(ကဗျာလေ့လာချက်)
လူသတ်သမားအရုပ်ထဲက နိုင်ငံ
မိုးဇရဲ့ လူသတ်သမားအရုပ် ကဗျာဟာ George Orwell ရဲ့ 1984 လက်ရာထဲကလိုပဲ သူ့ရဲ့ မလွတ်လပ်မှု၊ ထိန်းကွပ်ခံထားရတဲ့ တွေးတောမှုတွေကို ကဗျာထဲမှာ မြုပ်နှံထားခဲ့တာကို ခံစားမိပါတယ်။ ဒါကြောင့် ဒီအရေးသားတွေဟာ မိုးဇရဲ့ ကဗျာအပေါ် စာဖတ်သူတစ်ယောက်ရဲ့ တွေ့ကြုံခံစားမှုအပြင်ကနေ ကျွန်တော် ဖွင့်ဆိုမိတာပါ။ ဒါလီ(ကမ်းရိုးတန်းက ထုတ်ဝေတဲ့ Group) ကဗျာစာအုပ်ထဲမှာ ပါဝင်တဲ့ လူသတ်သမားအရုပ်ကဗျာဟာ မျက်မှောက်နိုင်ငံရေး၊ လူမှုရေးလေ့လာမှု နယ်ပယ်အောက်မှာ ထည့်သွင်းလေ့လာမှု ပြုလုပ်လို့ရနိုင်တဲ့ ရခိုင်ကဗျာဆရာ လူငယ်တစ်ယောက်ရဲ့ အသံလို့ သတ်မှတ်လို့ ရနိုင်တယ်။
ကဗျာဆရာလိုချင်တဲ့ နိုင်ငံတော်ကို သူရဲ့ နာကြင်မှုတွေ နောက်ဘက်၊ အခြားတစ်နေရာကပဲ(စာဖတ်သူရဲ့စိတ်) ဖော်ပြထားတယ်။နာကြင်မှုတွေဆိုတာ စာသားထဲမှာ ပါရှိတဲ့ ဇာတ်ကောင်ကြုံတွေ့နေရတဲ့ အခြေအနေတွေကို ရည်ညွှန်းဖော်ပြထားတဲ့ စာသားတွေ ဖြစ်တယ်။
ကဗျာထဲက ဇာတ်ကောင် သို့မဟုတ် ကဗျာဆရာက သူ့ရဲ့ ရှင်သန်မှုကို၊ သူ ပုံဖော်ပိုင်ခွင့်မရှိဘူး။ အာဏာရှင်ဆန်တဲ့ အုပ်စိုးမှုအောက်မှာ သားသတ်သမားလက်ထဲရောက်နေတဲ့ သိုးတစ်ကောင်လို ဖြစ်နေတယ်။ ဒါတွေဟာ မိုးဇရဲ့ လူသတ်သမားအရုပ်ကဗျာပေါ်မှာ ယေဘုယျမြင်ရတဲ့ ကျွန်တော်တို့ရဲ့ သိရှိမှုဖြစ်တယ်။ ကဗျာကို ချဉ်းကပ်ကြည့်တဲ့အခါ ကဗျာစာသားတည်ဆောက်ပုံနဲ့ ကဗျာစာသားအကြောင်းအရာ ဆက်သွယ်မှုအပိုင်းကို လေ့လာသွားမှာပါ။ လေ့လာမှုအပိုင်း(၂)ရပ်စလုံးကို စာဖတ်သူသီအိုရီ ပညာရှင်တွေဖြစ်တဲ့ ဝုဖ်ရွန်အီဆာ( Wolfyang Iser) နဲ့ ရိုလွန်ဘာ့သ် ( Roland Barthes) တို့ရဲ့ ယူဆမှုတွေထဲကနေ ကိုးကားသွားမှာပါ။
လူသတ်သမားအရုပ်
ခုတင်ထက်မှာ လဲနီစော်က စက်သံတဒီးဒီး ကြားနီရရေ
တစ်ခုခုလည်နီရေ တစ်ခုခုသွီးနီရေ
ဆီမလိုက်တေ ချိန်းစက်တစ်ခုလား
ဓားသွီးကျောက်ထက်က ဓားသွားပါးပါးလား ကြားနီရ
လက်မှာချိုင်ထားရေ သားရီပတ်က အသားထဲ နှစ်မြုပ်နီ
ခေါင်းကိုရုန်းကြည့်ရေ မရ
ဆီးအရှိန်တစ်ခုစော် ငါ့ခန္ဓာကိုယ်ထဲ ပတ်ပနာ မွိနီရေ
လူနန့်စိတ်စော် ခွာလိုက် ကပ်လိုက်
အပ်တစ်ချောင်း ခြည်တစ်ပင်
မျက်နှာနား တဝဲဝဲ
အီးစက်စက်လက်တစ်စုံ ငါ့ပဇကို လာကိုင်ရေ
နခမ်းသားတိ စူးခနဲ ရှခနဲ
သွီးတိ ဖြန်းခနဲ ဖူးခနဲ
အဆုတ်ထဲမှာ လီမရှိ အသံအိုးထဲမှာ အသံ မရှိ
ငါအော်ရေ နာကြင်မှုက ဝနှောက်ဆီကို ဖောက်ချရေ
ငါအော်ရေ ငါ့အသံ ငါ မကြားရ
ငါအော်ရေ ငါ့နှုတ်ခမ်းမှာ ကြိုးနန့် ခြုပ်ကြောင်းနန့်
ငါ့မျက်ခွံကို အခြုပ်မခံရခင်
နောက်ဆုံးအကြိမ်အဖြစ် သူ့မျက်နှာကို ကြည့်လိုက်တေ
မမြင်ရ
သူ့အရုပ်ကို သူ ဝှက်ထားရေ
နိုင်ငံတော် မျက်နှာဖုံးကြီးအောက်မှာ။
လူသတ်သမားအရုပ် စာသားတည်ဆောက်ပုံ
နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ အကြောင်းတွေကို ရေးဖွဲ့ခဲ့ကြတဲ့ ရခိုင်ကဗျာ အများအပြားရဲ့ နိမိတ်ပုံတွေဟာ ရခိုင်သမိုင်း၊ ယဉ်ကျေးမှု အငွေ့အသက်၊ ဒေသဆိုင်ရာ ပုံရိပ်တွေကိုပဲ ထည့်သွင်းဖွဲ့ဆိုခဲ့ကြပါတယ်။ဒီကဗျာရဲ့ ထူးခြားချက်က လူမျိုးဆန်မှုအပေါ် အခြေခံတဲ့ အာရုံဖြန့်ကျက်မှုကနေ ဘယ်နိုင်ငံတော်ပဲဖြစ်ဖြစ်၊ နယ်နိမိတ် ကန့်သတ်မထားတဲ့ လူသားဆန်မှု အသုံးအနှုန်းကို ထည့်သွင်းထားလို့ ဖြစ်ပါတယ်။ ဒေသ အငွေ့အသက်တွေ မပါရှိဘူး။
ကဗျာစာသားတည်ဆောက်မှုဟာ ဆုံးဖြတ်ချက်မရေရာမှု (undecidability) နဲ့ ပြတ်တောက်မှု (gaps) တွေကို တွေ့ရတယ်။ ဆုံးဖြတ်ချက် မရေရာမှုဆိုတာ အထူးသဖြင့် ဇာတ်ကောင်နဲ့ စာဖတ်သူကိုပါ ဆုံးဖြတ်ချက်တွေကို တိုက်ရိုက်မသတ်မှတ်နိုင်တဲ့ အခြေအနေ၊ အကြောင်းအရာ အမျိုးအစား တစ်ခုခုအပေါ် ဆုံးဖြတ်ချက်ချဖို့ မရေရာဖြစ်တဲ့ ခံစားမှုပဲ။ ဒရီဒါက လူသားရဲ့ ဆုံးဖြတ်ခြင်းဖြစ်စဉ်ကို ပြုလုပ်ရာမှ ဖြစ်ပေါ်လာတဲ့ ခံစားမှုလို့ ဆိုတယ်။ ကဗျာစာသားထဲမှာ ဇာတ်ကောင်ဟာ သူ့ကို လှီးဖြတ်မယ့်အရာဟာ ဘာလဲဆိုတာကို မသိပေမယ့် သူ့ဆီကို နာကြင်မှုရောက်ရှိလာမှာပဲ ဆိုတာကို သိနေပြန်တယ်။ ဒါပေမယ့် ကဗျာထဲမှာ ဇာတ်ကောင်ဆီကို နာကြင်မှုရောက်လာမှာပဲဆိုတာကို စာဖတ်သူရဲ့ တွေ့ကြုံခံစားမှု အလေ့အကျင့်ကနေပဲ သိရှိတာ ဖြစ်တယ်။ ကဗျာထဲမှာ ဖော်မပြထားသေးဘူး။
ဆုံးဖြတ်ချက်မရေရာမှု (undecidability) နဲ့ ပြတ်တောက်မှု (gaps) ပါတဲ့ စာသားကဗျာပိုဒ်ကို ကြည့်ပါ။
ခုတင်ထက်မှာ လဲနီစော်က စက်သံတဒီးဒီး ကြားနီရရေ – gaps
တစ်ခုခု လည်နီရေ တစ်ခုခု သွီးနီရေ – gaps
ဆီမလိုက်တေ ချိန်းစက်တစ်ခုလား – undecidability
ဓားသွီးကျောက်ထက်က ဓားသွားပါးပါးလား ကြားနီရ – undecidability
စာဖတ်သူရဲ့တွေ့ကြုံခံစားမှုတွေကို ဖြည့်တွက်စဉ်းစားစေနိုင်တဲ့ ရေးသားဟန်ဖြစ်ပါတယ်။ အဓိက က ဆိုလိုတာက စာသားအဆောက်အအုံတွေမှာ ပါရှိတဲ့ ပြတ်တောက်မှုနဲ့ ဆုံးဖြတ်ချက် မရေရာမှုတွေက စာဖတ်သူရဲ့ အတွေ့အကြုံပေါ်မူတည်ပြီး ဖြေရှင်းပေးရတာ ဖြစ်တယ်လို့ အီဆာက ဆိုပါတယ်။ ဒီလိုစာပိုဒ်မျိုးကို (appeal structure) ဖိတ်ခေါ်သော အဆောက်အအုံလို့ အီဆာက သုံးနှုန်းတယ်။ ဒါကြောင့် နာကြင်ခံစားမှု ရောက်ရှိလာမယ်ဆိုတဲ့ ခံစားမှုအသိ(စာဖတ်သူ ခံစားမှု) ဟာ ပြတ်တောက်မှုနဲ့ ဆုံးဖြတ်ချက်မရေရာမှု ဟာ၊ ဖိတ်ခေါ်သော အဆောက်အအုံ (appeal structure)အရ၊ စာဖတ်သူက ဖြည့်စွက်တွေးလိုက်တဲ့ ခံစားမှုသာ ဖြစ်တယ်။
ကောက်နုတ်ဖော်ပြထားတဲ့ ကဗျာစာပိုဒ်ပုံစံကို အီဆာက စာသားတွေဟာ အဆက်အစပ်နဲ့ တည်ရှိနေတာ မဟုတ်ဘဲ၊ စာသားအတွင်းထဲမှာပဲ ပြတ်တောက်မှုတွေ (gaps)၊ ဆုံးဖြတ်ချက်မရေရာမှုတွေ အများကြီးရှိနေနိုင်တယ်လို့ အီဆာက မြင်တယ်။
