The Blog

အယ်ဒီတာ အကြိုက် အကောင်းဆုံး ကဗျာ (၅)ပုဒ်၊နိုဝင်ဘာလ ၊၂၀၂၀။

ဒဏ္ဍာရီဆန် အာရ်ကာန် 

ရေးဖွဲ့သူ- Ro Anuwar Farook

မိုးလင်းခါစ သူရကန်စက်

ဖြည်းဖြည်းချင်းနဲ့ ရဲထွက်လာ၊

စကြာဝဠာကို လင်းရောင်ဖြာ

ပြည်တစ်ခွင်လုံး ငြိမ့်သာယာ။

မြူးထူးပျော်ကာ တောချိုးငှက်

သဲသဲပျံလွှား ဂနိုင်မှာ၊

တောင်ပြန်လေသံ တအိအိ

ကြက်တွန်သံလည်း ငြိမ့်အတိ။

လန်းဆန်းပွင့်တဲ့ ရာသီပန်း

ရှုခင်းဆန်းကြယ် ခါဟေမန်၊

သစ်ရွက်ကြွေပြောင်း အချိန်မှန်

ဖူးသစ်ဆင်လာ ခါဂိမာန်။

လယ်ထွန်ဆင်းပွဲ ပျော်စရာ

ကောက်စိုက်တေးညံ ဝသန်ပါ။

မှီဝဲတန်သည့် ဇာတိမြေ၊

စိမ်းလန်းစိုပြေ အာရ်ကာန်ပြည်။

ရွေးကောက်ပွဲ အလွမ်း

ရေးဖွဲ့သူ- အေနာမုလ်ဟာဆောင်း (ဘောလီမြေ)

တောင်ပေါ်မြေပြန့် မြန်မာနှံ့သို့

ခြေဆန့်ကြည့်သော် လူမျိုးဖြည့်စုံ

ထကြွအုံ၍ မဲရုံဆီသို့

သွားနေချိန်မှာ ရိုဟင်ဂျာများ

ဝမ်းနည်းပက်လက် မျက်ရည်ဝဲ၏။

သမိုင်းအရိပ် နှောင်းအတိတ်မှာ

နိမိတ်လှ၍ ရွေးကောက်ပွဲတိုင်း

ဆင်နွှဲနိုင်လည်း နှစ်ထောင်နှစ်ဆယ်

မဲရုံနယ်မှ အပယ်ခံရ

ရို-တစ်မျိုးသာ ဖြစ်ရရှာ၏။

လောကဇာတ်ခုံ ဘဝစုံမှာ

တွေ့ကြုံနေရ ဒုက္ခအစုံ

သူတပါးမြေမှာ ဒုက္ခသည်ဖြစ်

ဘဝဆစ်နှင့် မြှုပ်နစ်နေလည်း

အစိုးရက ဘေးဖယ်ထား၏။

အသွင်မတူ ရန်သူဟူ၍

မတူကွဲပြား  ဘာသာခြားလည်း

ခွဲခြားမမြင် အတူပင်ဟု

ချစ်ခင်စာနာ သစ္စာနှံသို့

လမ်းစဉ်မှန်အား မဲပေးချင်၏

ပညာရှိမှ လူရာဝင်

ရေးဖွဲ့သူ – Mamad Ayaz(6D Winner)

နိုင်ငံ့အကျိုး တိုးပွားဖို့

ပညာကိုသာ ရှာကြစို့

ရို-လူမျိုးလို့ တွင်ကျယ်အောင်

ပညာကိုသာ သင်စေချင်

နေရာမဆို ခြေချဖို့

ပညာရှိကို ဆည်းကပ်စို့။

အာရ်ကန်မြေက အရှင်သခင်

ကျွန်ဘဝမှ ရုန်းနိုင်အောင်

ကလောင်သွားနှင့် လက်စွမ်းပြ

ပညာကိုသာ ရှာမှီးလျက်။

ပညာရှိက ထိပ်ဖျားရောက်

တွင်းဆုံးကျတဲ့ ပညာမဲ့

သိပ်ကွာခြားတဲ့ ရှိနှင့်မဲ့

သက်ကြီးရွယ်အို ဆုံးတိုင်ပင်

ကိုယ်စွမ်းဉာဏ်စွမ်း ထက်မြက်အောင်

ပညာ၌သာ မွန်းစေချင်။

ဘဝရှေ့ဆောင် အသိမြင်

လူမျိုးတယ်တင့် ပညာမြင့်

ဆန်းသစ်ပညာ တတ်မြောက်ကာ

စိန်ခေါ်မှုကို ကျော်လွှားပါ။

“တိတ်တဆိတ်‌ အာရ်ကာန်မြေ”

