"အနာဂတ်ပျောက် ရိုဟင်းသား"
နေရပ်စွန့်ကာ အသက်ကယ်ဖို့
ရောက်ရနေရ သူများပြည်သို့
သိုက်မဲ့ငှက်ပမာ ဘဝကံနှင့်
အားကိုးရာမဲ့ လမ်းလည်းတလွှဲ
ပင်လယ်ထဲမျော သစ်ငုတ်သဏ္ဌာန်
ကမ်းပျောက်လေရှာ ရိုဟင်းသား။
နလှန်ထူဖို့ စိတ်ကူးနှင့်မို့
ရုန်းကန်ထလည်း ငါးစာဖြစ်ရ
ကမ်းစမမြင် ပင်လယ်ပြင်ထဲ
ဂူတွင်းပျက်ခံ ပုရွက်ဆိတ်သို့
နစ်မြှုပ်လို့သေ ဇီဝန်အသက်
မနက်ဖြန်ပျောက်ရှာ ရိုဟင်းသား။
ကိုယ့်ပြည်တွယ်တာ ပြန်ခရီးမျှော်လို့
ဖြုတ်ကျနေတဲ့ ဥက္ကာပျံလို
သက်ကြီးအိုရွယ် နိဂုံးချုပ်နေပြီ
ကျန်ရစ်သားသမီး ရိပ်မဲ့ပင်လည်း
အခါမစေ့ ကြွေကျလုမတတ်
အနာဂတ်ပျောက်ရှာ ရိုဟင်းသား။
နောင်လာနောင်သား လက်ကမ်းဆက်ဖို့
သင့်ရာစာပေ သင်ခွင့်မရ
လှောင်အိမ်ပိတ်ခံ ကျေးငှက်ဟန်
လိုရာပန်းတိုင် မလှမ်းရှာလို့
တိတ်ဆိတ်နေရ လူအပမာ
ဘဝပျောက်လေရှာ ရိုဟင်းသား။
— မိုဟာမတ်ရှားဟ်
Editorial Team
(7-4-2024)
လှေစီးပြေး ဒုက္ခသည်
ရေးသားသူ – Shahida Win
မိစ္ဆာတွေ အုပ်ချုပ်
လူမဆန် ကြမ်းကြုတ်
အကြောင်းမဲ့ ဝရမ်းထုတ်
တွေ့သမျှ ဖမ်းချုပ်
သတ်ဖြတ် မျိုးဖြုတ်
အမိမြေမှ မောင်းထုတ်
ခံစားချက်တွေ ပေါက်ကွဲလို့
ကဗျာအဖြစ် အပြင်ထုတ်
လူမျိုးခြား ဘာသာခြား
မူဝါဒချ ဆက်ခွဲခြား
အဖိနှိပ်ခံဆုံး လူသား
ရိုဟင်ဂျာများ ဖြစ်လာ
အသက်ကို စွန့်စား
မရေရာတဲ့ လောင်းကစား
အမေတကွဲ သားတကွဲ
အမိမြေမှ သက်လုပြေး
ပင်လယ်ထဲ လချီ
သစ်သား လှေစီး
လမ်းမမြင် ကမ်းမမြင်
သမုဒ္ဒရာလယ် မျောရင်း
အအိပ်ပျက် အစားပျက်
မိန်းကလေးများ ဘဝပျက်
ရှင်သူရှင် သေသူသေ
ကမ်းကပ်ဖို့ ကြိုးစားနေ
ဆိုးဝါးလှတဲ့ ရိုဟင်ကံ
ဘယ်နိုင်ငံမှ အဝင်မခံ
နေရာတကာ အပယ်ခံ
အသံမဲ့ တို့အသံ
တိုင်တန်းနေ အရှင့်ထံ။
(၀၇-၀၆-၂၀၂၀)
Editorial Team
#TheArtGardenRohingya