ပြတ်တောက်မှုတွေ (gaps) ကနေ စာဖတ်သူရဲ့ စိတ်ကူးခံစားမှုတည်ရှိမှုဟာ အရေးပါတယ်လို့ သူက ယူဆတယ်။ စာဖတ်သူဟာ ဒီ (gaps) ပြတ်တောက်မှုတွေအထဲကနေ ကဗျာစာသားမှာ ပါရှိတဲ့ ခုတင်ပေါ်က မိန်းမောနေတဲ့ လူတစ်ဦးရဲ့ စိတ်ခံစားမှုကို ပူးကပ်နိုင်တယ်။ တစ်ဘက်က ကြားနေရတဲ့ အသံတွေပေါ်မှာလည်း ဒီ (gaps) ပြတ်တောက်မှုတွေကြောင့်ပဲ ဘာသံလဲဆိုတဲ့ သိစိတ် (ဆုံးဖြတ်ချက်မရေရာမှု)ကို ဖြစ်ပေါ်စေတယ်။ သိစိတ် လွင့်မျောနေမှု အခြေအနေကို တွေ့ရှိနိုင်တယ်။ (တချို့ကလည်း စာပေသီအိုရီနယ်ထဲမှာ ဒီ gaps ဆိုတဲ့ စကားလုံးကို ကွက်လပ်၊ လစ်ဟာခြင်း၊ ကင်းမဲ့နေခြင်း၊ လိုနေခြင်း၊ မပြည့်စုံခြင်းလို့လည်း သတ်မှတ်ကြပါတယ်။)
နောက်ထပ် ကဗျာစာသားတွေထဲမှာ တွေ့ရှိတာက ကဗျာရဲ့ tempo အမြင့်ဆုံးအပိုင်းကို ပုံစံတူဝါကျတွေနဲ့ ဖွဲ့စည်းထားတာပါ။ ပုံစံတူဝါကျ (ခ) ထပ်တူဖွဲ့ဝါကျတွေဟာ ဆိုလိုရင်းတွေကို ပိုမို လေးနက်ရာ ရောက်စေတယ်လို့ စာပေပညါရှင်တွေက ဆိုကြပါတယ်။ ကဗျာထဲမှာလည်း နာကြင်မှု ဇာတ်ရှိန် အမြင့်ဆုံးမှာ ထပ်တူဖွဲ့ဝါကျတွေ ရုတ်တရက် ပေါ်ထွက်လာတာပါ။
ငါအော်ရေ နာကြင်မှုက ဝနှောက်ဆီကို ဖောက်ချရေ
ငါအော်ရေ ငါ့အသံ ငါ မကြားရ
ငါအော်ရေ ငါ့နှုတ်ခမ်းမှာ ကြိုးနန့် ခြုပ်ကြောင်းနန့်
ထပ်တူဖွဲ့ရေးဖွဲ့တဲ့ ကဗျာမျိုးဟာ ရခိုင်ကဗျာနယ်ပယ်ထဲမှာလည်း တွေ့ရ သလို၊ မြန်မာစာပေနယ်ထဲမှာလည်းပဲ ရေးဟန်များခဲ့တဲ့ ပုံစံပါ။ ( ရခိုင်စာပေနယ်ထဲမှာဆိုရင် ထပ်တူဖွဲ့ဝါကျပုံစံကို လေးမြို့ခေတ်၊ လောင်းကြက်တောင်မော် ကျောက်စာမှာလည်း အထူး ထပ်တလဲလဲ သုံးစွဲထားတာကို တွေ့ရပါတယ်။) စာသားတွေပေါ် စကားလုံးခြယ်မှုန်းသုံးစွဲမှုဟာ Horror ရုပ်ရှင်ကားတစ်ကားရဲ့ ရိုက်ချက်လိုပဲ အသေးစိတ်၊ အနီးကပ် ကြောက်ရွံ့ထိတ်လန့်မှုဖြစ်စေတဲ့ ခံစားမှုမျိုးကို ဖန်တီးနိုင်ခဲ့ပါတယ်။
