(အပတ်စဉ်ကဏ္ဍ)
ချစ်မြေမွေးရပ်က ဝေးသနှင့်
ရေးဖွဲ့သူ - ယျာတင် (ရိုဟင်းသား)
သြော် ... ရက်များကုန်မြန်
အိုးအိမ်မဲ့နှင့်၊ သည်ဒုက္ခဝန်
လေးလံဝန်ပိ
ကံတရားလား၊ ကပ်ဆိုးလား
ခါးသီးလွန်းတယ်၊ အို သန်းပေါင်းဒုက္ခ။
သူ့အရပ်မှာ၊ ထူထပ်စွာနေရသည်
မွေးမြေဌာနေကလည်း ဝေးသနှင့်။
ရွာချသည့်မိုး၊ အငြိုးကြီးမို့
တဲခေါင်မိုးပေါက်သည်
သည်မိုးသည်ရေကလည်း ယိုလျက်နှင့်။
ဥတုနွေလ၊ ရောက်ပြန်ကလည်း
တာပလင်တဲများ
မီးနှယ်ပူကြူး၊ လူကရူးသည်
အရိပ်အာဝါသကလည်း မွဲသနှင့်။
ရာသီပြောင်းလဲ၊ ဆောင်းမြူဝဲချိန်
လွန်ကဲစွာအေး
အနွေးဓာတ်ပေး ရင်ခွင်အေးကို
ဘယ်မှာရှာလို့ တွေ့နိုင်လိမ့်။
သဖြန်
ဟိုဘက်တဲမှာ ငိုသံသည်း
ငတ်မွတ်ခြင်း ဒုက္ခနှင့်
မိတဆိုး ကလေး။
သည်ဘက်တဲမှာ ညည်းသံပြည့်
အဆင်မပြေမှု သိန်းသန်းနှင့်
ဟိုတုန်းက သူဌေး။
အို ... ဒုက္ခသည်ဘဝ
အရွယ်စုံတို့၏ရွှေသည်းများ ပြိုကွဲပါသည်
မိမြေကို လွမ်းသောကြောင့်။
_____________________________________
ကဗျာအမျိုးအစား - ညည်းချင်း သဖြန်
_____________________________________
- ...
အပတ်စဉ် ကဏ္ဍ ၊ ဖေဖော်ဝါရီလ( ၂၁) ရက်၊ ၂၀၂၂။
ငါတို့ရဲ့အနာဂတ်
ရေးဖွဲ့သူ- (Benazir Salim)Zoe Blossom
အမုန်းတရားနဲ့ သန္ဓေတည်လို့
တိုက်ပွဲတွေပေါက်ဖွားလာ
သွေးကြွေးတွေဆပ်နေရတာ
ဒီပထဝီမှာ… ငိုကြွေးသံတိုးလာ။
စိုးရိမ်စိတ်ကြောင့်
အကြောက်တရားနဲ့လန့်လျက်
မေတ္တာတွေပြတ်တောက်နေရတာ
ဒီကမ္ဘာဟာ… တစ်ကိုယ်ကောင်းဆန်လာ။
ကျည်ဆံယမ်းငွေ့တွေ
မီးတောက်တွေကြားမှာ
ဖြူစင်တဲ့ပန်းခြံလေး လွတ်ကင်းပေးပါလေ
မီးစာမီးပွားများငြိမ်းသတ်ပါရစေ။
တောက်ပတဲ့အနာဂတ် လျှောက်ဖို့
အတိတ်ကိုမေ့စို့ကွယ်
မျက်တခတ်လှုပ်တိုင်း
တိမ်ပေါ်ရောက်တဲ့ဘဝကို သွားချင်တယ်။
သတ်ဖြတ်မှုတွေ
ဖိနှိပ်မှုတွေ ပစ်ခတ်မှုတွေရပ်လိုက်ပါ
ဒို့တတွေ မျှော်လင့်ချက်မဲ့နေတယ်
ဒီဘဝရဲ့မှတ်တိုင်ထဲ။
အတ္တမာနတွေ လျော့ချလိုက်ပါ
ဒို့တတွေ အပြုံးပန်းလိုနေတယ်
ဖြူစင်တဲ့လောကထဲ
အေးချမ်းတဲ့အနာဂတ်လေး
တည်ဆောက်ခွင့်ပေးပါကွယ်…။