သစ်ရပ်ကွက်မှာ စတင်ခြေလှမ်းခဲ့ပါတယ်။ ဒါပေမယ့် ငယ်ရွယ်နုနယ်သေးလို့ ကျောင်းတက်ရတာ စိတ်မပါသေးပါ။ ကျောင်းစာတွေကို မေမေက အိမ်မှာ သင်ပြခဲ့တယ်။ အဲလို စာသင်လာခဲ့ရင်း ၄တန်း နဲ့ ၅တန်း မှာ ပထမအဆင့် ရရှိခဲ့ပါတယ်။ ၆ တန်းထိ သင်ယူပြီး ၇ တန်းမှာ ရောက်တော့ အခြေခံပညာအထက်တန်းကျောင်း(၁)၊ အနောက်ရပ်ကွက်သို့ ကျောင်းပြောင်းခဲ့ပါတယ်။ ၇ တန်းမှာ အဆင့် (A)နဲ့ အောင်မြင်ခဲ့ပြီး ၈ တန်း မှာလဲ ရမှတ်တတိယအများဆုံးဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။ ပြီးတော့ ဆယ်တန်းကျူရှင်ကို ဆရာခင်ဇော်မိုး ဦးဆောင်တဲ့ ”ထူးချွန်” စာသင်ဝိုင်းမှာ တက်ရောက်သင်ယူခဲ့ပါတယ်။ ဒါ့ပြင် ခုတလော ၂၀၂၀ ခုနှစ်တွင် စစ်ဆေးကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဘာသာစုံဂုဏ်ထူးကို ဆွတ်ခူးခဲ့ပါတယ်။

AG: အခြေခံပညာသင်ကြားခဲ့တဲ့ကာလက အကောင်းဆုံး အမှတ်တရ တစ်ခုလောက် ပြောပြပါလား။
AZ: ဟုတ်ကဲ့ပါ။ ပညာသင်ကာလမှာ ကျနော့်ရဲ့ အကောင်းဆုံးအမှတ်တရဆိုရင် “ကျောင်းသားဘဝ တစ်လျှောက်လုံး” ပါပဲ။ အဲ့ဒီ ကျောင်းသားဘဝကို ကျနော် တသက်လုံးမေ့နိုင်မှာမဟုတ်ပါ။ တကယ်တော့ ကျောင်းသားဘဝဆိုတာ ကျနော်အတွက်အတွက်ကျနော် အတွက်ရော တခြားလူတွေအတွက်ပါဘဝရဲ့ပျော်စရာအကောင်းဆုံး အချိန်သမယလို့ထင်ပါတယ်။ ဆရာ၊ ဆရာမတွေ စာပြတာတွေ၊ သူငယ်ချင်းတွေနဲ့ အတူပျော်ပျော်ကစားတာတွေကို ခုချိန်ထိ မျက်စိထဲမှာ မြင်ယောင်နေဆဲပါ။ ရယ်စရာတွေပြောတာ၊ ကျောင်းတက်ချိန်နဲ့ ကျောင်းဆင်းချိန်မှာ ကြားရတဲ့ ခေါင်းလောင်းသံတွေက နားထဲ၌ ကြားနေဆဲပါပဲ။ ကိုယ်တက် တဲ့ကျောင်း၊ ကိုယ်သင်တဲ့အခန်း၊ ကိုယ်ထိုင်တဲ့ ထိုင်ခုံတွေ ဘယ်တော့မှ မေ့သွားမှာမဟုတ်ပါဘူး။

AG: ညီလေးရဲ့ တစ်ဘာသာချင်းစီရမှတ်နဲ့ အမှတ်ပေါင်းကို သိပါရစေ။
AZ: ဟုတ်ကဲ့ပါ။ အားလုံးက သိတဲ့အတိုင်းပါပဲ။ ပညာရေးဝန်ကြီးဌာနမှ အမှတ်စာရင်း မထုတ်ပေးသေးတာမို့ ကျနော့်အမှတ်တော့ အခုထိ မသိရသေးပါဘူး။