ရေးဖွဲ့သူ- မရော်ဖိကာ

သာယာလှပ၊ အာရ်ကာန်မြေမှာ

သဘာဝပေါက်ပင် မျိုးစုဝင်နှင့်

သစ်တောချုံနွယ် စိန်းလန်းစေပြီး

ဝပြောလှသော သယံဇာတ

သတ္တဝါတို့လည်း ပျော်ပါးကျက်စား

ရွှန်းရွှန်းဝေဝေ ရွှေမြမြေ

အခုဆို တိတ်ဆိတ်နေပါတကား။

တောတောင်ရေမြေ မှီဝဲနေထိုင်

လူမျိုးပေါင်းစုံ အရောင်စုံနှင့်

မိမိဘာသာ စောင့်ထိန်းရိုသေ

ရင်းရင်းနှီးနှီး ပေါင်းသင်းညီ

ဘိုးဘွားရိုးရာ ဓလေ့ထုံးစံနှင့်

ဝေဝေဆာဆာ လခြမ်းမြေ

အခုဆို ငြိမ်သက်နေပါတကား။

နှစ်ပေါင်းများစွာ နေထိုင်လာသော

အာရ်ကာန်မြေသား ရိုဟင်ဂျာ

သွေးဆာဓားပြ ပိုက်ရတ်များက

မိခင်မှသား လုယက်သည့်ပမာ

ခွဲခွာလိုက်နှင် သတ်ဖြတ်စင်

သွေးယိုသံထွက် ငြိုငြင်စွာ

အခုဆို တိတ်ဆိတ်နေပါတကား။

တို့မြေမှဝေးရတဲ့ အလွမ်း

ရေးဖွဲ့သူ- မောင်စောလွင်

ကျီးကျီးအွတ်အွတ်  ကြက်ဖတွန်သံ

ပလီဘက်က အာဇာန်သံနှင့်

နုရ်ရောင်ခြည်တော်ဖြင့်

အိပ်ယာထဲက သားနှင့်ဖ

အိမ်နီချင်းတို့  နိုးထကြပြီး

တဖြည်းဖြည်းနှင့် ပလီဘက်သို့

တိုးလျှောက်လာတဲ့ မြင်ကွင်းလေးကို

တွေးမိတိုင်း မျက်ရည်ကျ‌မိ‌တယ်

မိဘထံမှ မုန့်ဖိုးတောင်းကာ

သူငယ်တို့နှင့် ပျော်ပျော်ပါးပါး

ဖြူစိမ်း၀တ်စုံ တူတူ၀တ်ပြီး

ကျောင်းသို့လျှောက်တဲ့ မြင်ကွင်းလေးကို

တွေးမိတိုင်း မျက်ရည်ကျမိတယ်

ခေါင်းလောင်းတီးသံနှင့်အတူ

ရိုရိုသေသေ ကျောင်းခန်း၀င်ပြီး

ဆရာမက သင်ရာထွေရာ

ကြိုးကြိုးစားစား သင်ခဲ့ပုံကို

တွေးမိတိုင်း မျက်ရည်ကျမိတယ်

ကျောင်းမှဆင်းပြီး လွယ်အိတ်ထားကာ

လယ်ကွင်းထဲသို့ လိုက်ကြပြေးကြ

ဆော့ကစားရင်း ကြည်နူးမိတဲ့

နေ၀င်ဆည်းဆာ အလှသာ

တွေးမိတိုင်း မျက်ရည်ကျမိတယ်နိုန

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website