The Art Garden Rohingya Interview
“လာလ်မော်တီခါန်း” ဆိုသူ ကဗျာဆရာ နှင့်
The Art Garden Rohingya အင်တာဗျူး
၂၀၂၀ ပြည့်နှစ်၊ မေလ(၁၇)ရက်
The Art Garden Rohingya သည် လူမှုအခြေပြု စာပေအနုပညာ website ဖြစ်ပါသည်။ ကျွန်ုပ်တို့ The Art Garden Rohingya သည် ရိုဟင်ဂျာတို့၏ စာပေ၊ အနုပညာ၊ ရိုရားဓလေ့များကို ဖော်ဆောင်ပေးချင်သည့် စာပေအနုပညာချစ်မြတ်နိုးသော ရိုဟင်ဂျာလူငယ် ကဗျာဆရာများကို အားပေးအားမြှောက်ပြုလျက်ရှိပါသည်။ ရိုဟင်ဂျာလူငယ် ကဗျာဆရာများ ကဗျာစာပေကို ရွေးချယ်ရကြောင်း၏ အကြောင်းကို သိရှိနိုင်ခြင်းငှါ ကဗျာဆရာများနှင့် မေးမြန်းမှုပြုလုပ်သည့် အင်တာဗျူးကဏ္ဍကို တင်ဆက်လိုက်ပါသည်။
အင်တာဗျူးထဲက ထင်မြင်ယူဆချက်၊ ခံယူချက် စသည်တို့သည် ကဗျာဆရာတို့၏ အာဘော်သာဖြစ်ပြီး၊ The Art Garden Rohingya ၏ အာဘော်မဟုတ်ကြောင်း အလေးအနက် သိစေအပ်ပါသည်။
AG: ဆရာရဲ့ ကိုယ်ရေးအကျဉ်းလေး မိတ်ဆက်ပေးပါ။
LK: ကျနော် နာမည် Lalmoti Khan ပါ။ ဒီနာမည်ကတော့ ကျနော်ရဲ့ မျိုးဆက်မိသားစု နာမည်ပါ။ အဲ့ဒီနာမည်ကို အစွဲပြုလျက် ကလောင်အမည်အဖြစ် သုံးနေတာပါ။ အသက်ကတော့ ၂၂ နှစ်ပါ။ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် တွင် မွေးဖွားတာဖြစ်ပါတယ်။
AG: မြန်မာနိုင်ငံမှာရှိတုန်း ကလေးဘဝက အကောင်းဆုံး အမှတ်တရ တစ်ခုလောက် ပြောပြပါလား။
LK: ကလေးဘဝက အကောင်းဆုံး အမှတ်တရဆိုတော့ ကျနော် ပဉ္စမတန်း သင်နေတုန်း ဘူးသီးတောင်မြို့နယ်၊ ကူးတူးဆိပ်ကျေးရာတွင် ကျောင်းပေါင်းစုံ ဘောလုံးပွဲ ကျင်းပခဲ့ပါတယ်။ အဲ့ဒီဘောလုံးပွဲမှာကျောင်း ၁၅ ကျောင်းမှ ကျောင်းသားတွေ ကျောင်းအလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့် ကျနော်ပါဝင်ကစားခဲ့တဲ့ ကျနော်တို့ ကျောင်းဟာ နောက်ဆုံးမှာ ဗိုလ်စွဲခဲ့ပါတယ်။ အဲ့တော့ ဖလားကိုင်မြောက်ပြီး ပြန်လာချိန်မှာ ကျနော်တို့ ကျောင်းက ကျောင်းသား/သူတွေ၊ကျောင်းဆရာ၊ ဆရာမတွေဟာ ကြွေးကြော်အော်ဟစ် အောင်ပွဲခံနေတာတွေ၊ သီချင်းဆိုနေတာတွေ၊ တစ်ချို့ကျောင်းသား/သူ တွေဆိုရင် ကခုန်ဖျော်ဖြေခဲ့ကြတာတွေ၊ ပြီးတော့ ကျွန်တော်တို့ ဘောလုံးသမား တွေလည်း တစ်ယောက်ပြီးတစ်ယောက် ဖလားကိုင်မြောက်ပြီး အောင်ပွဲခံခဲ့တာတွေ ယခုထက်ထိ သတိရရ ရင်ထဲမှာ စွဲမြဲနေပါတယ်။ ကိုယ့်ရွာဆီ ပြန်လာခဲ့တဲ့ လမ်းတစ်လျှောက်ကို ယခုထိ သတိရနေပါတယ်။ အဲ့လိုပျော်ပါးခဲ့တဲ့ အချိန်မျိုးဟာ ယခုထိ နောက်တစ်ခါမှ လုံးဝခံစားခွင့်မရလိုက်တော့ပါဘူး။ အဲ့တော့ ထိုအိမ်ပြန်လမ်း မြင်ကွင်းသာ ကလေးဘဝရဲ့ အကောင်းဆုံး အမှတ်တရ ဆိုရင်လည်း မမှားပါဘူး ခင်ဗျား။
AG: ဆရာရဲ့ ပညာရေး နောက်ခံ အကြောင်းလေး ပြောပြပါဦး။
LK: ကျနော်ဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၂၀၁၅ ခုနှစ်မှာ အောင်မြင်ခဲ့ပါတယ်။ ရိုဟင်ဂျာလူမျိုးဖြစ်လို့ တက္ကသိုလ်ကောလိပ်သို့ ဆက်တက်ခွင့် မရခဲ့ပါဘူး။ ပြီးတော့ ကျနော် ငယ်စဉ်ကပင် အစ္စလမ့်ဘာသာရေးဆိုင်ရာ မဒရဆာကျောင်းမှာ ပညာဆည်းပူးခဲ့ရာ ၂၀၁၂ ခုနှစ်တွင် ၆ တန်းထိ သင်ယူပြီးမြောက်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်တွင် ပဋိပက္ခတွေ ကြားက မဒရဆာတွေ အပိတ်ခံလိုက်ရတာကြောင့် သတ္တမတန်းကို ဆက်မတက်နိုင်ခဲ့ပါဘူး။ ကျနော့်မိသားစုဝင်တွေက ကျနော့်ကို သာသနာ့ပညာ နဲ့ လောကီပညာ နှစ်ဘက်စလုံးကို သင်စေချင်ခဲ့ပေမယ့် အခြေအနေအရတော့ အိစ္စလာမ်သာသနာ့ပညာ သင်ယူရေး ရည်မှန်းချက်ကို ဖြည့်ဆည်းခွင့် မရရှိခဲ့ချေ။ အိပ်မက်ကတော့ အိပ်မက်အဖြစ်သာ ကျန်ရစ်နေခဲ့တာဖြစ်ပါတယ်။
AG : ဘယ်အရာက ခင်ဗျားကို ကဗျာရေးဖွဲ့ဖို့ လှုံ့ဆော်ခဲ့တာလဲ။ ကဗျာတွေ ရေးဖြစ်တဲ့ အကြောင်းလေးပေါ့။ အဲ့ဒါလေး ပြောပြပါလား။
LK: ကျနော် ကဗျာတွေရေးဖို့ဝါသနာပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာလူမျိုးရဲ့ သမိုင်းအစဉ်အလာကို မပပျောက်စေအောင်လည်း ဖြစ်ပါတယ်။ ဒီလို ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့အချိန်မှာ ကျွန်ုပ်တို့ ပညာတတ်လူငယ်တွေ တိတ်ဆိတ်နေခဲ့လျှင် ကိုယ့်လူမျိုးဟာ တစ်နေ့နေ့တွင် ပျောက်ကွယ်နေရမည်ကို စိုးရိမ်၍ ရတဲ့နည်းနဲ့ တာဝန်ကျေပွန်နေတာ ဖြစ်ပါတယ်။ ကိုယ့်လူမျိုးရဲ့ ဂုဏ်ကို တတ်နိုင်သမျှ မြှင့်တင်ပေးနိုင်ရန်နဲ့ ပညာတတ်အသိုင်းအဝိုင်းတစ်ခုဖန်တီးပေးနိုင်အောင် စတဲ့ ရည်ရွယ်ချက် တွေနဲ့ ကဗျာတွေ ရေးဖွဲ့ခြင်းဖြစ်ပါတယ်။
AG: ဆရာရဲ့ အနှစ်သက်ဆုံး ကဗျာဆရာ သို့မဟုတ် စာရေးဆရာက ဘယ်သူဖြစ်မလဲ။ ဘာကြောင့် သူ့ကို သဘောကျ နှစ်သက်တာလဲ။