AG: ဘာသာစုံဂုဏ်ထူးထွက်အောင် ဘယ်လိုကြိုးစားခဲ့သလဲ။ နည်းနည်းပြောပြပါအုံ့။
AZ: ဟုတ်ကဲ့ပါ…။ ပြောရရင် ကျနော် ဂုဏ်ထူးကို မျှော်ပြီးကြိုးစားခဲ့တာမဟုတ်ဘဲ ခြောက်ဘာသာစလုံးမှာ ရာနှုန်းပြည့်ဖြေဆိုနိုင်ရေးကိုသာ ရှေ့ထားကာ ကြိုးစားခဲ့တာပါ။ ကျောင်းစာတွေအပြင် ဗဟုသုတရစေတဲ့ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ဆောင်းပါးနှင့် တခြားသောစာအုပ်တွေကိုလဲ တော်တော်လေ့လာခဲ့ပါတယ်။ ပြီးတော့ စာဖတ်ဖို့အတွက် အချိန်ဇယားတစ်ခု ဆွဲထားပြီး အဲ့ဒီအချိန်ဇယားအတိုင်း ပုံမှန် တစ်နေ့စာကို တစ်နေ့ အပိုင်လေ့လာကျက်မှတ်ခဲ့ပါတယ်။ မြန်မာစာမှာ စာစီစာကုံးတွေ၊ အဆိုဆွေးနွေးမှုတွေကိုက အချိန်ပိုပေးပြီးတော့ လေ့လာခဲ့ပါတယ်။ ဆရာ၊ဆရာမတွေ သင်ပြတဲ့ဟာကိုလဲ အာရုံစူးစိုက်ပြီး မှတ်ထားခဲ့ပါတယ်။

AG: ဂုဏ်ထူးထွက်အောင် ကြိုးစားနေတဲ့ ကျောင်းသား/သူတွေအတွက် ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရသလဲလို့ ထင်သလဲ။ ငွေရေးကြေးရေး၊ သင်ထောက်ကူ စသည်ဖြင့်ပေါ့။
AZ: ဟုတ်ကဲ့ပါ။ ဂုဏ်ထူးဆိုတာက လွယ်လွယ်ရတဲ့ အရာမဟုတ်ပါ။ ဒါကြောင့် စွန့်စားမှုတွေ အမျိုးမျိုး လုပ်ရပါတယ်။ ဂုဏ်ထူးထွက်အောင် ကြိုးစားတဲ့သူတွေဟာ ငွေကြေးမတတ်နိုင်တာမျိုး၊ သင်ထောက်ကူပစ္စည်းတွေမလောက်တာမျိုး၊ အချိန်မှန် အစားစာ မစားရတာမျိုး၊ တနေ့ကုန်ပင်ပန်းပြီး အနားယူလို့မရတာမျိုး စတဲ့အခက်အခဲတွေ ရင်ဆိုင်ရပါတယ်။ ဘယ်လိုအခက်ခဲဖြစ်ပါစေ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပြီးကျော်လွှားနိုင်ရင် ဂုဏ်ထူးဆိုတာ သိပ်မခက်တော့ပါဘူး။

AG: တက္ကသိုလ်ဝင်တန်းမှာ ဒီလိုထူးထူးချွန်ချွန်နဲ့ အောင်မြင်ဖို့
ငယ်ငယ်လေးကတည်းကပင် ဘယ်လို ကြိုးစားလေ့ကျင့်ခဲ့တာလဲ။
AZ: ကျနော်ဟာ ထူးချွန်စွာအောင်မြင်ဖို့ မှန်းထားတဲ့ သူတယောက်ဖြစ်တာမို့ ငယ်ငယ်လေးကပင် စာကိုပုံမှန်ကျက်မှတ်လာခဲ့တယ်။ အိပ်ချိန်ကအစ၊ ကစားချိန်တွေပါ အချိန်အကန့်အသတ်ထားခဲ့ပါတယ်။ ဆယ်တန်းမှာ ဆိုရင်လဲ စာကို ည ၇ နာရီကနေ ၁၀ နာရီထိ နေ့စဉ်ပုံမှန် ကျက်မှတ်ခဲ့ပါတယ်။ တဖန် မိုးလင်း ၄ နာရီကနေ ၆နာရီထိ တွက်စာ လုပ်ခဲ့ပါတယ်။ အက်ဆေးတွေ၊ စာစီတွေကို အချိန်ပိုပေးပြီး အမြဲ လေ့ကျင့်ခဲ့ပါတယ်။

