The Blog

 

သွေးစွန်းသော နေ့ရက်များ

ရေးဖွဲ့သူ။ ။ရှဟီဒါဝင်း @ဝင်းဝင်းမော်

(၁)
ထာဝစဉ် စိမ်းလန်း ငြိမ်းချမ်းခဲ့တဲ့
အမေ့ရင်ခွင် အာရ်ကန်ပြည်မှာ
သယံဇာတ ဝိသမ လောဘသားတစ်စုနဲ့
လက်ကိုင်တုတ်တွေက
ဘာသာရေး လူမှုရေး
မှိုင်းတိုက်ကာ ညီနောင်တွေကြား
မြေခွေးအကြံနဲ့ စိတ်ဝမ်းကွဲစေခဲ့၊

(၂)
လူလုပ် ကပ်ဆိုးဝန်းရံခဲ့တဲ့ ၂၀၁၂ခု ဇွန်လမှာ
အပြစ်မဲ့သူတွေရဲ့ဘဝ တွေ
အသက်အိုးအိမ်တွေ
ရက်စက် လွန်းတဲ့ အမုန်းတရားတွေကြား
သေကြေ ပျက်စီး လောင်မြိုက်ခဲ့
စာသင်ကျောင်း ဆေးခန်း
ဒဿနိက အ ဆောက်အဦနဲ့
လူ့ဂုဏ်သိက္ခာတွေ ပြာကျ စေခဲ့၊

(၃)
ထောင်နဲ့ချီ အပြစ်မဲ့ရိုဟင်ဂျာတွေကို
လူမျိုးရေးအာဃာတ တွေ ရှေ့တန်းတင်ပြီး
လူကြီးလူငယ်မရွေး ဖမ်းဆီးထောင်ချခဲ့
တဖက်က အပြစ်ရှိသူတွေ
အောင်ပွဲခံ အပြစ်မှ ကင်းလွတ်ခွင့်ရထားဆဲ
သိန်းနဲ့ချီ ရိုဟင်ဂျာတွေကို
အကျဉ်းသားသဖွယ် ပိတ်လှောင်ထားဆဲ၊

(၄)
အေးအတူပူအမျှ ခေတ်အဆက်ဆက်
ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်လာသူတွေကြား
အမည်ခံ အမျိုးသားရေးဝါဒီတွေ
မွေနှောက်ကာ သမိုင်းရိုင်းစေခဲ့
လူ့အခွင့်အရေးနဲ့ တရားမျှတရေးတို့ဟာ
အမုန်းတရားတွေကြား ပျောက်ဆုံးခဲ့
အမှန်တရားနဲ့ ကိုယ်ချင်းတရားတို့
ကျဆုံးပြီး အမုန်းသွေးတွေ လျှံပယ်ခဲ့၊

(၅)
၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ
ခေတ်အဆက်ဆက် ရရှိခံစားလာတဲ့
အရွေးခံပိုင်ခွင့်နဲ့ မဲထည့်ပိုင်ခွင့်ပါ
ပထမဦးဆုံးအကြိမ် ရုပ်သိမ်းခံရ
၂၀၁၆ခုနှစ် အောက်တိုဘာ (၉)ရက်နေ့မှာ
လုပ်ဇာတ် တိုက်ခိုက်မှုအပြီး
ထောင်နဲ့ချီ အပြစ်မဲ့ရိုဟင်ဂျာ
သတ်ဖြတ်ခံရ ဖမ်းဆီးထောင်ချခံရ
အမျိုးသမီးတွေ မုဒိမ်းကျင့်ခံရ
ရွာပေါင်းများစွာ အသက်အိုးအိမ်တွေ မီးရှို့ပြာချခဲ့
သိန်းနဲ့ချီ တစ်ဖက်နိုင်ငံကို မောင်းထုတ်ခဲ့၊

(၆)
သွေးချောင်းစီးပြီး သမိုင်းထွင်စေခဲ့တဲ့
၂၀၁၇ခု ဩဂုတ်လ (၂၅)ရက်နေ့
တို့ကမ္ဘာပျက်သည့်နေ့ တို့မ မေ့နိုင်
ပစ်ခတ်သံတွေ မှိုင်းကွဲသံတွေ
ငိုသံတွေ ညီးသံတေ ွ အကူအညီတောင်းခံသံတွေ
ကြောက်မက်ဖွယ်ရာ အသံမျိုးစုံ
ကောင်းကင်ယံတခွင်
ပဲ့တင်သံထပ် ဟိန်းဟိန်းညံ လျက်
သန်းခေါင်ညများလည်း တုန်လှုပ်သွားခဲ့
တို့ရပ်ရွာတွေလည်း မီးရှို့ပြာချခဲ့
သွေးစက် နှင့် သွေးကွက်များ
ထွေးယှက်ကုန်တော့တယ်
အာရ်ကန်ပြည်ကြီးဟာ တခဏအတွင်း
ငရဲ့ပြည်အသွင် ပြောင်းလဲသွားစေခဲ့၊

