The Blog

အယ်ဒီတာများ အကြိုက်အကောင်းဆုံး မြန်မာကဗျာ (၅)ပုဒ်၊ဇူလိုင်လ ၊ ၂၀၂၁ ။

အလင်းမရှိတဲ့ ငါ့ရဲ့ ကမ္ဘာ

ရေး- Asmah ( Moe Moe )

လူ့ရွာလောက လူ့ဘဝက

တိုလည်းမတို ရှည်လည်းမရှည်

သာမန်အတိုင်းသာ ရှိလှပေစွ။

ခရီးသည်လို ဖြတ်သန်းရသည့်

ငါ့ဘဝမှာ  နာကျင်မှုနှင့်

ပူဆွေးသောက ပြည့်နက်၏။

လွတ်လပ်ရေး၏ အဓိပ္ပါယ်ကို

စာအုပ်မှာတွေ့ ဖတ်ရင်းနှင့်သာ

မျက်စိကန်းလျက် ဆံပင်ဖြူ၏။

ဘဝအဆုံး ဝါကြီးဆိုတဲ့

ခေါင်းစဉ်နဲ့သာ အသိပညာမဲ့

လူရူးတစ်ဦးနှယ် သေဆုံးရ၏။

ရွှေထက်မြတ်နိုး အချိန်သည်ကား

မြေလိုတန်ဖိုးမရှိ ငါ့အတွက်သာ။

နေရာတိုင်းက အကျဉ်းထောင်လို

ဘယ်ကိုသွားသွား ခွဲခြားဆက်ဆံမှု။

တစ်ဘဝဝယ် တစ်ခါ

တွေ့ကြုံရသည့် သည်လောကဟာ

လမဲ့နေမဲ့ နေ့ညနှင့်သာ

အလင်းမရှိတဲ့ ငါ့ရဲ့ကမ္ဘာ။

သုံးနေ့တာခရီး

ရေး- Jainwaz Salim

မနေ့က တစ်နေ့

ဒီကနေ့ တစ်နေ့

မနက်ဖြန် တစ်နေ့ဆိုတဲ့

နေ့သုံးနေ့မှာ

ဘယ်နေ့သေ၊ ဘယ်နေ့ရှင်

ဘယ်နေ့အောင်မြင်၊ ဘယ်နေ့ရှုံးနှိမ့်

မသိနိုင်တဲ့ လောကကြီးဝယ်

မတရားနည်းနဲ့ နှိပ်စက်ရမှာ ဘာကြောင့်လဲ။

ကောက်ကျစ်စိတ်နဲ့ အောင်မြင်ရမှာ ဘာကြောင့်လဲ။

စိတ်ဓာတ်ကျတဲ့နည်းနဲ့ ကျရှုံးရမှာ ဘာကြောင့်လဲ။

ယုတ်မာမှုနဲ့ အနိုင်တိုက်ရမှာ ဘာကြောင့်လဲ။

တဏှာနဲ့ သူ့ငွေလုယူရမှာ ဘာကြောင့်လဲ။

အောက်တန်းကျစိတ်နဲ့ မတ်တပ်ရပ်ရမှာ ဘာကြောင့်လဲ။

ဘာကြောင့်လဲ။

သုံးနေ့တာခရီးပါပဲ။

“သွေးစွန်းတဲ့ ငွေလမင်း”