AG: အခု ညီလေးက ဂုဏ်ထူးခြောက်ဘာသာနဲ့ စာမေးပွဲ အောင်ခဲ့ပြီဆိုတော့ ရှေ့ဆက်ပညာသင်ဖို့ ဘယ်လို မျှော်မှန်းထားလဲ။
AZ: ဟုတ်ကဲ့ပါ။ ကျနော်က ရန်ကုန်သွားပြီးတော့ ဆေးကျောင်းတက်ဖို့ မျှော်မှန်းထားပါတယ်။ အဲလို မျှော်မှန်းထားတဲ့အတိုင်းဖြစ်လာပါမယ်လို့ ယုံကြည်ပါတယ်။ အတားအဆီးတွေလဲ သိပ်ရှိမှာမဟုတ်ဘူးလို့ ထင်ပါတယ်။ အခက်အခဲတွေကိုလဲ ကျော်လွှားနိုင်မယ်လို့ထင်ပါတယ်။ ကျနော်လဲ မိမိဘဝကို အကောင်းဆုံးဖြစ်အောင် ကြိုးစားဖို့ အဆင်သင့်ဖြစ်နေပါတယ်။

AG: ညီလေးက ယခုတလော ကဗျာရေးနေတာ တွေ့ရတယ်။ ဘယ်အရာက ကဗျာရေးဖို့ လှုံ့ဆော်ခဲ့တာလဲ။ ကဗျာတွေ ရေးဖြစ်တဲ့ အကြောင်းလေးပေါ့။ အဲ့ဒါလေး ပြောပြပါ။
AZ: ဟုတ်ကဲ့ပါ။ ကျနော် အခု ကဗျာ တွေရေးနေပါတယ်။ ငယ်ငယ်တန်းကပင် ကဗျာကို အရမ်းစိတ်ဝင်စားခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ မေမေက ကဗျာတွေ သီဆိုပြတဲ့အခါ ကာရန်နဲ့အညီ အမြဲသီဆိုပြခဲ့ပါတယ်။ အဲလို ရွတ်ဆိုပြလို့ ကျနော့်ရဲ့စိတ်မှာ ပီတိဖြစ်လာပါတယ်။ ဒါကြောင့် ကဗျာဟာ ကျနော့်ရဲ့ စွဲလမ်းမှု ဖြစ်သွားပြီး အလွန်ပင် ကြည်နူးစေပါတယ်။ ဆယ်တန်းဖြေပြီးတဲ့အခါမှာလဲ အကိုကြီးက ဒီပေ့ခ်ျမှာ ကဗျာရေးဖို့ တွန်းအားပေးတယ်။ ဒီလို အကြောင်းတွေပေါ်လာလို့ ကျနော် ကဗျာရေးဖို့ လမ်းစတွေ့ခဲ့ပါတယ်။

