"အနာဂတ်ပျောက် ရိုဟင်းသား"
နေရပ်စွန့်ကာ အသက်ကယ်ဖို့
ရောက်ရနေရ သူများပြည်သို့
သိုက်မဲ့ငှက်ပမာ ဘဝကံနှင့်
အားကိုးရာမဲ့ လမ်းလည်းတလွှဲ
ပင်လယ်ထဲမျော သစ်ငုတ်သဏ္ဌာန်
ကမ်းပျောက်လေရှာ ရိုဟင်းသား။
နလှန်ထူဖို့ စိတ်ကူးနှင့်မို့
ရုန်းကန်ထလည်း ငါးစာဖြစ်ရ
ကမ်းစမမြင် ပင်လယ်ပြင်ထဲ
ဂူတွင်းပျက်ခံ ပုရွက်ဆိတ်သို့
နစ်မြှုပ်လို့သေ ဇီဝန်အသက်
မနက်ဖြန်ပျောက်ရှာ ရိုဟင်းသား။
ကိုယ့်ပြည်တွယ်တာ ပြန်ခရီးမျှော်လို့
ဖြုတ်ကျနေတဲ့ ဥက္ကာပျံလို
သက်ကြီးအိုရွယ် နိဂုံးချုပ်နေပြီ
ကျန်ရစ်သားသမီး ရိပ်မဲ့ပင်လည်း
အခါမစေ့ ကြွေကျလုမတတ်
အနာဂတ်ပျောက်ရှာ ရိုဟင်းသား။
နောင်လာနောင်သား လက်ကမ်းဆက်ဖို့
သင့်ရာစာပေ သင်ခွင့်မရ
လှောင်အိမ်ပိတ်ခံ ကျေးငှက်ဟန်
လိုရာပန်းတိုင် မလှမ်းရှာလို့
တိတ်ဆိတ်နေရ လူအပမာ
ဘဝပျောက်လေရှာ ရိုဟင်းသား။
— မိုဟာမတ်ရှားဟ်
Editorial Team
(7-4-2024)
” ပြန်လည်တမ်းတ တက္ကသိုလ်ဘဝ”
ရေးဖွဲ့သူ – Jahangir Alam
ချစ်ချစ်ခင်ခင် လက်တွဲရင်းနှင့်
ပျော်စရာနေ့ရက် ဖြတ်သန်းခဲ့ကြ
ထိုဘဝက တိုတောင်းလှလည်း
မေ့ဖို့ရန်မှာ တကယ်ခက်။
ခွဲခြားမှုကြား ပျော်ခွင့်ရှာရ
အနာအသာ ဝေမျှခံစား
အပြုံးမပျက် ဖြတ်သန်းခဲ့တာ
မေ့ရခက်တဲ့ တက္ကသိုလ်နေ့ရက်။
ကျောင်းပြေးအတူ မိုးရေမမူ
ရုပ်ရှင်ရုံးသွား အတူကြည့်ကြ
ဘောလုံးအတူ သွားကန်ခဲ့တာ
ထိုနေ့ရက်တွေ ပြန်လည်တမ်းတ
ပြန်မရနိုင်တဲ့ တက္ကသိုလ်ဘဝ။
ဒီဇင်ဘာလ ကျောင်းပိတ်ရက်မှာ
ငွေနှင်းစက်များ ကျနေချိန်က
ငရုတ်စိမ်းနဲ့ ကြက်ချက်စားတာ
ထိုထိုညတွေ ပြန်တမ်းတချိန်
ပြန်ရချင်မိ တက္ကသိုလ်ဘဝ။
နွေရာသီက ကျောင်းပိတ်ရက်မှာ
ကိုယ့်ရွာကိုယ်ရပ် အသီးသီးပြန်ကြ
၂၀၁၂ ဂြိုလ်ဆိုး ဝင်မွှေခဲ့တော့
ပျော်စရာ တက္ကသိုလ်ဘဝ
မထင်မှတ်ဘဲ အဆုံးသတ်သွား။
နှစ်နှစ်ဆိုတဲ့ တက္ကသိုလ်နေ့ရက်
ငါတော့ တစ်သက်မေ့ရခက်။
ချစ်ရခင်ရ သူငယ်ချင်းများ
ရောက်လေရာမှာ အစစအရာရာ
“အဆင်ပြေပါစေ” ဆုလေးတောင်းရင်း
အမြဲသတိရပါလျက်။
Sn.Jan, B-06
(7-1-2020)
The Art Garden Rohingya