အယ်ဒီတာများ အကြိုက်အကောင်းဆုံး မြန်မာကဗျာ (၅)ပုဒ်၊ ဖေဖော်ဝါရီလ ၊၂၀၂၁။
ခံစားချက်ကဗျာ
လေရူးသုန်သုန်
ထွက်သွားစမ်းပါကွာ ငါမလိုချင်တော့ဘူး
ငါ့ခံစားချက်တွေ ဖြေသိမ်းပေးတာ
ငါမလိုချင်ဘူးကွာ
ကဗျာတစ်ပုဒ်သီကျူးထားတဲ့
ဒီခံစားချက်တွေက ငါ့အတွက်
နက်ရှိုင်းတဲ့ အမှတ်တရလို
ငါသိမ်းဆည်းထားချင်တယ်
သူတရားမျှတတယ်၊ မမျှဘူးဆိုတာ
ငါမသုံးသပ်ချင်ဘူးကွာ
သူ့ကြောင့်ရထားတဲ့ ကဗျာတစ်ပုဒ်က
ရှေ့ဆက်မယ့် ငါ့ဘဝဖြေဆေးပါ
အနည်းဆုံးတော့
ငါသေသွားတဲ့ချိန်ထိ ဒီဂါထာရွတ်ရင်း၊
အတိတ်ကကြယ်တွေရေရင်း
နိဂုံးချုပ်ခွင့်ရချင်တယ်။
ရေးဖွဲ့သူ- ကိုအောင်လှ
ပဟေဠိအဖြေ
တွေးတောကြံဆ အဖြေရှာ
အဖြေရဖို့ မချောသာ
ခက်ခဲသည်ဟု စွန့်မထား
ကြိမ်ဖန်များစွာ ကြိုးစားရှာ။
အဖြေရဖို့ ဆန္ဒမှန်
နောက်ပြန်မဆုတ် ရှေ့ဆက်တိုး
ဆူးငြောင့်ခလုတ် တားဆီးကြို
ကျော်လွှားဖြတ်ဖို့ သန္နိဋ္ဌာန်တိုး။
တယောက်အားနဲ့ မစွမ်းငှာ
ညီညွတ်အားနဲ့အဖြေရှာ
စုပေါင်းအင်အားစိတ်မှာထား
အတ္တဇွဲများ ရှောင်ဖဲကာ
ဘယ်ညာလက်ရုံး ညီတူသုံး
နှလုံးလှနဲ့ ပန်းတိုင်ဘုံ။
ငါသည်ဆရာ သူကားတပည့်
ငါသည်ကုံကြွယ် သူကားဆင်းရဲ
ဆင့်တန်းမခြား သွေးမခြားဘဲ
အလွှာပေါင်းစုံ စုပေါင်းညီ၍
ပဟေဠိအဖြေ နက်လွန်းကဲလဲ
မကြာသော အနာဂတ်မှာ
အောင်တံခွန်စိုက် အဖြေစစ်ကို
ရမည်မုချ ဧကန်ပ။
ရေးဖွဲ့သူ- မင်း၀န်ဇော်
မျက်ကန်း
ဒီပြည်က ဒီမြေဝယ်
ဘယ်ဆီကို သွားသွား
ဘယ်အရပ်ကို ကြည့်ကြည့်
စစ်တလင်းနဲ့ သူယုတ်တွေ၊
အတိတ်ကနစ်မြှုပ်ထားခဲ့
ဘယ်ဘဝက ကလဲ့စားရယ်၊
အာဃာတ ဒေါသ၊
ဟော့ဒီ အမုန်းတရားတွေက
တို့ အိပ်မက်တွေကို ဖုံးကွယ်ထား၊
ခြိမ်းခြောက်မှုအလုံးစုံနဲ့
ဝမ်းတစ်ထွာ ရုန်းကန်ရှာ၊
စားဝတ်နေရေး ခင်းပြင်ဝယ်
ညှဉ်းပန်းနှိပ်စက်လေထုရယ်နဲ့၊
လှောင်အိမ်ခတ်ခံရ ငှက်ကလေးပမာ၊
“ရို” မျိုးဆက်သစ်တွေ
မျက်စိစုံရှိလျက်နဲ့ မျက်ကန်းပါ။
ဤချိန်ခါမသင့်ပွဲတွင်
လမ်းသွားလမ်းလာ ကတုပ်တွေနဲ့
ဝတ်ပြုကျောင်းတွေ ဆိတ်ညံချ
စီးပွားလုပ်ငန်းဟူသမျှဝယ်
အဓမ္မက အသာစိုးလို့
အခေါ်တပ်တာ လူ့ဘဝ
ဟန်ပန်မူရာ တိရစ္ဆာန်ပမာ၊
“ရို” မျိုးဆက်သစ်တွေ
မျက်စိအစုံရှိလျက်နဲ့ မျက်ကန်းပါ။
ငါ့ပြောချက်နဲ့မျှ မလုံမလောက်သည်ထင်
ပါးစပ်သာရှိ
နှုတ်ကိုက သံမျှင်ကြိုးနဲ့ချုပ်နှောင်၊
မျက်စိသာရှိ
မြင်နိုင်စွမ်းကိုက နုတ်ယူထား၊
ခြေထောက်သာရှိ
လှမ်းဖို့က ခရီးမမြင်
“ရို” မျိုးဆက်သစ်တွေ
မျက်စိအစုံရှိလျက်နဲ့ မျက်ကန်းပါ။
ရေးဖွဲ့သူ – Secret Crush @Mohammad Ismail (OLP)
“ဆုမွန်မေတ္တာ”
ဘဝ ဓူဝံကြယ်
မှေးမှိန်ပျောက်ကြွေ
ပျက်သုန်း ငါ့ခြေရာ
ဘယ်ခါတွေးတွေး
ရင်မှာဆွေး
ငိုကြွေး ဒိုအာခြွေ
မေမေ့ မေတ္တာအစား
ချီးမြှင့်တော်မူပါ
ဂျန္နသ်ဘုံမြင့်
အိုအလ္လာဟ်
ရေးဖွဲ့သူ- မုစ်တာဖာ
တော်လှန်ရေး
ရေးဖွဲ့သူ- Austin Jani
တော်လှန်ရေးမှာ
လူမျိုးမရှိဘူး၊ ဘာသာမရှိဘူး
မတရားမှုကို ဖီဆန်တာပဲ ရှိတယ်။
တော်လှန်ရေးမှာ၊
ဖြူမည်း အသားအရောင်မရှိဘူး
အဓမ္မကို ဆန့်ကျင်တာပဲ ရှိတယ်။
လူဆိုတဲ့ လူမျိုးနဲ့
ဖြူဆိုတဲ့ စိတ်ထားကို ဓာတ်ပြုပြီးတော့
တန်းတူဆိုတဲ့ ငြိမ်းချမ်းရေးလမ်းမဆီ
ချီတက်ခြင်းက တော်လှန်ရေးရဲ့ အနှစ်တည်း။