AG: ကျောင်းသင်ရိုးတွေထဲမှ ညီလေးရဲ့ အနှစ်သက်ဆုံး ကဗျာဆရာ သို့မဟုတ် စာရေးဆရာက ဘယ်သူဖြစ်မလဲ။ ဘာကြောင့် သူ့ကို သဘောကျ နှစ်သက်တာလဲ။
AZ: ကျနော်နှစ်သက် တဲ့ ကဗျာဆရာ၊ စာရေးဆရာတွေက အများကြီးပါပဲ။ ဒါပေမယ့် ဦးဖိုးကျား ဆိုတဲ့ စာရေးဆရာကြီးဟာ ကျနော့်ရဲ့ အနှစ်သက်ဆုံး စာရေးဆရာ လို့ပြောလို့ရပါတယ်။ သူဟာ ကိုယ်တွေ့ဝတ္ထုတွေကို အများအပြား ရေးသားခဲ့ပါတယ်။ သူ့ကို နှစ်သက်ရခြင်းရဲ့ အကြောင်းတွေကအများကြီးပါ။ သူဟာ တခြား စာရေးဆရာတွေနဲ့မတူ တစ်မူထူးခြားတဲ့ ကိုယ်တိုင်ဖန်တီးနိုင်စွမ်းရှိပါတယ်။ သူ့ရဲ့ အရေးအသားက ကျစ်လျစ်သိပ်သည်းသလောက် အဓိပ္ပါယ်ကလဲ အလွန်ပင် နက်ရှိုင်းလှပါတယ်။ သူရေးလိုတဲ့ အရာကို ထူးခြားပြောင်မြောက်တဲ့ စာလုံးအသုံးအနှုန်းတွေနဲ့ စာဖတ်သူရဲ့ အာဘော်နှင့် လိုက်အောင် ထိထိမိမိ ရေးနိုင်ပါတယ်။ သူ့ရဲ့ အရေးအသားစွမ်းရည်ကို မင်းကတော် ဝတ္ထု၌ အကျယ်တဝန်း တွေ့နိုင်ပါတယ်။

AG: ကျောင်းပြိုင်ပွဲတွေမှာ ကဗျာတွေ စာစီတွေ ရေးပြီးတော့ ဆုတွေချီးမြင့်ခံရတာ ရှိခဲ့သလား။ အဲ့ဒါ ဘယ်ကဗျာ ဒါမှမဟုတ် ဘယ်စာစီစာကုံးပါလဲ။
AZ: ကျနော် စာသင်တဲ့ကာလမှာ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိင်ခဲ့တာ သိပ်မရှိပါဘူး။ စာကိုပဲ တစိုက်မတ်မတ် ကျက်မှတ်ခဲ့ရလို့ဖြစ်ပါတယ်။

AG: ပထမဆုံး ရွေးချယ်ဖော်ပြခံရတဲ့ ကဗျာကရော ဘယ်ကဗျာပါလဲ။ အဲ့လို ရွေးချယ်ဖော်ပြခံရတဲ့အချိန်မှာ ဘယ်လိုခံစားရလဲ။ ခံစားချက်လေး မျှဝေပါ။
AZ: ကျနော့်ရဲ့ ပထမဆုံးရွေးချယ်ခံခဲ့ရတဲ့ကဗျာကတော့ “လမ်းပြရှေ့ဆောင် ဆရာပင်” ဖြစ်ပါတယ်။ ဒီကဗျာကို မမျှော်လင့်ဘဲ ပေ့ခ်ျမှာ တွေ့ရတဲ့အခါ ကျနော့်ရဲ့ ကြိုးစားမှုရလဒ်ကိုဖော်ဆောင်တဲ့ မျက်ရည်တွေက တစက်စက်ကျလာခဲ့ပါတယ်။ တပြိုင်တည်းမှာ ကျနော် ခံစားရတာ တခုရှိပါတယ်။ ဒီကဗျာက ပထမဆုံးကဗျာဆိုတော့ နောက်ကဗျာကောင်းတွေရေးဖို့ အမြဲတိုက်တွန်းနှိုးဆော်စေတဲ့ နိမိတ်ကောင်း ကဗျာတပုဒ်ပါလားလို့ စဉ်းစားတွေဝေမိပါတယ်။

