"အနာဂတ်ပျောက် ရိုဟင်းသား"
နေရပ်စွန့်ကာ အသက်ကယ်ဖို့
ရောက်ရနေရ သူများပြည်သို့
သိုက်မဲ့ငှက်ပမာ ဘဝကံနှင့်
အားကိုးရာမဲ့ လမ်းလည်းတလွှဲ
ပင်လယ်ထဲမျော သစ်ငုတ်သဏ္ဌာန်
ကမ်းပျောက်လေရှာ ရိုဟင်းသား။
နလှန်ထူဖို့ စိတ်ကူးနှင့်မို့
ရုန်းကန်ထလည်း ငါးစာဖြစ်ရ
ကမ်းစမမြင် ပင်လယ်ပြင်ထဲ
ဂူတွင်းပျက်ခံ ပုရွက်ဆိတ်သို့
နစ်မြှုပ်လို့သေ ဇီဝန်အသက်
မနက်ဖြန်ပျောက်ရှာ ရိုဟင်းသား။
ကိုယ့်ပြည်တွယ်တာ ပြန်ခရီးမျှော်လို့
ဖြုတ်ကျနေတဲ့ ဥက္ကာပျံလို
သက်ကြီးအိုရွယ် နိဂုံးချုပ်နေပြီ
ကျန်ရစ်သားသမီး ရိပ်မဲ့ပင်လည်း
အခါမစေ့ ကြွေကျလုမတတ်
အနာဂတ်ပျောက်ရှာ ရိုဟင်းသား။
နောင်လာနောင်သား လက်ကမ်းဆက်ဖို့
သင့်ရာစာပေ သင်ခွင့်မရ
လှောင်အိမ်ပိတ်ခံ ကျေးငှက်ဟန်
လိုရာပန်းတိုင် မလှမ်းရှာလို့
တိတ်ဆိတ်နေရ လူအပမာ
ဘဝပျောက်လေရှာ ရိုဟင်းသား။
— မိုဟာမတ်ရှားဟ်
Editorial Team
(7-4-2024)
ဤတာရာ
ရေးဖွဲ့သူ – ငြိမ်းချမ်းနဂျမ်း (ရိုခရီးသည်)
အာကာမိုးဝယ်၊ ကြယ်လုံးတွေ
အံ့ဖွယ်ဆန်းလျက်သာ။
ဝန်းကျင်တစ်ခွင်၊ စိန်လုံးသွင်
ဂုဏ်အင်မနည်း တိုးလျက်ပါ။
ချိန်ခါမူသင့်၊ လိုက်၍ကျင့်
အခွင့်တန်ရာ လျှောက်သွားလာ။
ညဉ့်မှောင်ခြုံကာ၊ သူထွက်လာ
စန္ဒာလနှင့် ပေါင်းရံကာ။
တတိတ်ဆိတ်ဆိတ်၊ မျက်လုံးမှိတ်
ဦးထိပ်ပြုံးပန်း ဆင်ဝတ်ကာ။
မာနကင်းကွာ၊ သူ့ဟန်မှာ
ကမ္ဘာသားတို့ မွေ့စေရာ။
ဤမှာလုလင်၊ ဇွဲစိုက်လျှင်
သင်သာတာရာ့ ထက်ဘုံမှာ။
Sn.Nov, B-3
(၃-၁၁-၂၀၁၉)
The Art Garden Rohingya