(အပတ်စဉ်ကဏ္ဍ)
ချစ်မြေမွေးရပ်က ဝေးသနှင့်
ရေးဖွဲ့သူ - ယျာတင် (ရိုဟင်းသား)
သြော် ... ရက်များကုန်မြန်
အိုးအိမ်မဲ့နှင့်၊ သည်ဒုက္ခဝန်
လေးလံဝန်ပိ
ကံတရားလား၊ ကပ်ဆိုးလား
ခါးသီးလွန်းတယ်၊ အို သန်းပေါင်းဒုက္ခ။
သူ့အရပ်မှာ၊ ထူထပ်စွာနေရသည်
မွေးမြေဌာနေကလည်း ဝေးသနှင့်။
ရွာချသည့်မိုး၊ အငြိုးကြီးမို့
တဲခေါင်မိုးပေါက်သည်
သည်မိုးသည်ရေကလည်း ယိုလျက်နှင့်။
ဥတုနွေလ၊ ရောက်ပြန်ကလည်း
တာပလင်တဲများ
မီးနှယ်ပူကြူး၊ လူကရူးသည်
အရိပ်အာဝါသကလည်း မွဲသနှင့်။
ရာသီပြောင်းလဲ၊ ဆောင်းမြူဝဲချိန်
လွန်ကဲစွာအေး
အနွေးဓာတ်ပေး ရင်ခွင်အေးကို
ဘယ်မှာရှာလို့ တွေ့နိုင်လိမ့်။
သဖြန်
ဟိုဘက်တဲမှာ ငိုသံသည်း
ငတ်မွတ်ခြင်း ဒုက္ခနှင့်
မိတဆိုး ကလေး။
သည်ဘက်တဲမှာ ညည်းသံပြည့်
အဆင်မပြေမှု သိန်းသန်းနှင့်
ဟိုတုန်းက သူဌေး။
အို ... ဒုက္ခသည်ဘဝ
အရွယ်စုံတို့၏ရွှေသည်းများ ပြိုကွဲပါသည်
မိမြေကို လွမ်းသောကြောင့်။
_____________________________________
ကဗျာအမျိုးအစား - ညည်းချင်း သဖြန်
_____________________________________
- ...
ဟန်ဆောင်နိုင်ခဲ့ပြီ…တကယ်
ရေးဖွဲ့သူ- မင်းမဟာ
အထီးကျန်ခြင်းများစွာနဲ့ မြိုင်ဆိုင်ခဲ့တဲ့
ညတိုင်းရဲ့ နိဂုံးမလှခဲ့ပေ။
သို့သော်
မင်းရှိနေသေးတယ်ဆိုတဲ့ အသိတရားလေးက
ကိုယ့်ကို အပြုံးမပျက်စေခဲ့ဘူး…တကယ်။
ဟန်ဆောင်ခြင်း
ကင်းမဲ့ခဲ့လောဆိုသည်မျိုးလည်း
မဟုတ်ဘူးရယ်။
ဤအမှန်တရားတွေအောက်ဝယ်
ကိုယ်နေသားကျပြီး အထီးကျန်ခြင်းဆိုတဲ့
ညတိုင်းရဲ့ခံစားချက်တွေကို
ကိုယ်ပြက်ရယ်ပြုရင်း
ဟန်ဆောင်ပြုံးနိုင်ခဲ့ပြီ…တကယ်။
ကိုယ်ပြုံးနိုင်ခဲ့ပြီ…တကယ်။
(၂၃-၀၅-၂၀၂၀) အယ်ဒီတာအဖွဲ့ The Art Garden Rohingya