AG: ဘဝမှာ ဘာဖြစ်ချင်ပါလဲ။ ဆိုလိုချင်တာက ဘဝ ရည်မှန်းချက်က ဘာလဲပေါ့။
AZ: ကျနော်ဘဝရဲ့ အဓိကရည်မှန်းချက်ကတော့ ပြည်သူပြည်သားတွေ အားကိုးထိုက်တဲ့ ဆရာဝန်ကောင်းတစ်ဦးဖြစ်လာချင်တာပါ။ ဘာလို့လဲဆိုတော့ အသက်ပေါင်းများစွာ ကယ်တင်နိုင်တဲ့ ဆရာဝန်တစ်ဦးရဲ့ အလုပ်က ကုသိုလ်လဲ ရသလို ပျော်စရာလဲကောင်းပါတယ်။ ဒုတိယ ဦးစားပေးအနေနဲ့ ကျနော် ကဗျာတွေကိုလဲ အချိန်ရသလောက် ဆက်ရေးသွားမှာဖြစ်ပါတယ်။ ကဗျာဆိုတာ လူသားတွေရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းကို မြင့်မားစေနိုင်လို့ပါပဲ။ နိုင်ငံ့အကျိုးအတွက် မိမိဘဝဆုံးတိုင်အောင် သယ်ပိုးဆောင်ရွက်ဖို့ ရည်မှန်းထားပါတယ်။

AG: ဘဝရဲ့ စံပြပုဂ္ဂိုလ် (ဟီရိုး) က ဘယ်သူပါလဲ။
AZ: ဘဝရဲ့ စံပြပုဂ္ဂိုလ်ဆိုတော့ ကိုယ့်မိကိုယ့်ဘ တွေပါပဲ။ သူတို့ရဲ့ ကျေးဇူးတရားကြောင့် ကျနော်အခု ဒီလို ထူးချွန်အောင်မြင်မှုကို ရရှိနိုင်ခဲ့တာပါ။ သူတို့ရဲ့ အားထုတ်မှု၊ ထောက်ပံ့မှုကြောင့် ကျနော်လဲ ထူးချွန်ခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ ကျေးဇူးအကြွေးကို ကျနော် ဘယ်တော့မှ ဆပ်နိုင်မှာမဟုတ်ပါဘူး။

AG: ကိုဗစ် ၁၉ ကပ်ရောဂါဘေးကြီး ကူးစက်နေတဲ့ အချိန်ကာလမှာ ခင်ဗျားရဲ့ အတွေ့အကြုံလေး ပြောပြပါလား။ ကိုဗစ် ၁၉ ရဲ့ သက်ရောက်မှုက ခင်ဗျားနဲ့ ခင်ဗျာ့း မိသားစုအပေါ် ဘယ်လိုများ ရှိပါသလဲ။
AZ: အခု ကပ်ရောဂါ ကိုဗစ် ၁၉ ကာလမှာ နစ်နာဆုံးရှုံးမှု အနည်းအများကို လူတွေအကုန်လုံး ခံနေရပါတယ်။ စီးပွားရေးတွေလဲ ကျဆင်းနေပါတယ်။ အထူးသဖြင့် ကျောင်းသားတွေရဲ့ ပညာရေးကို လွန်စွာထိခိုက် ဆုတ်ယုတ်စေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုဗစ်ရောဂါ ကာကွယ်ထိန်းသိမ်းရေး စည်းကမ်းများကို အစဉ်မပြတ်လိုက်နာ မယ်ဆိုပါက မကြာခင် အားလုံးအဆင်ပြေသွားပါမယ်လို့ မျှော်လင့်ပါတယ်။

