The Blog

ဘူမိနက်သန် ဤမြေပေါ်ဝယ်

 

ရေးဖွဲ့သူ –  ငြိမ်းချမ်းနဂျမ်း (ရိုခရီးသည်)

 

-ဘူမိနက်သန် ဤမြေပေါ်ဝယ်

သူ့မျိုး၊ သူ့ဘာသာဟူ၍ မခွဲခြားဘဲ

တစ်ဥယျာဉ်တည်းရဲ့

အရောင်စုံအသွင်စုံပန်းတွေ

လက်တွဲကာ စီရရီ ပွင့်ခဲ့လို့။

ရနံ့ခြားအရောင်ခြား မခွဲခြား

တစ်ရေသောက်တစ်လေရှူ စည်းစည်းလုံးလုံးနဲ့

ထိုဥယျာဉ်ကို အလှဆောင်နေခဲ့…။

 

-ဘူမိနက်သန် ဤမြေပေါ်ဝယ်

လက်ရုံးရည်၊ နှလုံးရည်နဲ့

အသက်နဲ့ရင်းပြီးစောင့်စည်းခဲ့တဲ့

သဟဇာတရဲ့ အသီးအပွင့်ဖြစ်တဲ့

ထိုလောကနိဗ္ဗာန်ကို

သူ့ချမ်းသာမလိုလားတဲ့ သတ္တဝါတစ်စုက

ဖျက်ဆီးလိုဖျက်ဆီးရာ ကြံယုတ်မာကြောင့်

ပျက်စီးခဲ့ရလေပြီ။

ရှည်ကြာလှတဲ့နေ့တစ်နေ့ရဲ့ မဟာသူရိယပျောက်သွားရှာပြီ…။

 

-ဘူမိနက်သန် ဤမြေပေါ်ဝယ်

လူဆိုလို့မွေးလာပြီကတည်းက

ငါ့အနားမှာ ဝမ်းနည်းမှုလှိုင်းသရဲတွေပဲ

အမြဲချဉ်းကပ်လို့

သံမဏိလှောင်အိမ်ထဲက ငှက်လို

ဥပဒေဘောင်လှလှ ခတ်ထားတဲ့

ဤအမိုးပွင့် အကျဉ်းထောင်ထဲကငါ့မှာ

လူလူချင်း ဖိနှိပ်ခံလို့။

လူလုပ်တဲ့ ကပ်ဆိုက်မှုကြောင့်

လူစိတ်ကုန်လို့ တောရိုင်းသားလို

အတ္တရဲ့ အငွေ့ဆိုးနှောနေတဲ့ အောက်ဆီဂျင်က

ငါ့နှလုံးသားထဲ သောကအမာရွတ်တစ်ခုကိုပဲ

တစ်ဦးဦးက ပြုစုပျိုးထောင်ပေးနေသလို

တဖြည်းဖြည်း ရှင်သန်ကြီးထွားလို့သာ

ခိုင်ခိုင်မာမာ အမြစ်တွယ်စေခဲ့လေတယ်…။

 

-ဘူမိနက်သန် ဤမြေပေါ်ဝယ်

တစ်ချို့က တိုက်၊ကား၊ဇိမ်ခံပစ္စည်း

စက်ရုံအလုပ်ရုံတွေနဲ့ ပျော်မွေ့နေတုန်း

တစ်ချို့ဟာ-

သိမ်ဖျင်းတဲ့စိတ်ဓာတ်ရှင်တွေရဲ့ လက်ချက်ကြောင့်

ထက်ကောင်းကင်ပေါ် ငှက်ကလေးများအစား

တိုက်လေယာဉ် ပျံသန်းတဲ့နေ့တွေ၊

တိမ်တုံးတွေအောက် မီးခိုးငွေ့တောင်များရဲ့

ဖုံးလွှမ်းခံရတဲ့နေ့တွေ၊

လူသတ်လက်နက်ကြီးတွေ ဟစ်သံကြောင့်

အမှောင်ထုကို အဖော်ခေါ်လို့ အိပ်မရခဲ့တဲ့ညတွေ၊

သက်ဇီဝိန်လုပြေးရင်း သက်စတေးခံရသူတွေ၊

တစ်သက်တာရင်းထားတဲ့ချွေးစက်အသင်္ချေရဲ့.