လူသတ်သမားအရုပ် စာသားအကြောင်းအရာ ဆက်သွယ်မှု
ကဗျာထဲမှာ ပါရှိတဲ့ စာသားအကြောင်းအရာက လူတစ်ဦးရဲ့ နှုတ်ခမ်းတွေကို အပ်ချည်ကြိုးနဲ့ ချုပ်ခံနေရတဲ့ မြင်ကွင်းပဲဖြစ်တယ်။ ဒါပေမယ့် ပြုလုပ်နေတဲ့သူက နိုင်ငံတော်မျက်နှာဖုံးအောက်မှာလို့ ဖော်ပြလိုက်တဲ့အခါမှာ ကဗျာစာသားအကြောင်းအရာဆက်သွယ်မှုတွေက ပေါ်ပေါက်လာတာပဲ ဖြစ်တယ်။ ဒီကဗျာမှာ အဓိက အကြောင်းအရာဟာ နိုင်ငံတော်ပဲ ဖြစ်တယ်။
ကဗျာထဲမှာ ဇာတ်ကောင်ဟာ နိုင်ငံတော်အပေါ် သံသယရှိတယ်။ လူမှုရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေအဖြစ် ရာဘာပြားတွေနဲ့ သူ ချည်နှောင်ထားခံရတာကို ရေးထားတယ်။ ခန္ဓာကိုယ်တစ်ခုလုံးကို ချုပ်နှောင်ထားတဲ့အထိ မရေရာ၊မသေချာမှုတွေနဲ့ပဲ။ နောက်ဆုံးအကြိမ် ဘယ်သူ၊ဘယ်ဝါကို သိဖို့ ကြိုးစားတဲ့အခါမှာလည်းဘဲ ပြုလုပ်သူရဲ့ မျက်နှာကို မမြင်ရဘူး။ဒါပေမယ့် နိုင်ငံတော်ဆိုတဲ့ မျက်နှာဖုံးကြီးအောက်မှာ သူ ရှိနေတယ်။
ဒါကြောင့် ကဗျာဆရာရဲ့ နိုင်ငံတော်ဟာ ဘယ်လိုမျိုးလဲဆိုတာကို စာသားတွေက တစ်ဆင့် ကျွန်တော်တို့ ဆက်သွယ်ရမှာပဲ ဖြစ်တယ်။
နိုင်ငံတော်ဆိုတာ လူသားတွေ ရှင်သန်ရပ်တည်နိုင်ဖို့ လိုအပ်တာကြောင့် တည်ရှိလာတယ်လို့ အရစ္စတိုတယ်က politics ကျမ်းမှာ ရေးသားခဲ့တယ်။ လူတစ်ဦးရဲ့ ရုပ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုကနေ စိတ်ပိုင်းဆိုင်ရာပျော်ရွှင်မှု၊ လိင်ကိစ္စထိ အဆုံး နိုင်ငံတော်ကပဲ တိုင်းသူပြည်သားတွေကို ဥပဒေတွေနဲ့ ထိန်းကျောင်းနိုင်တယ်။ ကဗျာစာသားထဲက အဖြစ်အပျက်တွေကို နိုင်ငံတော်နိုင်ငံရေး သီအိုရီရှုထောင့်ကကြည့်ရင် ကိုယ်ကျိုးကြည့်နိုင်ငံတော်လို့ သုံးနိုင်တယ်။
