ဤခရီး နီးလွန်း၏
ရေးဖွဲ့သူ- မေယုတာရာ
လူ့လောကကြီးထဲ ငိုစပြုရင်းဝင်လာခဲ့
မွေးကင်းစမှ ၅ နှစ်ထိ ကလေးဘဝမှာ
မိဘရင်ခွင်ထဲ ပျော်ပျော်လေးပဲကွယ်
စိုးရိမ်သောက အလျဉ်းမရှိ၊ လောကကြီးက ငါနဲ့တစိမ်း
မိဘထက်ပိုချစ်သူဟူ၍ နတ္ထိပါပဲ။
တစ်ခါ ၁၅ နှစ်အရွယ်ထိ လူကလေးဘဝ
ပူပန်စရာတွေ မတွေးတတ် ကခုန်ကစား စာဖတ် အိပ်ပျော်
မိဘအပြင် ချစ်တတ်သူတိုးလာပြီ ဆရာ၊ဆရာမများ
လောကကြီးက ချစ်စရာကြီးပါလား။
တစ်ဖန် ၂၅ နှစ်ထိ လူငယ်ဘဝ
၁၀ တန်းကျော်ဘွဲ့လဲရလာ လေ့လာလိုစိတ် အရာရာ
ဘဝနောင်ရေး စဉ်းစားတတ်ရင်းလေ
စွန့်စားတတ်သိလိုစိတ် ပြင်းပြတဲ့အရွယ်လေး။
သက်တော် ငါးဆယ်ထိ လူကြီးဘဝ
အိမ်ထောင်ဦးစီး ရင်သွေးတွေနှင့် စီးပွားရေးပါ ပုခုံးပေါ်ကျ
အရင်ဘဝမှာ ဖြုန်းခဲ့သမျှအချိန်တွေကို နှမြောရင်းနှင့်
မိသားစုကောင်းစားရေး အရာရာပေးဆပ်နေရ
သားသမီးနောင်ရေးပါ ပူပန်နေရပြန်
ကာယအား ဉာဏအား မေတ္တာအား စွမ်းကုန်သုံးလို့
ဘဝ၏ရုန်းကန်းရဆုံး အချိန်ကာလလေး။
ငါးဆယ်လဲကျော် လူအိုဘဝထဲ အတင်းရောက်ရော့
အရင်လို မရုန်းနိုင်တော့ဘူး အသိဉာဏ်လဲထိုင်းမှိုင်းလာ
စွန့်စားလိုစိတ်လုံးဝပျောက် ပင်စင်စားလုပ်ဖို့ပြင်ဆင်ရ
အစာနည်းနည်းစားပြီး ဆေးများများသောက်နေရတဲ့ဘဝ
လုပ်ခဲ့ဖူးသမျှ အကောင်းတွေအတွက် ဝမ်းသာပီတိဖြစ်
မှားယွင်းခဲ့ ဖြုန်းခဲ့သမျှအတွက် နောင်တရလျက်ပဲ။
ခြောက်ဆယ်နားတောင် မရောက်သေး
သေမင်းလာခေါ်မှာ စိုးရိမ်ရလေပြီ
ကုသိုလ်ကောင်းမှု ပိုအားစိုက်လို့ နောင်ဘဝကိုတွေးနေတတ်ပြီ
မကုန်ကုန်ပြီ ဤဘဝကား ထိုထက်ပို၍မနေရပြီ
ဤခရီးနီးသလား၊ ဤခရီးကနီးလွန်းလှ၏။