LK: ကျနော်ကတော့ စာရေးဆရာ၊ ကဗျာဆရာတွေအားလုံးကို နှစ်သက်ပါတယ်။ အထူးသဖြင့် သဘောကျတာကတော့ ဆရာ အောင်မျိုးဇော်၊ ဆရာ ယျာတင် နှင့် ဆရာ မေယုအာလီ တို့ကို ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ စာတွေကဗျာတွေ တော်တော်လေးနက်ပြီး နက်ရှိုူင်းပါတယ်။ ကလောင်စွမ်းတက်ပါတယ်။ သူတို့ရဲ့ စာတွေ ကဗျာတွေ ဖတ်ရှုခြင်းဖြင့် စိတ်ထဲ ပီတိ ဖြစ်ပေါ်စေပါတယ်။ နောက်တစ်ခုက သူတို့တွေဟာ ကမ်းမမြင်လမ်းမမြင် ဖြစ်နေတဲ့ ရိုဟင်ဂျာ လူမျိုးတွေကို ကမ္ဘာ့အလယ် တင့်တယ်နိုင်အောင် တစ်ဖက်တစ်လမ်းကနေ စာပေအနုပညာနဲ့ ကြိုးစားနေသူတွေ ဖြစ်လို့ပါ။ လူငယ်တွေကို ဝေဖန်ထောက်ပြပြီး အမြဲအားပေးမြင့်တင်ပေးနေတဲ့ သူမြတ်တွေပါ။ သူတို့ရဲ့ စိတ်ဓာတ်တွေကို တော်တော်အားကျဖို့ ကောင်းပါတယ်။
AG: The Art Garden Rohingya Page မှာ ခင်ဗျားရဲ့ ကဗျာ ဘယ်နှပုဒ် ရွေးချယ်ဖော်ပြခံရပြီလဲ။
LK: စုစုပေါင်း (၁၅) ပုဒ် ပါ။
AG: ပထမဆုံး ရွေးချယ်ဖော်ပြခံရတဲ့ ကဗျာကရော ဘယ်ကဗျာပါလဲ။ အဲ့လို ရွေးချယ်ဖော်ပြခံရတဲ့အချိန်မှာ ဘယ်လိုခံစားရပါလဲ။ ခံစားချက်လေး မျှဝေပါ။
LK: ကျနော်ရဲ့ ပထမဆုံး ရွေးချယ်ဖော်ပြခံရတဲ့ ကဗျာက “မဆုတ်မနစ် လုံ့လစိုက်” ကဗျာပါ။ အဲဒီကဗျာ လေး ရုတ်တရက် page မှာ မြင်လိုက်ရတဲ့အခါ စိတ်မထိန်းနိုင်အောင် မျက်ရည်ကျလာသည်အထိ ဝမ်းသာခဲ့ပါတယ်။ အော်…ကျနော်လည်း ထွန်းသစ်စ ကဗျာဆရာ တစ်ဦးဖြစ်ဖို့ ခရီးစနိုင်ပြီလား လို့တွေးကာ ဆက်လက် ကဗျာတွေ များများ ရေးနိုင်အောင်၊ ကဗျာဆရာကောင်းတစ်ဦး ဖြစ်လာနိုင်အောင် အားမွေးခဲ့ပါတယ်။
AG: ဘဝမှာ ဘာဖြစ်ချင်ပါလဲ။ ဆိုလိုချင်တာက ဘဝ ရည်မှန်းချက်က ဘာလဲပေါ့။
LK: ကျနော့်ဘဝ ရည်မှန်းချက်တော့ အများမဟုတ်ဘူး။ ကျေးကျွန်ဒုက္ခသည်ဘဝမှ ရိုဟင်ဂျာလူမျိုးများကို စာပေအနုပညာနဲ့ လွတ်မြောက်စေချင်ပါတယ်။ မိမိဘဝဟာ အများအကျိုးအတွက်သာ ပေးဆပ်နိုင်ရေး၊ ကိုယ့်လူမျိုးက ကျနော့် အပေါ် ဂုဏ်ယူနိုင်ရေး ဒါတွေပဲ ဖြစ်ပါတယ်။
AG: ဘဝရဲ့ စံပြပုဂ္ဂိုလ် (ဟီရိုး) က ဘယ်သူပါလဲ။
LK: ကျနော့်ဘဝရဲ့ စံပြပုဂ္ဂိုလ်က ကျနော့် အဖေပါ။ ကျနော့်ဘဝမှာ သူ့ထက် အရေးကြီးတဲ့သူ ဘယ်သူမှ မရှိခဲ့ပါဘူး။ သူက ဘယ်လိုပဲ အခက်အခဲနဲ့ ကြုံရသည်ဖြစ်စေ ကျနော့်အတွက် ဘယ်တော့မှ အခက်အခဲ မရှိစေရဘူး။ ဝမ်းနည်းစရာနဲ့ ကြုံတွေ့သည်ဖြစ်စေ၊ ပျော်ရွှင်မှုနှင့် ကြုံတွေ့သည်ဖြစ်စေ အမြဲဝေဖန်၊ ထောက်ခံ အားပေးနေတဲ့ မိတ်ဆွေကောင်း တစ်ဦး ဆိုရင်လည်း မမှားပါဘူးဗျား။