(၇)
ဦးခေါင်းထက်မှာ ကျည်ဆန်တွေက
နတ်ဆိုးရဲ့ လေချွန်သံလို
တရွှီရွှီမြည်နေတုန်း
မြေလွှာအောက်က မိုင်းဗုံးတွေလဲ
“ဝုန်း” ကနဲ ပေါက်ကွဲခဲ့၊

(၈)
ကိုယ်ချင်းစာတရား မိုးခေါင်ရပ်ဝန်းဒေသမှာ
သားပျောက်တဲ့ အမေ တွေနဲ့
အမေ ပျောက်တဲ့ သားတွေ
အားလုံးဟာ လူအဖြစ် ကနေ လျှော့ချခံရ
တိရိစ္ဆာန်တွေလို အမဲလိုက်ခံနေခဲ့ရတယ်..။
အမေအိုတို့ရဲ့ ငိုကြွေးသံ
မြစ်သောင်ယံမှာ စီးဆင်း
နစ်မြစ်ဟာ သွေးချင်းချင်းနီ … လို့၊

(၉)
မိုးစက် က လေးလိုဆက်တိုက် ကျ နေတဲ့
ကျည်ဆံတွေကြားက
ဘေးလွတ်ရာကို သက်လုပြေးစဉ်
ရုပ်ပျက် ဆင်းပျက် ကြောပွင့်နေသူတွေ
ဦးနှောက်တွေ ပွင့်ထွက်နေတဲ့ လူတွေ
အရွယ်စုံ မျိုးစုံ မရှုရက်စရာ
ထိတ်လန့်ဖွယ် မြင်ကွင်း အပြင်
လူမမယ် မိန်းကလေးငယ်များ အား
မုဒိမ်းကျင့်စဉ် အကူအညီတောင်းခံသံတွေ
မီးရှို့နေတဲ့ တို့ နန်းစံအိမ်များ၏
မီးတောက် မီးလျှံတွေ ငရဲလှိုင်းကြီးလို
လမ်းတ လျှောက်လုံး တွေ့ရမြင်ရကြားခဲ့ရ

(၁၀)
နိုင်ငံတကာသတင်းမှာတော့
စပါးစိုက်ထားသည့် တောင်ယာမြေမှာ
ချစ်ရသူတွေနဲ့
အဖေရဲ့ ခန္ဓာကိုယ်အပိုင်းအစ
ဖြစ်သလို မြှုပ်ပစ်ပြေးလာသူတွေ၊
ခြေပြတ် လက်ပြတ်တွေ ၊
မိဘမဲ့သွားတဲ့ ကလေးတွေ ၊
နတ်မြစ်မှာ စက်လှေမှောက်ပြီး
မိသားစုအားလုံး ငါစာဖြစ်ခဲ့ရပြီး
တစ်ယောက်တည်း ကျန်ရစ်သူတွေ
ပျောက်ဆုံးနေတဲ့ အလောင်းတွေနဲ့
အပျက်အစီးတွေအကြောင်း
တင်ဆက်လို့ စီးပွားဖြစ်ထွန်းချိန်
ကမ္ဘာကြီးဟာ ပွဲကြည့်ပရိသတ်ဖြစ်နေခဲ့
လူ့အသက်ဆိုတာ အလွယ်ရတဲ့
အရင်းအနှီးပဲ
ကုန်တိုက်တွေမှာ တင် မ ရောင်းသေးတာ
ကံကောင်းတယ် ၊

(၁၁)
လူ့လောကရဲ့ ငရဲပြည်ကြီး
ကမ္ဘာ့အကြီးမာဆုံး ဒုက္ခသည်စခန်းမှာ
ဒုက္ခမျိုးစုံ အလူးအလဲခံနေရင်း
မျှော်လင့်ခြင်းတို့ မျောစီးရာ
မျက်ဝန်းထဲမှာ အိပ်မက်တွေ
တစစီပဲ့ကြွေကာ
နာကျင် ဝမ်းနည်း မျက်ရည်တွေ
စီးဆင်းလို့နေချိန် အမေ့ရင်ခွင်ကို
အမြန်ဆုံး ပြန်ချင်ကြ ပေမယ့်
အပြန်လမ်းဟာ နတ်မြစ်ရဲ့
တဘက်ကမ်းမှာကျန်ခဲ့ပြီ။ ။

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website