ကဗျာမှာပါတဲ့စာသားတွေဟာ သွေးသံရဲရဲနဲ့ တည်ဆောက်ထားပြီး၊ စာသားရဲ့ မြင်ကွင်းပုံဖော်မှုတွေအရ Horror ဆန်ဆန် ခြယ်မှုန်းထားတယ်။ အကြောင်းပြချက်တစ်ခုခုအောက်မှာ ပြုလုပ်သူ(နိုင်ငံတော်)ရဲ့ အပြုအမူတွေကို အပြုလုပ်ခံ(object)ရဲ့ အတ္တအခြေအနေနဲ့ ရောယှက်ဖော်ပြထားတယ်။
ရိုလွန်ဘာ့သ်ရဲ့ စာဖတ်သူသီအိုရီ အမြင်ကကြည့်ရင် ယဉ်ကျေးမှုနဲ့ လူမှုရေးဆိုင်ရာ အဓိပ္ပာယ်ဖော်ညွှန်းမှုစနစ် (Signifying System) ထဲမှာ အဓိပ္ပာယ်တွေကို စာဖတ်သူက သူ့ရဲ့ သက်ဆိုင်ရာ ယဉ်ကျေးမှု၊ လူမှုရေး အဆက်အစပ်(codes)တွေနဲ့ ဖွင့်ဆိုမယ်လို့ ဆိုတယ်။
ကဗျာစာသားမှာပါရှိတဲ့
“ငါအော်ရေ နာကြင်မှုက ဝနှောက်ဆီကို ဖောက်ချရေ
ငါအော်ရေ ငါ့အသံ ငါ မကြားရ
ငါ အော်ရေ ငါ့နှုတ်ခမ်းမှာ ကြိုးနန့် ခြုပ်ကြောင်းနန့် ” စာသားတွေဟာ ကိုယ်ကျိုးကြည့်နိုင်ငံတော်မှာနေတဲ့ စာဖတ်သူတစ်ဦးအဖို့ လွတ်လပ်စွာ ပြောဆိုခွင့်မရှိတဲ့ အခြေအနေ၊လွတ်လပ်စွာ ဖန်တီးခွင့်တွေကို ဆင်ဆာစနစ်နဲ့ ပိတ်ပင်တားဆီးခြင်းတွေ၊ လွတ်လပ်စွာ ပြောဆိုခွင့်ကို တင်းကျပ်တဲ့ ဥပဒေတွေနဲ့ ချည်နှောင်ထားရှိခြင်း အစရှိတဲ့ အနက်ပြန်ဆိုမှုတွေကို စာသားအကြောင်းအရာ ဆက်သွယ်မှုအရ ယဉ်ကျေးမှု၊လူမှုရေး အဆက်အစပ်တွင်းက ရရှိစေမှာ။
ကဗျာထဲမှာ ဇာတ်ကောင်ဟာ သိစိတ်ကို အလှမ်းဝေးအောင် ပြုမူခံထားရတယ်။ဒီအခြေအနေတွေဟာ နိုင်ငံတော်က လူ့အဖွဲ့အစည်းတစ်ခုလုံးကို အတွေးအခေါ် ပညာရပ်တွေ လမ်းကြောင်းလွှဲသွားအောင် တိုင်းသူပြည်သားတွေအပေါ် ပြုလုပ်နိုင်တယ်ဆိုတာကို မြင်သိနိုင်တယ်ါ စဉ်းစားတွေးခေါ်မှု အားနည်းသွားတဲ့အချိန်မှာ အုပ်ချုပ်သူလူတန်းစားရဲ့ အာဏာတည်ရှိရေးအတွက် ပြည်သူတွေက လိုသလို ပုံဖော်ခံရတယ်။
