"အနာဂတ်ပျောက် ရိုဟင်းသား"
နေရပ်စွန့်ကာ အသက်ကယ်ဖို့
ရောက်ရနေရ သူများပြည်သို့
သိုက်မဲ့ငှက်ပမာ ဘဝကံနှင့်
အားကိုးရာမဲ့ လမ်းလည်းတလွှဲ
ပင်လယ်ထဲမျော သစ်ငုတ်သဏ္ဌာန်
ကမ်းပျောက်လေရှာ ရိုဟင်းသား။
နလှန်ထူဖို့ စိတ်ကူးနှင့်မို့
ရုန်းကန်ထလည်း ငါးစာဖြစ်ရ
ကမ်းစမမြင် ပင်လယ်ပြင်ထဲ
ဂူတွင်းပျက်ခံ ပုရွက်ဆိတ်သို့
နစ်မြှုပ်လို့သေ ဇီဝန်အသက်
မနက်ဖြန်ပျောက်ရှာ ရိုဟင်းသား။
ကိုယ့်ပြည်တွယ်တာ ပြန်ခရီးမျှော်လို့
ဖြုတ်ကျနေတဲ့ ဥက္ကာပျံလို
သက်ကြီးအိုရွယ် နိဂုံးချုပ်နေပြီ
ကျန်ရစ်သားသမီး ရိပ်မဲ့ပင်လည်း
အခါမစေ့ ကြွေကျလုမတတ်
အနာဂတ်ပျောက်ရှာ ရိုဟင်းသား။
နောင်လာနောင်သား လက်ကမ်းဆက်ဖို့
သင့်ရာစာပေ သင်ခွင့်မရ
လှောင်အိမ်ပိတ်ခံ ကျေးငှက်ဟန်
လိုရာပန်းတိုင် မလှမ်းရှာလို့
တိတ်ဆိတ်နေရ လူအပမာ
ဘဝပျောက်လေရှာ ရိုဟင်းသား။
— မိုဟာမတ်ရှားဟ်
Editorial Team
(7-4-2024)
၂၅ သြဂုတ် ရင်မှာကုပ်
ရေးဖွဲ့သူ— Aejas Ruhul Amin (တောင်ပြို)
လူ့ဘုံခန်းဝါ လူ့လောကဝယ်
ဗမာစစ်သား နယ်မြေရှင်းလင်း
ခေါင်းစဉ်တပ်၍ ငယ်အိုမခြား
လူသားအမြစ် မျိုးတုန်းအဖြစ်
သတ်ဖြတ်ခဲ့သည့် နေ့အမှောင်ကို
ရင်နာနာနှင့် ချိတ်ဆွဲထား၏။
ဒဏ်ရာဒဏ်ချက် ထောင်သောင်းချီလျက်
လျှောက်ရာလမ်းက ဝန်လေးမိ၍
ယိမ်းယိုင်ရှာသည့် ငါရိုဟင်းသား
၂၅သြဂုတ် လူသေအထုပ်
ပင်လယ်ယံမှာ ပေါလောပေါ်၍
မျောနေသည်ကို ငါမြင်မိ၍
ဟစ်သောအသံ မိုးယံနှင့်တိုက်
ပဲ့တင်ထပ်ကာ ကျန်ရစ်နေ၏
အဖေအမေ ညီကိုမောင်နှမ
အသက်လေးကို ဆုပ်ကိုင်ထားပြီး
ဘေးလွတ်ရာသို့ ရောက်ရရှာလည်း
နှောင်းအတိတ်ကို သတိရတိုင်း
နှလုံးကွဲအောင် ဟစ်လိုက်ချင်၍
ငါသည် အကြိမ်ကြိမ် သေနေ၏။
Sn.Aug,B-08 10-08-2019 #TheArtGardenRohingya #GenocideRemembranceDay