The Blog

အသနားခံပါ၏

ရေးဖွဲ့သူ – လာလ်မော်တီ 

အိုး… အလ္လာဟ်…..
မည်သည့် သမားတော်
ဘယ်သိပ္ပံပညာရှင်ကမှ
အစွမ်းကုန် အားထုတ်
ကြိုးစားငြားလည်း
သည်ကိုရိုနာဗိုင်းရပ်စ် ကူးပြန့်မှုကို
အောင်မြင်စွာ မတားဆီးနိုင်ပေ။

အိုး… အလ္လာဟ်…..
ထောင်သန်းနဲ့ချီ သက်မျိုနေတဲ့
သည်ဗိုင်းရပ်စ်ပိုးရဲ့ စွမ်းအားကို
အသျှင်သာလျှင် အသျှင့်နည်းနဲ့
သည်ရောဂါကပ်ဆိုး လောင်မီးပုံမှ
လူ့သက်များအား ကယ်တင်တော်မူပါ။

အိုး… အလ္လာဟ်…..
လူသားမျိုးဟာ အမှားနဲ့မကင်းပါ
မကောင်းမှုများစွာ ဆည်းပူးငြားလည်း
အသျှင်သခင် ခွင့်လွှတ်မြဲကျ
အသျှင့်အနှိုင်းမဲ့ ကရုဏာနဲ့
ကမ္ဘာသူ ကမ္ဘာသားအား
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမှ
ကင်းလွှတ်တော်မူပါ။

အိုး… အလ္လာဟ်…..
မုဆိုးမိုက်လို ရိုင်းကားနေတဲ့
သည်ပိုးရိုင်းရဲ့တိုက်စားမှုကို
ခါးခါးသီးသီး ခံနေရသူများရဲ့
အသက်မြတ်များအား ပြန်ရှင်သန်ခွင့်
ပေးသနားတော်မူပါ။
မကူးစက် မဖြစ်ပွားသေးတဲ့
ကျန်တတွေအားလည်း
ကိုရိုနာရိုင်းနှင့် မကြုံရပါစေနဲ့လို့
ဆုမွန်ကောင်းတောင်းဆိုပါ၏။

 

(11-05-2020)
Editorial Team The Art Garden Rohingya

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website