"အနာဂတ်ပျောက် ရိုဟင်းသား"
နေရပ်စွန့်ကာ အသက်ကယ်ဖို့
ရောက်ရနေရ သူများပြည်သို့
သိုက်မဲ့ငှက်ပမာ ဘဝကံနှင့်
အားကိုးရာမဲ့ လမ်းလည်းတလွှဲ
ပင်လယ်ထဲမျော သစ်ငုတ်သဏ္ဌာန်
ကမ်းပျောက်လေရှာ ရိုဟင်းသား။
နလှန်ထူဖို့ စိတ်ကူးနှင့်မို့
ရုန်းကန်ထလည်း ငါးစာဖြစ်ရ
ကမ်းစမမြင် ပင်လယ်ပြင်ထဲ
ဂူတွင်းပျက်ခံ ပုရွက်ဆိတ်သို့
နစ်မြှုပ်လို့သေ ဇီဝန်အသက်
မနက်ဖြန်ပျောက်ရှာ ရိုဟင်းသား။
ကိုယ့်ပြည်တွယ်တာ ပြန်ခရီးမျှော်လို့
ဖြုတ်ကျနေတဲ့ ဥက္ကာပျံလို
သက်ကြီးအိုရွယ် နိဂုံးချုပ်နေပြီ
ကျန်ရစ်သားသမီး ရိပ်မဲ့ပင်လည်း
အခါမစေ့ ကြွေကျလုမတတ်
အနာဂတ်ပျောက်ရှာ ရိုဟင်းသား။
နောင်လာနောင်သား လက်ကမ်းဆက်ဖို့
သင့်ရာစာပေ သင်ခွင့်မရ
လှောင်အိမ်ပိတ်ခံ ကျေးငှက်ဟန်
လိုရာပန်းတိုင် မလှမ်းရှာလို့
တိတ်ဆိတ်နေရ လူအပမာ
ဘဝပျောက်လေရှာ ရိုဟင်းသား။
— မိုဟာမတ်ရှားဟ်
Editorial Team
(7-4-2024)
အတ္တထဲ သာယာနေသူ
ရေးဖွဲ့သူ- Aejas Ruhol Amin (တောင်ပြို)
ဆရာ . . . ဆရာ
လူသူရှေ့မှာ ဆရာလုပ်ချင်
ကိစ္စတိုင်းမှာ ဆရာဖြစ်ချင်
ဆရာလို့ အခေါ် ခံရလျှင်ပင်
ဝင့်ကြွား မာန်တက်နေတတ်၏။
ငါတကယ်ဆရာ ပီသရဲ့လား
ဆရာ့ဝတ်ငါးဖြာ ကျင့်ပါရဲ့လား
ဆရာ့တာဝန် ကျေပွန်ဝံ့လား
စဉ်းစားရုံနဲ့ ရှက်မိသွား။
အာစရိယ ဂုဏ်အင်္ဂါဟာ
လွန်စွာ မြင့်မြတ်လှပါတကား
အတ္တတွေကြား သာယာနေသည်ကို
ပြန်တွေးမိရင် အရှက်ပွား။
အော်. . . ဆရာဆိုတာ
အဘိဓါန်ထဲက ဖွင့်ဆိုချက်ကား
‘ထာဝရ ကျောင်းသား’ တစ်ဦးတဲ့။
ဒါဆို ကိုယ်လည်း သင်ယူဆဲသူပါ့ပဲ။
(၁၇-၀၅-၂၀၂၀) အယ်ဒီတာအဖွဲ့ The Art Garden Rohingya