အထူးသဖြင့် ကိုလိုနီခေတ်က တင်သွင်းကြတဲ့ အုပ်ချုပ်သူတွေရဲ့ ကိုလိုနီပညာရေးစနစ်တွေကို မှန်းဆကြည့်ရင် ပိုပြီးရှင်းလင်းလွယ်ကူနိုင်တယ်။ အုပ်ချုပ်မှုယန္တရားကို လွယ်ကူစေနိုင်ဖို့ ကိုလိုနီပညာရေးစနစ်အဆောက်အအုံကို ထည့်သွင်းရတယ်။ အဲဒီ အဆောက်အအုံက ထွက်လာတဲ့ ပုံနှိပ်ခံထားရတဲ့ ဦးနှောက်တွေကပဲ နိုင်ငံတော်အာဏာကို ဆက်လက်တည်ရှိအောင် ဆောင်ရွက်ကြတယ်။
အဲဒီအကြောင်းအရာတွေနဲ့ ဆန့်ကျင်ဘက်ပြုလုပ်တဲ့သူတွေကို နိုင်ငံတော်ပုန်ကန်သူဆိုပြီး နိုင်ငံတော်အကြောင်းပြပြီး သူတို့အာဏာတည်မြဲရေးကို လုပ်မယ်။ တစ်နည်းပြောရရင် ဦးနှောက်ကို ဖျက်ဆီးခံထားရတယ်။ အကြောက်တရားတွေနဲ့ ဖျက်ဆီးတယ်။ ပညာရေးစနစ်တွေနဲ့ ဖျက်ဆီးတယ်။ ဘယ်လိုမှ လွတ်လပ်လို့ မရနိုင်တဲ့ အနေအထားကို ကဗျာဆရာ မိုးဇက သားရီပတ်(ရာဘာပတ်)၊ ဆီးအရှိန်(ဆေးဒဏ်မြင့်မှု) စကားလုံးတွေနဲ့ ခင်းကျင်းပြထားတယ်။
“လက်မှာ ချိုင်ထားရေ သားရီပတ်က အသားထဲ နှစ်မြုပ်နီ
ခေါင်းကို ရုန်းကြည့်ရေ မရ
ဆီးအရှိန်တစ်ခုစော် ငါ့ခန္ဓာကိုယ်ထဲ ပတ်ပနာ မွိနီရေ ”
လွတ်လပ်မှု မရှိနိုင်သေးတဲ့ ဖြစ်ပျက်မှုတွေဟာ ဒီနေ့ခေတ်အထိ ရှိနေတုန်းပဲ။ ကဗျာထဲမှာနိုင်ငံတော်မျက်နှာဖုံးအောက်က အပြုအမူ၊ ပြုလုပ်သူ၊ စီမံသူတွေက ဇာတ်ကောင်ရဲ့ အတ္တသိစိတ်တွေကို လိုက်လံတားဆီးတယ်။ ကဗျာဆရာရဲ့ အတ္တဟာ ကဗျာထဲမှာရှိနေတဲ့ နိုင်ငံတော်ဆီမှာ အကြမ်းဖက်ခံနေရတယ်။ ဒါဟာ ကဗျာဆရာရဲ့ ပြင်ပဘဝက လူမှုရေးဆိုင်ရာ စိုးရိမ်ပူပန်မှုလည်း ဖြစ်နိုင်တယ်။
ကဗျာထဲမှာပါရှိတဲ့ နိုင်ငံတော်က အနက်အဓိပ္ပာယ်အမျိုးမျိးကို ဖလှယ်လို့ ရနိုင်တယ်။ ကဗျာထဲက ဇာတ်ကောင်ရဲ့အဆုံးသတ်ဟာ မပြီးဆုံးခဲ့ပေမယ့် သူ့ကိုညှင်းပန်း၊နှိပ်စက်နေတာဟာ နိုင်ငံတော်မျက်နှာနဲ့ပဲဆိုတာကို ကျွန်တော်တို့ သိလိုက်ရတယ်။ နိုင်ငံတော်မျက်နှာဖုံးအောက်မှာ အာဏာမက်သူတွေက နိုင်ငံတော်အရေးဆိုပြီး အမြဲတည်ရှိလို့ရနေတယ်ဆိုတာကိုလည်း တွေးမိစေနိုင်တယ်။
— မိုးသင်းဝေဇံ