AG: ခင်ဗျား လက်ရှိ နေထိုင်တဲ့ဒေသမှာ အင်တာနက် ချိတ်ဆက်မှု အဆင်ပြေရဲ့လား။ တကယ်လို့ အဆင်မပြေဘူး ဒါမှမဟုတ် ပိတ်ပင်ထားတယ် ဆိုရင် ခင်ဗျားရဲ့ နေ့စဉ်ဘဝတွင် ဘယ်လိုများ သက်ရောက်မှုများ ရှိမယ်လို့ ထင်ပါသလဲ။ ခံစားချက်လေး ပြောပြပါ။
AZ: ဟုတ်ကဲ့ပါ အဆင်မပြေပါဘူး။ ကျနော်တို့ ဒီဘူးသီးတောင်မှာ လိုင်းရတဲ့နေရာ တစ်ခုနှစ်ခုလောက်ရှိပါတယ်။ အဲဒီနေရာတွေလဲ လိုင်းသိပ်မကောင်းပါဘူး။ Emailတွေ ဘာတွေပို့မယ်ဆိုရင် အဲဒီနေရာမှာ သွားပြီးပို့ရပါတယ်။ အခုလို အင်တာနက်ပိတ်ပင်ထားတဲ့ အတွက် လူငယ်တွေအတွက် ဗဟုသုတရဲ့တွင်းကြီးဖြစ်တဲ့ Google, Bin, Ebay, Facebook စတဲ့ဟာတွေကို အသုံးမပြုနိုင်တာကလဲ ITခေတ် လူငယ်အတွက် ခေတ်ပညာ နောက်ကျမှုတွေ ရှိနိုင်ပါတယ်လို့ ထင်ပါတယ်။

AG: တက္ကသိုလ်ဝင်တန်းတက်နေတဲ့၊ နောက်နှစ်မှာ တက်ကြမယ့် ညီလေး၊ ညီမလေးတွေအတွက်ရော ဘယ်လိုအကြံပေးချင်လဲ။
AZ: ဟုတ်ကဲ့ပါ။ ကျနော်ဆယ်တန်းဘဝကို ကြုံတွေ့ဖူးသူတယောက်ဖြစ်တာမို့ နောက်နှစ် ဆယ်တန်းဖြေမယ့် ညီလေး၊ ညီမလေးတွေကို အကြံလေး ပေးချင်ပါတယ်။ ဇွဲသတ္တိလုံ့လဝီရိယကို ရင်ဝယ်ပိုက်ကာ မဆုတ်မနစ် ကြိုးစားပါ။ စိတ်ဓာတ်ကို အမြဲမြှင့်တင်ပေးပါ။ သူတပါးအပေါ် ဝန်တိုမှု၊ ကလဲ့စားချေမှု၊ နာကျည်းမှု စတဲ့ မကောင်းစိတ်မျိုးကို ဘေးဖယ်ထားပါ။ အရာတိုင်းကို အကောင်းသာမြင်ပါ။ လူတိုင်းကိုချစ်တဲ့ မျက်စိနဲ့ ကြည့်ကြပါ။ မိဘဆရာသမားတို့ရဲ့ ချီးကျူးမှု ခံထိုက်သူဖြစ်ကြပါလို့ အသိပေးချင်ပါတယ်။ ဒါဆိုရင် နောက်နှစ်မှာလဲ ကောင်းတဲ့ဂုဏ်သတင်းတွေ ကြားရပါမယ်လို့ ယုံကြည်ပါတယ်။

AG: စာပေအနုပညာတွေဟာ လူမျိုးတစ်မျိုးအတွက် ဘယ်လောက် အရေးကြီးသလဲလို့ ညီလေး ထင်သလဲ။
AZ: ဟုတ်ကဲ့ပါ။ စာပေအနုပညာတွေဟာ လူမျိုးရပ်တည်နိုင်ဖို့အတွက် ပင်မအရင်းအမြစ်လို့ထင်ပါတယ်။ စာပေယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ရိုးရာအစဉ်အလာတွေ တိုးတက်မြင့်မားသလောက် လူမျိုးရဲ့ဂုဏ်လဲ တင့်တယ်ထည်ဝါမှာဖြစ်ပါတယ်။

AG: အခုလို စိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့အတွက် The Art Garden Rohingya မှ ကျေးဇူးတင်ပါတယ်။
AZ: ဟုတ်ကဲ့ပါ။ ကျနော်လဲ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်အပါအဝင် ကိုယ်ရေးအကျဉ်းလေးတွေကို မျှဝေခွင့်ရတယ်အတွက်နဲ့ တည်းဖြတ်အယ်ဒီတာ အဖွဲ့အား အင်မတန်ကျေးဇူးတင်ရှိပါကြောင်း ဆုတောင်းမေတ္တာ ပို့ပေးပါတယ်။

Editorial Team

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website