The Blog

ရိုဟင်ဂျာ့ ဆိုရိုးစကားပုံ (၁၃)

Decór bolat, fiç no-baase.”

အသံထွက်- “ဒေရှော့ရ် ဘောလာတ်၊ ဖီးရ် နော်ဘာဆေ။”

မြန်မာဘာသာပြန်

ကပ်ဆိုး ဆိုက်လျှင်၊ ရသေ့လည်း မလွှတ်သာ။”

English Translation

Disaster does not pity on the pious.

– ဆိုလိုရင်း –

သဘာဝဘေးအန္တရာယ်သည် မျက်နှာမလိုက်တတ်၊ အဆင့်အတန်း၊ အသားအရောင်၊ လူကြီးသူငယ်၊ သူတော်စင်ရသေ့၊ ဝါကြီးဝါငယ် စသည်ဖြင့် ခွဲခြားရွေးချယ်၍ ရောက်လာသည် မဟုတ်ကြောင်း၊ ထိုဘေးအန္တရာယ်နှင့် ကြုံရာတွေ့ရာဟူသမျှပျက်စီးစေတတ်ကြောင်းကို ဆိုလိုပါသည်။ စကားပုံ၏ လုံးချင်း အဓိပ္ပာယ်ကား Decór မှာ တိုင်းပြည်၏ ၊ bolat မှာ ဘေးအန္တရာယ်၊ ဘေးဒုက္ခ၊ fiç (သူတော်စင် ရသေ့)၊ no basè မှာ ချမ်းသာခွင့်မရချေ ဟူ၍ ဖြစ်သည်။
ထိုသို့ မြန်မာတို့ကလည်း “ဆင်လိုက်ရာ ဝါကြီး၊ဝါငယ် မရွေးသာ” ဟူ၍ ဆင်တူစကားပုံများ သုံးကြသည်။

တိုင်းပြည်တစ်ပြည်၌ သဘာဝဘေးအန္တရာယ် ဖြစ်စေ၊ အခြားစစ်ရေးမက်ရေး စသော နိုင်ငံရေး ပယောဂကြောင့် ဖြစ်ပေါ်လာသည့် ဘေးအန္တရာယ်ဖြစ်စေ ကျရောက်လာပါက မိမိသည် မည်သည့်ဂုဏ်ထူးရှိသည်၊ မည်သူမည်ဝါဖြစ်သည်၊ မည်သည့်ဘာသာကို ကိုးကွယ်သည်ဟူ၍ မိမိ၏ ဂုဏ်အဆင့်အတန်းကို အားကိုးတကြီးပြုကာ မဆင်မခြင် မနေသင့်ပေ။ ဘေးဘယာဟူသည် မည်သည့်ကိုမှ မျက်နှာမလိုက်ဘဲ ကြေမွပျက်စီးစေသည်ကို ဤစကားပုံကတဆင့် သတင်းစကားပါးနေခြင်း ဖြစ်သည်။

ယနေ့ ကမ္ဘာကို ခြိမ်းခြောက်နေသော ကိုရိုနာ ဗိုင်းရပ်စ် (ကိုဗီဒ်-၁၉) သည်လည်း ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဆိုးကြီး ဖြစ်သည်။ ရိုဟင်ဂျာဘာသာစကားတွင် ကပ်ရောဂါကို အာဗာဘီယာရာမ် သို့မဟုတ် ဘော်ရ်ဘီယာရာမ် ဟူ၍ ခေါ်ဝေါ်ကြသည်။ အာဗာဘီယာရာမ် ၊ ဘော်ရ်ဘီယာရာမ် တို့သည်လည်း bola (ဘေးအန္တရာယ်)တစ်မျိုးဖြစ်သည်။ လူကောင်းလူဆိုးမရွေး များစွာသော လူတို့ကို သေကျေပျက်စီးစေသော ကြောက်မက်ဖွယ်ရာ ကပ်ရောဂါဖြစ်သည်။ ထိုသို့ကြောက်မက်ဖွယ်ဖြစ်ကြောင့်ကို ကျွန်တော်တို့ ယခု လက်တွေ့မြင်တွေ့နေရပါသည်။ ထိုကပ်ရောဂါဆိုးကို တားဆီးနိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းမှ ညွှန်ကြားချက်များကို တညီတညွတ် လက်ခံလိုက်နာရပါမည်။ ထို့သို့မဟုတ်ဘဲ မိမိသည် မည်သူဖြစ်သည်၊ မည်ဝါဖြစ်သည်ဟု ဂုဏ်ကိုငဲ့ ထင်ရာကြားရာကို အဟုတ်ဟုယုံကာ လျစ်လျူရှုနေပါက မိမိတစ်ဦးတစ်ယောက်၏ မဆင်ခြင်မှုကြောင့် အနီးအနား မိမိပတ်ဝန်းကျင်သာမက ဒေသတစ်ခုလုံးပါ ပျက်စီးသွားနိုင်ပေသည်။ ဤသို့ နောင်တမျိုး မရရှိစေရန် ရှေးလူကြီးတို့က စကားပုံဖြင့် သတိပေးထားခြင်းဖြစ်ပေသည်။

မည်သည့် လူမျိုး၊ မည်သည့်ဘာသာ မဆို လုပ်ငန်းတစ်ခုကို နည်းမှန်လမ်းမှန် ကိုင်တွယ်ဆောင်ရွက်မှသာ အောင်မြင်မှုဆိုသော အကျိုးကျေးဇူးကို ရရှိနိုင်မည် ဖြစ်သည်။ ထို့ကြောင့် စကားပုံ၏ သတင်းစကားကို စိတ်ထဲမှတ်ယူလျက် ကိုဗီဒ်ကပ်ရောဂါမှ ကာကွယ်နိုင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆောင်ရန်၊ ရှောင်ရန် ညွှန်ကြားချက်များကို မလွှဲမသွေ ကျင့်သုံးကြပါစို့။

(လူထုဝဏ္ဏ ရေးသည်)

“ကာကွယ်ဆေး”

လက်ကိုဆေးခါ ဆပ်ပြာသုံး
အပြင်ထွက်ငှာ မျက်နှာဖုံး
လူစုတွေနဲ့ ဝေးဝေးရှောင်
အိမ်တော်သာစံ စီးပွားဆောင်
ပုံမှန်ကျင့်သုံး ဂါထာလေး
ကိုရိုနာမှ ကာကွယ်ဆေး။

 

(၂၄-၀၅-၂၀၂၀)
Editorial Team
The Art Garden Rohingya

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website