(အပတ်စဉ်ကဏ္ဍ)
ချစ်မြေမွေးရပ်က ဝေးသနှင့်
ရေးဖွဲ့သူ - ယျာတင် (ရိုဟင်းသား)
သြော် ... ရက်များကုန်မြန်
အိုးအိမ်မဲ့နှင့်၊ သည်ဒုက္ခဝန်
လေးလံဝန်ပိ
ကံတရားလား၊ ကပ်ဆိုးလား
ခါးသီးလွန်းတယ်၊ အို သန်းပေါင်းဒုက္ခ။
သူ့အရပ်မှာ၊ ထူထပ်စွာနေရသည်
မွေးမြေဌာနေကလည်း ဝေးသနှင့်။
ရွာချသည့်မိုး၊ အငြိုးကြီးမို့
တဲခေါင်မိုးပေါက်သည်
သည်မိုးသည်ရေကလည်း ယိုလျက်နှင့်။
ဥတုနွေလ၊ ရောက်ပြန်ကလည်း
တာပလင်တဲများ
မီးနှယ်ပူကြူး၊ လူကရူးသည်
အရိပ်အာဝါသကလည်း မွဲသနှင့်။
ရာသီပြောင်းလဲ၊ ဆောင်းမြူဝဲချိန်
လွန်ကဲစွာအေး
အနွေးဓာတ်ပေး ရင်ခွင်အေးကို
ဘယ်မှာရှာလို့ တွေ့နိုင်လိမ့်။
သဖြန်
ဟိုဘက်တဲမှာ ငိုသံသည်း
ငတ်မွတ်ခြင်း ဒုက္ခနှင့်
မိတဆိုး ကလေး။
သည်ဘက်တဲမှာ ညည်းသံပြည့်
အဆင်မပြေမှု သိန်းသန်းနှင့်
ဟိုတုန်းက သူဌေး။
အို ... ဒုက္ခသည်ဘဝ
အရွယ်စုံတို့၏ရွှေသည်းများ ပြိုကွဲပါသည်
မိမြေကို လွမ်းသောကြောင့်။
_____________________________________
ကဗျာအမျိုးအစား - ညည်းချင်း သဖြန်
_____________________________________
- ...
တို့လူသား
ရေးဖွဲ့သူ- Ro Anamul Hasan (ကြိမ်ချောင်းသား)
လူ့ပြည်လောက ဒီဇမ္ဗူဝယ်
ဇီဝရုပ်ပိုင်း ကိုယ်အင်္ဂါများ
လူသားအသွင် လူ့မျိုးစိတ်မှ
ထွန်းကားဖေါက်ဖွား ငါတို့လူသား
အသားအရောင် အဖြူအမည်း
ကိုးကွယ်မှုခြား လူမျိုးမတူ
မခွဲမခြား စည်းမခြား၍
တန်းတူညီတူ လွတ်လပ်ခွင့်နှင့်
နိုင်ငံ့အကျိုး ပြိုင်တူထမ်းဆောင်
ထွတ်မြတ်မည်ကား မြန်မာပြည်သာ။
တိုင်းကြီးပြည်နယ် မြို့သူမြို့သား
ရက်ကွက်ကျေးရွာ တောင်ယာခုတ်သူ
မကွဲမပြား မကန့်သတ်၍
မြန်မာပြည်ဖွား လူမျိုးပေါင်းစုံ
အစိုးရပါ ပြည်သူပြည်သား
အကုန်လူသား တို့ထင်မှတ်၍
အမုန်းတရား မနာလိုစိတ်
တို့ကင်းစင်၍ ကိုယ်ရင်းသူနှယ်
ရင်းကြနှီးကြ ဆက်ဆံကြနှင့်
ငြိမ်းချမ်းမည်ကား လူ့ဝန်းကျင်သာ။
ဆင်းရဲသားနှင့် သန်းကြွယ်သူဌေး
ကြားဖြတ်ကာသည့် မာန်မာနစည်း
ပိုက်ဆံတန်ခိုး ကန့်လန့်ကာ၍
နှုတ်ခမ်းမဲ့ပြ အထင်သေးမှု
ထို့သို့နံရံ ခန်းဆီးတပ်ကာ
လူလူချင်းကို ကွဲပြားစေသည့်
လူ့ဓမ္မတာ ဖြစ်မြဲတရားကို
ဆေးကြကြောကြ စင်ကြယ်ကြနှင့်
လူသားများရဲ့ နောက်ဆုံးပန်းတိုင်
သေမင်းသမန် လက်ကမ်းပေးသည့်
သုဘရာဇာ စဏ္ဍာလဆီ
ချဉ်းကပ်မှာကို အောက်မေ့ကြလော။
ဒေသန္တရ အာဏာရှင်များ
အုပ်ချုပ်စိုးမိုး သြဇာလွှမ်းမိုး
အပြစ်မဲ့သူ တိုင်းရင်းသားများ
လူမဆန်စွာ နှိပ်စက်မှုကြောင့်
ရပ်ရွာစွန့်ခွာ ဇာတိနှင့်ဝေး
တစ်ပါးမြေမှာ တိမ်းချောင်နေရင်း
ဒုက္ခသည်ဖြစ် အမည်သစ်နှင့်
ဘဝနိဂုံး တဲလေးအောက်မှာ
ရင်မှာလေးမိ ဖိစီးမှုများ
အဘက်ဘက်က ခွဲခြားခံရ
ထိုသို့လူများ ကိုယ်နှင့်ယိုးမှား
ကိုယ့်လိုဖြစ်အောင် သနားကြလော့။
သူမှားမိ၍ လမ်းမှားလျှောက်လည်း
လမ်းမှန်ရောက်အောင် တွန်းကြပေးလော့။ အမြဲတစေ ကိုယ့်ဘက်မှန်ပြီး
ကောင်းရာဘက်သို့ ညွှန်ကြပေးလော့။
ကိုယ့်လိုလူသား ဒုက္ခရောက်လျှင်
တက်နိုင်သမျှ ကူညီကြလော့။
သူလည်းလူသား ကိုယ်လည်းလူသား
ဆင်တူမှုကို စိတ်နှလုံးထဲ
လေးပစ်သလို မှတ်ယူကြလော့။
မခွဲမခြား မကွဲမပြား တို့လူသားများ
လူသားမြောက်ပါစေ။
Sn.Aug,B-02
10-08-2019
TheArtGardenRohingya