AG: ရိုဟင်ဂျာလူငယ်မျိုးဆက်တွေအတွက် သတင်းစကားလေး ဘာများ ပါးချင်ပါလဲ။
LK: ရိုဟင်ဂျာလူငယ်မျိုးဆက်တွေက ရည်မှန်းချက်ကြီးကြီး ထားစေချင်ပါတယ်။ ရိုဟင်ဂျာလူငယ်တိုင်းလူငယ်တိုင်းဟာ အနာဂတ် ကမ္ဘာရဲ့ ခေါင်းဆောင်တွေဖြစ်စေချင်ပါတယ်။ အဲ့လို ခေါင်းဆောင်တွေဖြစ်မြောက်လာနိုင်ရေး၊ မိမိတို့ရဲ့ ကြီးမြတ်တဲ့ရည်မှန်းချက် အကောင်အထည်ဖော်နိုင်ရေးအတွက် ပညာရေးကို ကြိုးစားပြီး သင်ယူလေ့လာပါရန် တိုက်တွန်းချင်ပါတယ်။ လောကမှာ ကြိုးစားလျှင် ရနိုင်တာ အများကြီးပါပဲ။ ဘယ်လို အခက်အခဲမျိုးနဲ့ ကြုံတွေ့သည်ဖြစ်စေ ပညာရေးနဲ့ မျှော်လင့်ချက်ကို မစွန့်လွှတ်ကြပါနဲ့လို့ ထပ်မံ မှာကြားချင်ပါတယ်။
AG: ရိုဟင်ဂျာအသိုင်းအဝိုင်းတစ်ခုလုံးအတွက်ရော ပါးချင်တဲ့ သတင်းစကားလေးက ဘာများဖြစ်ပါမလဲ။
LK: ရိုဟင်ဂျာ အသိုင်းအဝိုင်းတစ်ခုလုံးကို “အားမငယ်ပါနဲ့” လို့ ဦးစွာသတင်းစကားလေး ပါးချင်ပါတယ်။ အမှောင်ထုဟာ အမြဲရှိနေမှာ မဟုတ်ဘူး။ အလင်းရောင် ရရှိတာနဲ့ ထွက်ပြေးရိုးပါ။ ယုံကြည်ချက်ကို စွဲစွဲမြဲမြဲထားပါ။ ဇာတိမြေအာရကန်နဲ့ ဧကန်မုချ ဆုံခွင့်ရမယ့် ယုံကြည်ချက်ကို ရင်ဝယ်ပိုက်ပါ။ သမိုင်းတွင်မယ့် အလုပ်မျိုးလုပ်နိုင်ရန် ကြိုးစားကြပါ။ ပညာရေးကိုဦးစားပေးပါ၊၊ ဥမကွဲသိုက်မပျက်နေကြပါ။ ဘယ်လိုဆင်းရဲပင်ပန်းတဲ့ အချိန်အခါမျိုးနှင့် ရင်ဆိုင်ရသည်ဖြစ်စေ ထိုဘေးဒုက္ခတွေကို အမှန်တရားဖြင့် ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပါ။ စိတ်ဓာတ်မကျပါစေနဲ့။ တစ်စုံတစ်ခုရလိုလျှင် တစ်စုံတစ်ခုကို စွန့်လွှတ်ရတယ် ဆိုတဲ့ စကားပုံရှိပါတယ်။ ထိုစကားပုံကို ဦးထိပ်ထားပါ။ အင်ရှားအလ္လာဟ် အားလုံး အဆင်ပြေသွားပါလိမ့်မယ်။
AG: အခုလို စိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့အတွက် The Art Garden Rohingya မှ ကျေးဇူးတင်ပါတယ်။
LK: ကျနော်လည်း မိမိရဲ့ခံစားချက်တွေကို စိတ်ရှည်လက်ရှည် ရင်ဖွင့် မျှဝေပေးနိုင်တဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
အယ်ဒီတာအဖွဲ့
#TheArtGardenRohingya
#InterviewWithPoets