အသီးအပွင့်တွေဖြစ်တဲ့ တဲအိမ်ကလေးရဲ့

ပြာကျတဲ့နိဂုံးကို ငေးနေရသူတွေ၊

တစ်ချို့က ရင်ထဲကသားကလေးကို လုယက်ခံရသူတွေ၊

သေနတ်၊ ဓားနတ်၊ လှံနတ်တွေရဲ့ ဓားစာခံဖြစ်ခဲ့ရတဲ့

အရှင်လတ်လတ်မီးရှို့ခံရတဲ့

ပြောင်သစ်စ စိန်လုံးတွေရက်စက်ခံရမှုအဆုံး

တစ်ခဏတာကို မျက်လုံးအစုံနဲ့ ခါးသီးစွာမြင်နေခဲ့ရတဲ့မိဘတွေ၊

သက်ကြီးရွယ်အိုမကျန် ကိုယ်ချင်းမစာလို့

ဘဝနိဂုံး မသာခဲ့ရသူတွေ၊

ဣနြေ္ဒရဲ့ပြယုဂ်ဖြစ်တဲ့ အမျိုးသမီးတွေရဲ့

အရှက်သိက္ခာတွေ လုယက်ခံရတဲ့သွေးပြင်တွေ၊

ဒီမြေပြင်ဝယ် မနည်းလျှံခဲ့လေပြီ။

ငါ့နှလုံးသားစာမျက်နှာတွေမှာ

ဟော့ဒီသောကအမာရွတ်က ရင့်ကျက်ကာ

နေမင်းကြီးရဲ့ အောက်တည့်တည့်

ငါ့ဝန်းကျင်ကမ္ဘာတစ်ခွင်ဟာ

ငါ့အတွက် မည်းမှောင်နေရပါလား။

ကျယ်ဝန်းလှတဲ့ ကမ္ဘာကြီးဟာ

ငါ့အတွက် ကျဉ်းမြောင်းနေရပါလား…။

 

-ဘူမိနက်သန် ဤမြေပေါ်ဝယ်

အယူဝါဒတစ်ခုရဲ့ ဆိုင်းဘုတ်ကြီးကြီးတင်ကာ

လေရူးသုန်သုန်ထဲ အလံတွေတလူလူလွှင့်ကာ

သင်္ကန်းနီတွေကို အလွဲသုံးစားသူတွေ

စင်မြင့်မြင့်ပေါ် အမုန်းတရားတွေဟော

ကမ္ဘာမြေပေါ် နံ့ဆိုးပက်ဖျန်းနေတုန်း

တစ်ဘက်မှာ-

ငြိမ်းချမ်းမှုမဏ္ဍိုင်ဖြစ်တဲ့

ဝတ်ပြုကျောင်းတော်တွေ၊ စာသင်ကျောင်းတွေ မနည်းဖျက်စီးခံခဲ့ရပါပြီ။

တစ်ချို့ဟာ အဝင်ဂိတ်မှာ သော့ခလောက်ကြီးကြီး

ဆင်မြန်းထားခံရတာ နှစ်တွေမနည်းလေတော့

ချုံတွေထူလို့ တောမြိုင်လိုမှောင်နက်ရှာ။

လူတွေရှူဖို့ ရှားနေတဲ့ ငြိမ်းချမ်းရေးမွှေးရနံ့ဝေစိမ့်သောငှာ

အဲဒီနေရာကနေ ငြိမ်းချမ်းရေးဆောင်ပုဒ်ကို

ပြန်ဟစ်ရွတ်ညံစီစေချင်မိပါလေရဲ့…။

 

ဘူမိနက်သန် ဤမြေပေါ်ဝယ်

အမုန်းတရား လေထုဖိအားတွေအောက်

ခွဲခြားမှု ခြံစည်းရိုးတွေကြား

နှိပ်စက်မှုလှိုင်းလုံးကြီးတွေရဲ့ တိုက်စားမှုကြောင့်

ရက်စက်မှု ဒဏ်ရာတွေဖြင့်

ဇမ္ဗူပေါ်က ရိုဟင်ဂျာသား ဤမနုဿမျိုး

ဆုံးရှုံးခဲ့ရတဲ့အခွင့်အရေးတွေ-

မညာမတာရိုက်ချိုးခံခဲ့ရတဲ့ အင်္ဂါတွေ-

ပြက်ရယ်ပြုခံရတဲ့ ဂုဏ်သိက္ခာတွေပြန်ဆယ်ယူဖို့၊

ဖျက်ဆီးခံရတဲ့ဥယျာဉ်ကို ပြန်မွမ်းမံဖို့၊

ပျောက်ဆုံးသွားတဲ့နေမင်းကြီး ပြန်ရှာယူဖို့

နှလုံးအက်ကွဲသံတွေ ရင်ဝယ်ပိုက်လျက်သာ

သန္နိဌာန်ခိုင်ခိုင်မာမာချလျက်

ရှေ့ဆက်၍သာ လျှောက်တော့မယ်။

လူသားဂုဏ်ကို ပြန်ဆယ်မယ်။

လောကနိဗ္ဗာန် တည်ဆောက်မယ်…။

 

(၀၉-၀၆-၂၀၂၀)

Editorial Team

#TheArtGardenRohingya

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website