"အနာဂတ်ပျောက် ရိုဟင်းသား"
နေရပ်စွန့်ကာ အသက်ကယ်ဖို့
ရောက်ရနေရ သူများပြည်သို့
သိုက်မဲ့ငှက်ပမာ ဘဝကံနှင့်
အားကိုးရာမဲ့ လမ်းလည်းတလွှဲ
ပင်လယ်ထဲမျော သစ်ငုတ်သဏ္ဌာန်
ကမ်းပျောက်လေရှာ ရိုဟင်းသား။
နလှန်ထူဖို့ စိတ်ကူးနှင့်မို့
ရုန်းကန်ထလည်း ငါးစာဖြစ်ရ
ကမ်းစမမြင် ပင်လယ်ပြင်ထဲ
ဂူတွင်းပျက်ခံ ပုရွက်ဆိတ်သို့
နစ်မြှုပ်လို့သေ ဇီဝန်အသက်
မနက်ဖြန်ပျောက်ရှာ ရိုဟင်းသား။
ကိုယ့်ပြည်တွယ်တာ ပြန်ခရီးမျှော်လို့
ဖြုတ်ကျနေတဲ့ ဥက္ကာပျံလို
သက်ကြီးအိုရွယ် နိဂုံးချုပ်နေပြီ
ကျန်ရစ်သားသမီး ရိပ်မဲ့ပင်လည်း
အခါမစေ့ ကြွေကျလုမတတ်
အနာဂတ်ပျောက်ရှာ ရိုဟင်းသား။
နောင်လာနောင်သား လက်ကမ်းဆက်ဖို့
သင့်ရာစာပေ သင်ခွင့်မရ
လှောင်အိမ်ပိတ်ခံ ကျေးငှက်ဟန်
လိုရာပန်းတိုင် မလှမ်းရှာလို့
တိတ်ဆိတ်နေရ လူအပမာ
ဘဝပျောက်လေရှာ ရိုဟင်းသား။
— မိုဟာမတ်ရှားဟ်
Editorial Team
(7-4-2024)
ရဲတပ်သားဆီက စီးကရက် မီးခိုးငွေ့တွေ
ရေးဖွဲ့သူ – မောင်ဆောင်းခ
စီးကရက်ခဲရင် Back Camera နဲ့
ဗီဒီယိုလေး ရိုက်ထားတယ်။
ကျွန်တော်တို့ ဂုဏ်သိက္ခာက ဒီလိုပါ
ကျွန်တော်တို့ မေတ္တာတရားက ဒီလိုပါ
ကျွန်တော်တို့ လူ့အခွင့်အရေးက ဒီလိုပါ။
မှိုင်းမိထားတဲ့ စောက်တလွဲ အငြိုးအတေး။
‘မော်မကြည့်နဲ့၊ စော်ရှိရင် စားမယ်။
ကုလားကို သတ်တာ ဘုရားလို မြတ်တယ်။
ရိုက်သတ်ပစ်။ မအေ -ိုး တွေ’
သူတို့ရဲ့ အတွေးဟာ အဏုမြူဗုံးထက်
အဆတစ်ရာ ကြောက်ဖို့ ကောင်းတယ်။
သတင်းထုတ်ဖာရေး အဖွဲ့ဟာ
လွတ်သွားတဲ့ အောက်စကို (မဲပြာပုဆိုးနဲ့)
ကပျာကယာ လှမ်းအုပ်လိုက်တယ်။
မောင်းတောက ဆေးလိပ်ငွေ့တွေကတော့
ဆိုက်ဘာ ဆက်ကြောင်းက တဆင့်
တစ်ကမ္ဘာလုံး ပျံ့လွင့် အသက်ရှူ ကျပ်လို့။ ။
ဇန်နဝါရီ ၂၊ ၂၀၁၇။
ကဗျာဆရာ မောင်ဆောင်းခ ရေးခဲ့တဲ့ ‘တိတ်တဆိတ် နာကျင်ရခြင်းတွေ’ စာအုပ်မှ ကာယကံရှင်ရဲ့ ခွင့်ပြုချက်အရ…။
(၁၀-၀၆-၂၀၂၀)
Editorial Team
#TheArtGardenRohingya