ရေး- ရိုဟင်သား

မခြောက်သေးတဲ့ သွေးကွက်တွေပေါ်မှာ

လရောင်ဟာ

နာကြည်း ခံပြင်းစွာပဲ

ထိုးကျနေမှာပါ

ငါ စဉ်းစားနေမိရဲ့

ဒါဟာ

“သွေးစွန်းတဲ့ ငွေလမင်း” ပါပဲ

ငါ မဖြေသိပ်နိုင်ဘူး

ငါ ခွင့်မလွှတ်နိုင်ဘူး

ငါတို့ကတော့

အချိန်အတွင်း အနိုင်တိုက်ရေး

အာဏသိမ်းပိုက်ရေးပဲ

ငါတို့ မကျေအေးနိုင်ဘူး

ငါတို့ကတော့

သွေးစွန်းမူအပေါ်

တရားမျှတမူအတွက်

တရားမျှတမူနဲ့ တရားစီရင်မှာပဲ

သူတို့ကို မညှာမတာ

လူထုခုံရုံ တင်ရမှာပဲ

ငါတို့ မစောင့်နိုင်တော့ဘူး

ငါတို့ လက်လွတ်မခံနိုင်တော့ဘူး

သွေးကြိုက်တဲ့အစိုးရဟာ

အချိန်အတွင်း ပြုတ်ကျသွားစေရမယ်

လူထုအစိုးရဟာ

အချိန်အတွင်း ပေါ်ထွန်းလာစေရမယ်

“သွေးစွန်းတဲ့ ငွေလမင်း”…။

“ခေါင်းဆောင်ကောင်း”

ရေး- ဆီးရာဇုလ်အိစ္စလာမ်(ခ)မောင်လှခင်(သိင်္ဂနက်သား)

နေရာတကာ စွမ်းစွမ်းတမံ

အမှန်တရားကို ‌ပြောရဲဝံ့

မတရားမှုကို လိုက်တွန်းလှန်

ဂုဏ်ပကာသနမပြ မာနမဲ့

‌လေးစားထိုက်တဲ့ ခေါင်းဆောင်ကောင်းပဲ။

မနာလိုစိတ်မရှိ စာနာစိတ်ရှိသူ

သနားညှာတာမှုရှိသူ၊ ခံနိုင်ရည်ရှိ

အထင်မကြီး သတ္တိရှိသူ

ကိုယ့်အမျိုးအဖို့ သက်စွန့်ဝံ့သူ

အရည်အချင်းရှိ ခေါင်းဆောင်ကောင်းပဲ။

ရိုးသား‌ဖြောင့်မတ်၊ စာရိတ္တလည်းကောင်း

ဇာတိသွေး၊ မျိုးချစ်မာန်ရှိသူ

တစ်ကိုယ်ကောင်းစိတ်မပါဘဲ

သူ့အကျိုးဆောင်လိုစိတ်ရှိသူသာ

စစ်မှန်တဲ့ ခေါင်းဆောင်ကောင်းပဲ။

ရင်ခွင်ထဲက ခံစားချက်

ရေး-  ချေဟေးရာဘီဘီ

ချစ်ခြင်းဖြစ်စေ၊ အကြင်နာဖြစ်စေ

သူ့ဘက်ကိုတော့ မမျှော်လင့်ဘူး

ကိုယ့်ဘက်ကသာ စစ်စစ်မှန်မှန်ပေးတော့မယ်။

သူဘယ်လောက်ပင် မုန်းသည်ဖြစ်စေ

ကိုယ်က ဂရုမစိုက်ပါဘူး

ငါ့နှလုံးသားထဲ တံဆိပ်ခတ်ထားတဲ့

သူ့နာမည်ကိုတော့ စွန့်မရပါဘူး။

နူးညံ့တဲ့ငါ့နှလုံးသားလေး တိတ်တိတ်ငိုနေဆဲ…။

အချစ်ကြောင့်

ပျော်နေတဲ့သူတွေ့ရင် အားကျတယ်

သြော်…ကိုယ့်အချစ်က

ကံမကောင်းစွာနဲ့ပဲ

သစ္စာတရား ကင်းမဲ့သွားလို့ပါပဲ…။

ဖြတ်သွားသူက ပျော်နေပေမယ့်

ကျန်ခဲ့ရသူက ဒဏ်ရာတွေနဲ့

ညည့်နက်လေလေ ချိုးမလိုလို

အလွမ်းတွေနဲ့ မျက်ရည်မိုးသဲသဲ…။

သူက ဘယ်လောက်ပင်

ကစားစရာထင်ထင်

ကျုပ်တော့ ဂရုမစိုက်ဘူး

ဒါပေမဲ့…

နူးညံ့တဲ့ ကိုယ့်နှလုံးသားက

ခွင့်မလွှတ်နိုင်တဲ့ ဖြစ်စဉ်ကို

ပဲ့တင်းသံလို အသံပြန်ကာ

ငါ့နားနီးမှာ လာဆူညံလို့…

ရင်ခွင်ထဲက ကိုယ့်ခံစားချက်ဟာ

အတော်လေး ပိုဆိုးတာချည်းပဲ…။

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website